အချစ်နဲ့ တနေ့တာ

ညီလင်းအိမ်

by The Call
0 views
“အချစ်နဲ့ တနေ့တာ”
◾️ ညီလင်းအိမ်
ကျနော်တို့တွေအများစုကို အရသာနှစ်ခု ရွေးချယ်ခိုင်းမယ်။ ချိုတဲ့ အရသာနဲ့ ခါးသက်တဲ့ အရသာ။ ဘယ်ဟာပိုကြိုက်လဲ မေးရင် အများစုက ချိုတဲ့အရသာကို ‌ရွေးကြမယ် ထင်ပါတယ်။ ဒါပေမဲ့ အဲဒီ အရသာနှစ်ခုကို မျိုချလိုက်တဲ့အခါမှာတော့ ဘယ်အရာက သင့်ရဲ့ လျှာပေါ်မှာ ပိုမိုစွဲမြဲစွာ ကျန်မယ် ထင်ပါသလဲ။ တချို့သော ရုပ်ရှင်တွေကလည်း အဲလိုပါပဲ။ ဟာ ကြည့်နေရတာ ဘာမှန်းလဲ မသိဘူးကွာ။ မိနစ်လေးဆယ်လောက်ရောက်လာနေပြီ ဘာအဓိပ္ပါယ်မှန်းလဲ မသိလို့ မှတ်ချက်ပြုချင် ပြုနေမိလိမ့်မယ်။ သို့ပေမဲ့ နှစ်နာရီစာလုံးလုံးပြီးသွားမှ ခါးသက်တဲ့အရသာဟာ လျှာပေါ်မှာ စွဲထင်ရစ်သလို ကျန်ခဲ့တာမျိုး ဖြစ်သွားတတ်တယ်။ ခု ရုပ်ရှင်ဟာလည်း အဲဒီလိုမျိုးပါပဲ။ ဒီရုပ်ရှင်မှာ ဘယ်ကဲ့သို့သော ဇာတ်အိမ်ကျယ်ပြန့်မှုမျိုးရယ်လို့မှ မပါပါဘူး။ လမ်းခွဲထားလေပြီးသော ရည်းစားဟောင်းစုံတွဲနှစ်ယောက် ဆိုးလ်မြို့ထဲ ပတ်သွားကြတဲ့ အကြောင်း တနေ့တာကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။
ကင်ဟီစွန်းနဲ့ ဂျိုဗြောင်ဟွန်းတို့က အရင်က Relationship တခုရှိခဲ့ဖူးပေမဲ့ လမ်းခွဲပြတ်စဲကြပြီးပြီ။ ဒါပေမဲ့ ခက်တာက ဂျိုဗြောင်ဟွန်းက သူမဆီကနေ ပိုက်ဆံတွေချေးထားပြီး တနှစ်အတွင်း ပေးပါ့မယ်လို့ ကတိခံထားရာကနေ လာမပေးလို့ သူ့ဆီကို အကြွေးလာတောင်းတယ်။ ရှစ်စပ်က ဂျင်ခြေလည်ရင်း လည်လွန်းလို့ ချီးသင့်နေပုံရတဲ့ ဆရာသမားမှာ အကြွေးလာတောင်းတော့ ပေးစရာ ပိုက်ဆံမရှိဘူး။ ဒါကြောင့် သူခေါ်ရာနောက်ကို လိုက်ခဲ့ပေး။ အဲကနေ ပိုက်ဆံတွေ တောင်းပေးပြီးတော့ အကြွေးပြန်ဆပ်မယ် ဆိုတာကနေ သူမမှာ ရည်းစားဟောင်း ခေါ်ရာနောက်ကို လိုက်ခဲ့ရတယ်။
ရုပ်ရှင် ပလော့ပ်သွားက ဒါပဲ။ ဆိုတော့ ကျနော်တို့ အနေနဲ့ ပျင်းမယ်ဆိုလည်း ပျင်းလို့ရတယ်။ ဘာမှစိတ်ဝင်စားဖွယ် ဇာတ်အိမ် အလှည့်အပြောင်းလို့လည်း မပါဘဲ သူတို့နှစ်ယောက်အကြွေးတောင်းကြတဲ့အကြောင်းကို ထကြည့်ရမှာကိုး။ Road Film လို့ ရေးထားလို့ ကြည့်ဖူးနေကြ Road Film တွေလို ရှူခင်းလှလှတွေ၊ တောတောင်ရေမြေတွေကိုလည်း မြင်ရမှာ မဟုတ်ဘူး။ ဒီ ဆိုးလ်မြို့ တနံတလျားထဲ လျှောက်သွား၊ ကားမောင်းတာကိုပဲ ကြည့်ရမှာ။ ဒါကို ကြည့်ရင်းနဲ့ပဲ ကျနော်တို့က ကင်ဟီးစွန်း ဆိုတဲ့ အမျိုးသမီးဇာတ်ရုပ်ရဲ့ အမြင်ကနေပဲ သူမအကြွေးတောင်းချင်တဲ့ ရည်းစားဟောင်းကောင်ရဲ့ စရိုက်ပကတိကို ဖြေးဖြေးညင်းကလေး စိတ်ဝင်စားဖွယ် ရှုမြင်လာရင်းနဲ့ ရုပ်ရှင်ထဲကို စီးမျောသွားရမှာ ဖြစ်တယ်။
စကားမစပ် ဒီထဲက ဗြောင်ဟွန်းကို မြင်ရတော့ ကျနော့်ငယ်ဘဝက ဘော်ဒါတကောင်ကို သတိရတယ်။ အသားမည်းမည်း၊ ရယ်လိုက်ရင် သွားအဖြူတန်းကိုပဲ လုံးလုံးမြင်ရတဲ့ ကိုယ့်ဆရာ။ သူ့တကိုယ်လုံးမှာလည်း ကြည့်ကောင်းတာ အဲဒီသွားတန်းကလေးပဲ ရှိတာ။ ဒါကိုက သူ့ရဲ့ အကောင်းဆုံး အလှတရားလို့ပဲ ပြောရမလား မသိ။ ကျနော်တို့တွေ သူ့ကို နှစ်ပြားမတန်အောင် မှိုချိုး မျှစ်ချိုးပြောလည်း ဘယ်တုန်းကမှ စိတ်ဆိုးတဲ့ ပုံစံ မရှိ။ ကျနော်က နိုင်လွန်မင်းကျင့် အမူအယာနဲ့ သူ့ရဲ့ အင်္ကျီ လည်တောင်တွေ ဘာတွေကို ဆွဲပြီး ထိုးမယ် ကြိတ်မယ် ဟန်ပြင်လိုက်လည်း အဲဒီ အလုံးစုံပေါ်လွင်နေတဲ့ သွားတန်းကလေးနဲ့ပဲ ရယ်ကျဲကျဲလုပ်ပြီး မင်းလုပ်ချင်လုပ်ကွာလို့ တုံ့ပြန်တတ်လို့ နိုင်လွန်မင်းကျင့်လုပ်ဖို့ ရည်ရွယ်ထားတဲ့ ကျနော်တို့မှာတောင် လုပ်မရတော့ဘဲ ကိုယ့်ဘာသာ ချက်ချင်း နောင်တရတဲ့ အတွေးတွေ ဝင်သွားရတာမျိုးလေ။ မခံချင်အောင် တဦးတည်းသော သူ့ညီမကို မင်းနှမ ငါ့ပေးမလား စလို့ ပြောလည်း စိတ်ဆိုးမယ် မထင်နဲ့။ ငါကိုယ်တိုင် ရည်းစားစာ ရေးပေးမယ် ဆိုပြီး လုပ်တတ်တဲ့ အကို။ ပြောရရင် တကယ့်ကောင်။ သူ့ဘဝမှာ လက်ရှိကာလအထိ ကြားသိရသလောက် အချိုးအကွေ့တွေ အများကြီး ကြုံတာသိရပေမဲ့ ပြန်ဖောက်သည်ချတဲ့ ဘော်ဒါများရဲ့ စကားအရကတော့ ဒီကောင်က တို့တွေကျောင်းသားဘဝက အတိုင်းပါပဲကွာ။ အမြဲပြုံးဖြဲဖြဲပဲ။ ဘာမှ မပြောင်းလဲဘူး လို့ပဲ သိရတယ်။ တကယ်တော့လည်း အားလုံးသိကြတဲ့အတိုင်း ကျနော်အပါအဝင် လူသားအများစုတိုင်းဟာ ဒုက္ခတွေ အဆင်မပြေမှုတွေ ကြုံလာတဲ့အခါမှာ ပြုံးရွှင်ပေါ့ပါးတဲ့ စိတ်ပကတိနဲ့ တုံ့ပြန်ဖြတ်သန်းဖို့ဆိုတာဟာ အရမ်းခဲယဉ်းတဲ့ ကိစ္စမဟုတ်လား။ တက်ကျမ်းတွေ၊ နီတိတွေထဲမှာသာ ဖတ်နေတုန်းတော့ အားကျစရာ လိုက်နာမယ် ဘာညာရှိပေမဲ့ ဘဝလောကဓံနဲ့ ပက်ပင်း တွေ့ကြုံ ခံစားရတဲ့အခါမှာ အဲဒီက ဆုံးမစာတွေ၊ မိုတီဗိတ် စပီကာတွေဟာ ဘာတခုမှ ခေါင်းထဲကို ရောက်လာလေ့ မရှိပါဘူး။
သူမ‌အနေနဲ့လည်း ဒီသကောင့်သားကို အလေနတောကောင် သူ့ကို သမီးရည်းစားဖြစ်ခဲ့တာနဲ့ပဲ ပိုက်ဆံပြန်မပေးလို့ ဖြစ်မလား အတွေးနဲ့ လာတောင်းတာ။ ရစရာရှိသမျှ ပိုက်ဆံကို မရရအောင် တောင်းမယ်။ ပြီးရင် ပြန်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးနဲ့ ဆုံခဲ့တာ။ သူ့ကိုတွေ့တော့ အရင်ကလိုပဲ ပြုံးဖြဲဖြဲ မျက်နှာနဲ့ ဘာတခုမှ အပူအပင် မရှိတဲ့ပုံ။ မျက်နှာငယ်နဲ့ တောင်းပန်ပြီး ရှောင်ပြေးဦးမယ် ထင်တာ။ ထင်သလို ဖြစ်မနေ။ သူခေါ်ရာနောက်ကို လိုက်ခဲ့။ ပိုက်ဆံတွေ ပြန်ရစေရမယ်တဲ့။ ဟီစွန်းမှာ ဒင်းခေါ်ရာနောက်ကို လိုက်ရင်း အံ့ဩရတယ်။ ဘာလို့လဲဆိုတော့ ဒီဆိုးလ်မြို့ တခုလုံးက အမျိုးသမီး မှန်သမျှနဲ့နဲ့မျှ သိကျွမ်းနေသူလားပေါ့။ တကယ်က သူမထင်မှတ်တာက ဒီကောင်တော့ ရစရာရှိတဲ့ အကြွေးတွေ လိုက်တောင်းပြီး ပြန်ဆပ်ပေးမယ် ထင်မိတာ။ တကယ်တော့ ဟုတ်မနေဘူး။
သူပတ်သက်ဖူးသမျှ ရည်းစားဟောင်းတွေဆီကနေ ပိုက်ဆံ ပြန်လိုက်ချေးတာပဲ။ အံ့အားသင့်စရာကလည်း ဒင်းကို သူတို့အားလုံးက ကြည်ကြည်ဖြူဖြူနဲ့ ပိုက်ဆံထုတ်ပေးကြတာ။ တကယ်ဆို ဒီလိုခေတ်မျိုးထဲမှာ အရွယ်ရောက်ပြီးသား လူတယောက်အနေနဲ့ ပုံမှန်ဝင်ငွေရှိရမယ်။ ကောင်းမွန်တဲ့ အလုပ်အကိုင်တခုကို ပိုင်ဆိုင်ထားရမယ်။ ဒါမှ အိမ်ထောင်တခု ဘဝတခု တည်ဆောက်မယ် ဆိုရင်လည်း အဆင်ပြေမှာလို့ သူမက အဲဒီအယူအဆအတိုင်း ကျင့်သုံး နေထိုင်သူတယောက်။ ဒီစိတ်နဲ့ပဲ လက်တွဲတော့မယ် ကြံရွယ်ထားတဲ့ တယောက်နဲ့လည်း လမ်းခွဲပြီးပြီ။ သူမ ထင်ခဲ့တာမျိုးက အတိတ်ကာလတုန်းကတော့ ရည်းစားဟောင်း ဗြောင်ဟွန်းအနေနဲ့ မရင့်ကျက်တဲ့ ပုံစံ ရှိခဲ့တဲ့တိုင်အောင် လက်ရှိကာလမှာတော့ ပြောင်းလဲလောက်ပြီ လို့ မှတ်ထင်ခဲ့မိတာလေ။
ခုတော့ မဟုတ်ပြန်။ သူဟာ ဘဝဆိုတာကို ဟာသရုပ်ရှင်ကြည့်နေရသူလို ဖြတ်သန်းနေသူ။ ပေါ့ပေါ့နေနေ ပေါ့ပေါ့စားသမားလို့ပဲ အထင်သေးပစ်လိုက်မိတာ။ အသိတယောက်နဲ့ သူ့အကြောင်းကို အတင်းပြန်တုပ်မယ်ပြုတောင် အေးဟယ် ဒီလိုကောင်မျိုးကို ရုပ်ကလေးသနားကမား ရှိလို့ ငါ့လို ခဏကြိုက်မိတာ ထားပါဦးတော့။ သူ့နောက်မှာ ငါက ငုတ်တုတ်ကြီးပါလာနေတာ။ ဒါကိုတောင် အဲကောင်ကို အမြင်ကတ်တဲ့ ပုံ တစက်ကလေးမှ မရှိဘူး။ သူတို့ ပိုက်ဆံကို လိုလိုလားလား ထုတ်ပေးကြတာ။ အံ့ဩလို့ကို မဆုံးဘူး သိလား စလို့ မှတ်ချက်ပေးရမယ့် လူတန်းစား။
ဒါပေတဲ့ သူမ သိလာတာက ဗြောင်ဟွန်းကို ဒင်းတို့တွေ ဘာကြောင့် သဘောကျကြတာ။ ဘာဖြစ်လို့ အမျက်သို မမုန်းတီးကြသလဲဆိုတဲ့အကြောင်းအရာတွေ။ သူက ဘယ်သူနဲ့ တွေ့တွေ့ မွန်မွန်ရည်ရည်နဲ့ ပြုံးပြနှုတ်ဆက်ဖို့ ဝန်မလေးတာတွေ။ ပြီးတော့ လက်ရှိဖြစ်ပျက်နေတာတွေကိုလည်း ဟန်ဆောင်တတ်မှုမရှိ ဝန်ခံပြောဆိုတတ်တာ။ နောက် ပေါ့ပေါ့ပါးပါးနဲ့ ဖင်ပေါ့ပြီး တဖက်သား လိုအပ်သမျှကို မဆိုင်းမတွ ထလုပ်ပေးတာ။ ဆိုပါစို့ ပလက်ဖောင်းစင်္ကြန်မှာ မတ်တတတ်ရပ်နေတုန်း သူမဖိနပ်ကြိုးတွေ ပြုတ်ထွက်နေတာကို ချက်ချင်း ဒူးထောက်ပြီး ချည်ပေးတာတို့။ ကောင်မလေးခပ်ငယ်ငယ် တယောက်ဆီကို ပိုက်ဆံသွားချေးတော့လည်း ရန်လုပ် မောင်းထုတ်မယ် ထင်နေခဲ့တာ။ ဟိုဘက်က ကောင်မလေးက ကြည်ကြည်ဖြူဖြူနဲ့ ရန်မထောင်တဲ့အပြင် ဗြောင်ဟွန်းလို အစ်ကိုမျိုးကို ရှင်မို့လို့ အကြွေးပြန်တောင်းရက်တယ်တဲ့။ ကက်ကက်လန် ရန်တွေ ပြုလို့။ သူမကလည်း ဘယ်ခံမှာတုန်း။ အဲဒီလိုတွေဖြစ်ကြတော့ ဒင်းက မျက်နှာငယ်ကလေးနဲ့ သူတို့နှစ်ယောက်ကို ဒူးတွေထောက်ပြီး ဂျေဆွန်ဂမ်ဆမ်မီတာ ဂျေဆွန် ဂမ်ဆမ်မီတာ တဲ့။ ဒင်းမှာက သိလိုက်တဲ့ လူတွေကလည်း စုံလို့။ ပြီးတော့မသိ မတတ်တာလို့လည်း မရှိ။ မြင်းပွဲကြောင်း ပြောရမလား။ ဂေါက်ရိုက်ကြောင်း ပြောရဦးမလား။ ကျန်းမာရေးဆိုင်ရာ အလှအပကြောင်း ပြောရဦးမလား။
ဒီလိုနဲ့ သိလာတာက သူလည်း ဘဝကို နိုင်သမျှ ထမ်းခဲ့တာပဲ။ သူထမ်းပုံမျိုးက သူမတို့တွေလို ငါ့တမိုးအောက်လုံဖို့အရေးအတွက် လုပ်သင့်လုပ်ထိုက်တာ ဘာမဆို လုပ်ရမှာပဲဆိုတဲ့ ပုံစံမျိုး မဟုတ်ဘူး။ သူက သူနဲ့ ထိစပ်မိသူမှန်သမျှကို ပျော်ရွှင် နွေးထွေးစေလိုတာ။ ဒိအတွက် သူ့ဘက်က ဘာပေးရပေးရ အနှမြောအတွန့်တိုလည်း မရှိတဲ့ သူ။ မင်းဘက်ကဟာတော့ ငါ ရရသလို နှိပ်လိုက် ၊ ရိတ်လိုက်ဦးမယ်။ ငါ့ဆီက တပြားမစဉ်းစားနဲ့ ပုံစံမျိုး မဟုတ်။ သူဟာ ဒီလို အရာရာငွေနဲ့ချိတ်ဆက်ထားမှ အသက်ဝဝ ရှုခွင့်ရမယ့် မြို့ပြလေအတုတွေအကြားမှာ အဲဒီလိုကြီးပဲ ဘဝကို ဘယ်လို မာနတွေ၊ ဒေါသခက်ထန်မှုတွေ၊ ဟိတ်ဟန်တွေ တခွဲသားကြီးနဲ့ ဖြတ်သန်းခဲ့တာမျိုး မဟုတ်ဘူး။ ဒီအပြုံးတွေ၊ အလုံးစုံ နှိမ်ချထားတာတွေ၊ သူ့အပေါ်ကို နှစ်ပြားမတန်သလို ပြောလည်း ဒေါသထွက်ရကောင်းမှန်းမသိဘဲ ဟုတ်ကဲ့ ခင်ဗျနဲ့ပဲ တုံ့ပြန်ရင်း သူ့လက်ရှိဘဝကို ကျေကျေနပ်နပ် ခံယူထားတာတွေ။ သူနဲ့ ထိစပ်သူမှန်သမျှ အခက်အခဲတွေ့ရင်လည်း အင်္ကျီပေါင်ပေးပြီး ကူညီလို့ရရင်လည်း ကူညီပေးမှာမျိုးတွေ။ နောက် သူက တခုခုလိုအပ်လို့ အကူအညီတောင်းရမှာမျိုးဆိုလည်း မရှက်မကြောက်နဲ့ဘဲ ပြောဆို အကူအညီတောင်းခံမယ့်သူ။ ဒါတွေကြောင့် သူ့ကို အဲဒီလူတွေက မငြိုမငြင်ဘဲ ပြန်ပြီးကူညီကြတာမှန်းကို နားလည်မိလာတယ်။ သူမကိုယ်၌မှာတော့ သူနဲ့ အရာအားလုံး ဆန့်ကျင်ဘက် ဖြစ်နေတာ မဟုတ်လား။
ဘဝကို မာနတွေ၊ မခံချင်စိတ်တွေနဲ့ အရှုံးမပေးဘဲ ဖြတ်သန်းတတ်မှ ဒီလိုခေတ်မျိုးမှာ ရပ်တည်လို့ ရမှာမျိုးဆိုတဲ့ အတွေးနဲ့ ခုအခြေအနေဖြစ်နေတာလေ။ မှန်ကို လှမ်းကြည့်မှ သူမမျက်နှာက မီးဖိုပေါ်မှာ အချိန်အကြာကြီး တည်ထားမိလို့ အပေါ်ယံ အမြှေးပါးတက်ပြီးတော့ အေးစက်တောင့်တင်းသွားတဲ့ နွားနို့တွေလို အသက်မဲ့နေတော့တာကို နားလည်လိုက်မိတယ်။ ဒါဆိုရင် ဘဝဟာ ဘယ်လို ခံယူမှုမျိုးနဲ့ ဖြတ်သန်းမှ အမှန်လဲ။ သူမရဲ့ လက်ရှိဘဝ ရှင်သန်ရပုံကရော မှန်ကန်တဲ့ ဘဝနေနည်းတရပ်လို့ မခေါ်ထိုက်ဘူးလား။
ဒီလိုအတွေးမျိုးတွေနဲ့ သူ့ကို လှမ်းကြည့်တော့ သူကတော့ မနက်ဖြန် ကမ္ဘာပျက်တောင် လေချွန်မပျက်တဲ့ ဟန်ပန်မျိုးနဲ့ ပြုံးပြုံးရွှင်ရွှင် သဏ္ဍာန်ပါပဲ။ သူမရှိရာဆီကို လျှောက်လာနေတယ်။ ခုတရက်တာထဲမှာ ပိုက်ဆံပြီးပြတ်အောင် ရဖို့ ဘယ်လိုတောင် ဆက်သွားရမယ် မသိတော့ဘူး။
ရုပ်ရှင်ရည်ညွှန်း- My Dear Enemy Movie (2008)

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment