
“အချင်းချင်းစားခွက်လုရင်း အဝေမတည့်ကြတော့တဲ့ စစ်ခွေးတသိုက်”

‘အိမ်ရှေ့စံ မိုးမြင့်ထွန်း’
မိုးမြင့်ထွန်းဟာ စစ်တပ်အတွင်းမှာလည်း စစ်ဦးစီးအရာရှိချုပ် (ကြည်း) အဖြစ် တာဝန်ယူထားပြီး စစ်တပ်မှာ နံပါတ် (၆) နေရာ ရှိသူတဦးလည်းဖြစ်ပါတယ်။ အာဏာသိမ်းစကာလကဆိုရင် မင်းအောင်လှိုင်ရဲ့ အရိုက်အရာကို ဆက်ခံမယ့် အိမ်ရှေ့စံလို့တောင် တပ်မတော်အသိုင်းအဝိုင်းမှာ နာမည်ကြီးခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ စီးပွားရေးအရ အရေးပါတဲ့ နေရာတွေဖြစ်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ (FESC) ဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌနဲ့ ရွှေနှင့်ငွေကြေးဈေးကွက် ထိန်းသိမ်းကြပ်မတ်ရေးကော်မတီတွေမှာလည်း မိုးမြင့်ထွန်းတယောက် တာဝန်ယူခဲ့ပါတယ်။ မိုးမြင့်ထွန်းဟာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) ရဲ့ ဒါရိုက်တာတဦးလည်းဖြစ်တယ်လို့ သိရပါတယ်။
‘အစားမတော်တလုပ်’
မိုးမြင့်ထွန်းဟာ အကြမ်းဖက်စစ်တပ်ရဲ့ စီးပွားရေးရာထူးတွေ ယူပြီးတဲ့နောက်မှာ အငမ်းမရ လာဘ်စားပါတော့တယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ၎င်းနဲ့တွေ့ဆုံဖို့အတွက်ကို ဒေါ်လာ ၂၀,၀၀၀ အသားတင်ပေးရတာမျိုးတွေရှိသလို တနှစ်ကို ဒေါ်လာ ၁ သိန်းနဲ့ စားသုံးဆီ တန်ချိန် ထောင်နဲ့ချီပြီး လာဘ်လာဘပေးရတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ အဆိုပါ စစ်ခေါင်းဆောင်ဟာ ၇၅၀ မီလီလီတာ တပုလင်းလျှင် အမေရိကန်ဒေါ်လာ ၄,၀၀၀ တန်ကြေးရှိ Louis XIII Cognac ကော့ညက်အရက်ကို လွန်စွာ သဘောကျကြောင်းလည်း သိရပါတယ်။ စစ်အာဏာသိမ်းခေါင်းဆောင်ဖြစ်တဲ့ မင်းအောင် လှိုင်အနေနဲ့ အာဏာသိမ်းကာလ ကြာမြင့်လာတာနဲ့အမျှ အချင်းချင်းဇာတ်တူသား စားတာမျိုးတွေကို ခပ်စိတ်စိတ် လုပ်လာတဲ့အချိန်မှာ စစ်တပ်နဲ့အပတ် အသက် ဘယ်သူ့ဘယ်သူမှ သေချာရေရာတဲ့ အနေအထားမှာ မရှိပါဘူး။ စစ်အရာရှိကြီးတွေကြားထဲ ခေါင်းပြားအောင်တောင်မ အိပ်နိုင်တဲ့အနေအထားမှာပါ။ အဲဒီလိုအနေအထားမှာရှိတဲ့အတွက် မသေချာတဲ့အနာဂတ်ကို ရှေးရှုပြီးတော့ မိုးမြင့်ထွန်းတယောက် အစားအသောက် ကြမ်းသွားပုံရပါတယ်။ ဇူစကာပုဏ္ဏား စားပိုးနင့်ပြီး သေဆုံးရသလိုပါပဲ။ မင်းအောင်လှိုင်လည်း သူ့လူသူ မနိုင်တော့တဲ့အခြေအနေမှာ မဖြစ်မနေ ဖမ်းဆီးထိန်းသိမ်းလိုက်ပုံရပါတယ်။ ဒီလို ထိန်းသိမ်းရတဲ့အတွက်လည်း မင်းအောင်လှိုင်ရဲ့အာဏာစက် အကန့်အသတ်ရှိပုံရပါတယ်။
‘မင်းအောင်လှိုင်ရဲ့ အာဏာစက် ဘာကြောင့်အကန့်အသတ်ရှိရလဲ’
စစ်အာဏာသိမ်းမှု အစောပိုင်းကာလကတည်းက မင်းအောင်လှိုင်ဟာ ဘယ်သူ့ဘယ်သူကိုမှ ဂရုမစိုက်ဘဲ အရပ်သားပြည်သူလူထုကို အကြမ်းဖက်နှိပ်စက် တာတွေ၊ သတ်ဖြတ်တာတွေကို ပြုလုပ်ခဲ့ပါတယ်။ အာဏာမသိမ်းခင် ကာလကတည်းက တပ်ထဲမှာ ရာထူးအပြောင်းအလဲတွေ၊ မင်းအောင်လှိုင်နဲ့ စစ်တက္ကသိုလ်အပတ်စဉ် မတိမ်းမယိမ်းတွေ၊ ခေတ်ပြိုင်တွေအားလုံးကို အကွက်ကျကျ ဖယ်ထုတ်တာမျိုးတွေကို တောက်လျှောက်ပြုလုပ်လာခဲ့ပါတယ်။ အဲဒီလိုပြုလုပ်လာရင်းနဲ့ပဲ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့ ကစထ (၆) မှူး ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်တို့ဟာ မင်းအောင်လှိုင် အားထားလာရတဲ့ လူရင်းတွေဖြစ်လာပါတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး။ သူ့ရဲ့လူရင်းတွေကို ဇာတ်တူသား ပြန်စားခဲ့ရပြီး သူ ချောင်ထိုးခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ပြန်သုံးရပါတော့တယ်။ တေဇကျော်ကို စစ်ရေးအရ အရေးပါတဲ့ ကစထ (၁) မှူးနေရာကနေ ဖယ်ရှားလိုက်ရတာ၊ စိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးကနေ ဖယ်ရှားပြီး နိုင်ငံတော်အင်္ဂါစဉ်အရ အရေးမပါတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှာ နေရာ ကြံဖန်ပေးလိုက်ရတာ၊ အခု မိုးမြင့်ထွန်းကို စစ်ဆေးပြီး ဖယ်ရှားလိုက်ရတာတွေကို မဖြစ်မနေ လုပ်လိုက်ရပါတယ်။ စီးပွားရေးနဲ့ဆိုင်တဲ့ ရာထူးတွေက အထုတ်ပယ်ခံလိုက်ရတယ်လို့သိရပြီး စစ်ဦးစီးအရာရှိချုပ် (ကြည်း) နေရာကနေ ဖယ်ရှားခံရ မခံရတော့ မသေချာသေးပါဘူး။ မင်းအောင်လှိုင်အနေနဲ့ ယခုလို မတတ်သာဘဲ ဖယ်ရှားနေရတာဟာ စာဖတ်နေသူကြီးနဲ့ ဆရာတပည့်တွေရဲ့ ဩဇာကို မလွန်ဆန်နိုင်လို့လားဆိုတာ စဉ်းစားစရာပါ။
‘စာဖတ်နေသူကြီးနှင့် မင်းအောင်လှိုင်တို့ဇာတ်လမ်း’
မင်းအောင်လှိုင်ဟာ တပ်တွင်းမှာ သူ့အာဏာကို စိန်ခေါ်သူတွေအဖြစ် မှတ်ယူခဲ့တဲ့ စာဖတ်နေသူကြီးရဲ့ လူတွေကို တောက်လျှောက်ချောင်ထိုးခဲ့ပြီး မောင်အေးရဲ့လူတွေကိုပဲ သူ့ဘေးမှာ တောက်လျှောက်ခေါ်သုံးခဲ့တာပါ။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကစထ (၁) မှူး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး၊ လက်ရှိ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ်ရုံး ဒုတိယအရာရှိချုပ် ဗိုလ်ချုပ်တိုးရီ၊ လက်ရှိ ဖမ်းဆီးခံထားရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတို့ဟာ ဒုချုပ်ဟောင်း မောင်အေးရဲ့လူများ ဖြစ်ကြပါတယ်။ မိုးမြင့်ထွန်း၊ ကိုကိုဦးနဲ့ ကျော်စွာလင်းတို့ဟာ ဗိုလ်ချုပ်မောင်အေးရဲ့ ကိုယ်ရေးအရာရှိ လုပ်ဆောင်ခဲ့သူများ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သူ့ဓာတ်ပုံကို ရှိခိုးပြီးအိပ်တဲ့ မိုးမြင့်ထွန်းကို ဖမ်းဆီး ထိန်းသိမ်းလိုက်ရပြီးနောက်မှာ သူချောင်ထိုးခဲ့ရတဲ့ မြထွန်းဦးကို ပြန်ပြီး ခန့်အပ်လိုက်ရတာပါ။ မြထွန်းဦးဟာ စာဖတ်နေသူကြီးရဲ့ လူရင်းတဦးဖြစ် ပြီး သမ္မတဦးသိန်းစိန်လက်ထက်မှာလည်း စရခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတဦးဖြစ်ပါတယ်။ မြထွန်းဦးအပြင် စာဖတ်နေသူကြီးရဲ့ လူရင်းတဦးဖြစ်တဲ့ သန်းဆွေကိုလည်း နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခေါ်ဆိုခန့်အပ်ခဲ့ရပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ လက်ဆွဲတော် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝဏ္ဏမောင်လွင်ကို နစကအဖွဲ့ဝင်အဖြစ် ခန့်အပ်ပြီး ချောင်ထိုးလိုက်ရတာပါ။ ဒီဖြစ်စဉ်တွေကိုကြည့်ရရင် စစ်တပ်ထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ အာဏာစက် လျော့ကျလာပြီး စာဖတ်နေသူကြီးရဲ့ဩဇာ ပြန်လည်မြင့်တက် လာတဲ့ အနေအထားမှာရှိပါတယ်။
‘ဟင်္သာကိုးသောင်းဇာတ်လမ်း’
ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နောင်စိုးကစပြီး မီးခိုးကြွက်လျှောက် တောက်လျှောက်လောင်ခဲ့တာဆိုရင်ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးညွန့်အောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေ၊ စားသုံးဆီဥက္ကဋ္ဌ ဦးဆန်းလင်း၊ စက်သုံးဆီဥက္ကဋ္ဌ ဦးအေးဝင်း၊ ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော်၊ ထူးကုမ္ပဏီမှ ပြည့်ဖြိုးတေဇ၊ ထူးထက်တေဇ၊ DDPC ဥက္ကဋ္ဌ အဏ္ဏဝါလွှမ်း ဦးခင်စိုး၊ ဆီကုန်သည် ဦးအေးစိန်၊ ဦးမြင့်ကြူ၊ ဦးဝမ်ထိုက်၊ ဦးထွန်းထွန်းဝင်း စသဖြင့် ဖမ်းဆီးစစ်ဆေးခံခဲ့ရတာပါ။ ရွှေဗျိုင်းဖြူလုပ်ငန်း ဆိုလို့ရှိရင် မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်နဲ့ ATOM ဆက်သွယ်ရေးလုပ်ငန်းမှာ အကျိုးတူ ဖက်စပ်ပါဝင်နေကြတဲ့ လုပ်ငန်းတခုပဲ ဖြစ်ပါတယ်။ အဲဒီလို အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ အကျိုးစီးပွားချင်း ဆက်နွယ်လာပေမယ့် ယခုလိုကိစ္စတွေမှာ မဖြစ်မနေ စစ်ဆေးနေရတာဟာ အာဏာသိမ်းစစ်ခေါင်းဆောင်အနေနဲ့ အာဏာအကန့်အသတ် ရှိနေတယ်ဆိုတာကိုလည်း ပြသသလို ဟင်္သာကိုးသောင်းချင်း အပြန်အလှန်သတ်စားသလိုပဲ အကျိုးတူမိတ်ဆွေအချင်းချင်းပဲ ဖော်စားကြမလားဆိုတာကို မိဘပြည်သူများ ဆက်လက်စောင့်ကြည့်ဖို့သာရှိပါတော့ကြောင်း။
Be the first to comment