အချစ်ရှိခဲ့သောနှစ်များ

‘အချစ်ရှိခဲ့သောနှစ်များ’
◼️ ညီလင်းအိမ်
နှစ်ကူးတော့မယ့် ဆောင်းညနှောင်းရဲ့ နှင်းတွေက ပုံမှန်အတိုင်းပဲ ဝေ့ဝေ့ဝဲဝဲ။ နှင်းတွေဆိုင်းနေတဲ့ ကောင်းကင်ကို ကြာရှည်ငေးမကြည့်နိုင်။ အပြင်မှာ အေးလာလို့ အခန်းထဲကို ပြန်ဝင်မိပြန်ပေမဲ့ အနွေးဓာတ်တွေက ဘယ်မှာ ကျန်ရစ်ခဲ့ပြီလဲ မသိ။ ကျနော်ဟာ ဘယ်သောအခါမှ အသက်ကြီးမလာတော့မယ့် အမျိုးသမီးတယောက် အကြောင်းကို တွေးနေမိတယ်။ သူမအတွက်တော့ ရာစုတခုကြာတဲ့အထိ ခုလို ဦးလည် မသုန် ဖြတ်သန်းနေရမယ့် ရာသီကျော့ကွင်းများရဲ့ ‌မြင်ကွင်းတွေကို ငေးရီနိုင်ပါ့မလား။ ငေးရီရင်း ကြည်နူးစိတ်တွေ၊ လွမ်းစိတ်တွေ ဖြစ်ပါတော့မလား သူမနေရာကနေ ကြံဆနေမိတယ်။
တကယ်ဆို ဘဝကြီးက ကျနော်တို့ကို ကြိတ်ဖတ်ခေါက်ဆွဲကြော်တပွဲကို ‌နေ့စဉ်စားသုံးရတဲ့ ငြီးငွေ့မှုလိုမျိုး စနစ်တကျ စီစဉ်ထားပြီးသားပဲ။ တင်းရင်းပျိုမျစ်တဲ့ အရွယ်ကို ဝင်ရောက်တပ်မက်ဖို့အတွက် လူတွေကို ပြောင်းလဲဖွံဖြိုးလာတဲ့ ဟော်မုန်းတွေကနေတဆင့် စတင် ဆွဲခေါ်စေတယ်။ ပြီးရင်တော့ ဖြေးဖြေးညင်းညင်းကလေးနဲ့ပဲ ရေသောက်မြစ်ကို တီတီကလေးဖြတ်ခံထားရတဲ့ သစ်ပင်တပင်ရဲ့ တတိတိနဲ့ သွေ့ခြောက် လဲပြိုသွားသလိုမျိုး ကျနော်တို့ဟာ ဒီသဘာဝကြီးထဲကနေ မှိန်ဖျော့ ပျောက်ကွယ်ကြရတာ မဟုတ်လား။ ပျိုမျစ်ခဲ့စဉ်တုန်းက စိတ်သွားတိုင်း ကိုယ်ပါရတဲ့ ခန္ဓာကြီးရဲ့ ညှိုးနွမ်းရင့်​ရော်လာမှုကနေ လူဖြစ်ရခြင်းအမှုကို ပြန်ပြီးတော့ နာကျင်ရမယ်။ ငြီးငွေ့လာရမယ်။ နောက်တော့ လဲပြိုပြီးတော့ပဲ ရပ်တန့်လိုက်ချင်တော့တယ်။ ဒါကိုတောင် လူသားတွေဟာ သိသိရက်နဲ့ ‌မိမိတို့ရဲ့ သက်တမ်းကလေးကို ရသလောက် ဆွဲဆန့်ချင်ကြတယ်။ ပျိုမျစ်ခဲ့ရတဲ့ ဘဝကို နည်းလမ်းအမျိုးမျိုးနဲ့ ဖုံးဖိ တိုးဝင်ရင်း မိမိကိုယ်ကိုယ် ဟန်ဆောင်တတ်ကြတယ်။
ဒီအမျိုးသမီးကတော့ အဲဒီလူတွေ ကျနော်တို့ လူသားအများစုတိုင်း လိုချင်ကြတဲ့ ဘယ်တော့မှ မအိုတော့တဲ့ ဘဝကို ပိုင်ဆိုင်သွားရတယ်။ ဒါပေမဲ့လည်း ကျနော်အထက်က ပြောခဲ့သလို ဘဝဟာ မအိုမင်းသွားရတာနဲ့ပဲ ပျော်ရွှင်ရတယ်။ ကံထူးသော ဘဝဆိုတာ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ လူ့ဘဝကြီးက အတွင်းသားထဲကို နက်နက်ရှိုင်းရှိုင်း တိုးဝင်မိလာလေ နာကျင်စရာ၊ စိတ်ကုန်စရာ၊ ကြေကွဲဝမ်းနည်းစရာ ဖြစ်ရပ်တွေနဲ့ပဲ လည်ပတ်နေတယ်ဆိုတာကို သိလာရတာပဲ‌။
ကျနော်ဟာ နှင်းတွေနဲ့ ရီဝေနေတဲ့ မှန်ပြတင်းနားမှာ ထိုင်နေရင်းနဲ့ပဲ သူမရဲ့ ကိုယ်စား နက်နက်ရှိုင်းရှိုင်း တွေးတောရင်း ထပ်တူနားလည်နေမိပါတယ်။ ဒီလို နှစ်တွေအကြာကြီး ဖြတ်သန်းလာရတဲ့အခါ သူမတွေ့လာရမှာက အနီးကပ် ခင်မင်သံယောဇဉ် ဖြစ်လာတဲ့သူတွေဟာ သင်္ခါရသဘောအရ သေ‌ဆုံးကုန်ကြတယ်။ သူမအနားကနေ ထွက်ခွာသွားကုန်ကြတယ်။ အိုမင်းသွားကြတယ်။ ဒါပေမဲ့ သူမမှာ ချစ်ရခင်ရသူတွေရဲ့ နောက်ဆုံး ခရီးကိုတောင် မသွားရောက်နိုင်ရှာဘူး။ မအိုမင်းခြင်းက ကျိန်စာတခုလို ဖြစ်လာလို့ အမှောင်ထဲမှာပဲ ရှင်သန်ရတဲ့ ဗန်ပိုင်းယားတကောင်လို ဟိုပြောင်း ဒီပြောင်းနဲ့ ခြေရာဖျောက်ရတာဟာ ဘယ်လောက် စိတ်ပင်ပန်းရမလဲ။ ဒီကာလတွေအတွင်းမှာ လူသားထုကြီးက ရောဂါဘယကြောင့် အစုလိုက် အပြုံလိုက် သေလိုက်၊ စစ်ကြောင့် တိမ်းပါးလိုက်နဲ့ အဲဒီလို သောကတွေကိုလည်း ဒီခန္ဓာကြီး ရှိနေသရွေ့၊ လတ်ဆတ်နေသရွေ့ သယ်သွားရမှာ။ အဓိကကတော့ ကြင်နာမှု အနွေးဓာတ် ဆိုပါတော့။
လူတဦးစီတိုင်းအတွက် အင်မတန်မှ အရေးပါတဲ့ အကြောင်းအရာ တခု ဆိုပါတော့။ လူသားချင်းစီရဲ့ ထိတွေ့ကူးလူးမှုမှာပဲ ရနိုင်တဲ့ အနွေးဓာတ်တွေ။ ဘဝကြီးက မညှာမတာထည့်ပေးလိုက်ပြန်တဲ့ အထီးကျန်ရခြင်း ဝေဒနာ ဆိုတာတွေ။ ယင်းဝေဒနာကြီးကို ကုစားလို့ရတဲ့ ဆေးက အဲဒီ အကြင်နာ အနွေးဓာတ်ဆိုတာ ရှိနေမှ ဖြစ်မှာ။ အဲဒါနဲ့ ပတ်သက်ပြီး တွေးလိုက်မိတော့ မိမိရဲ့ အလိုလို ဖြစ်ပေါ်လာတဲ့ တကိုယ်ရည်အတ္တကို ဘာသာ ရယ်ချင်မိသွားတယ်။ ကျနော်ဟာ ခုရုပ်ရှင်ထဲက Adaline လို့ အမည်သညာရှိတဲ့ သူမကို ဒီအတိုင်း တကိုယ်ရည်ဘဝနဲ့ပဲ မြင်ချင်နေမိတာတဲ့။ သူမဟာ အရွယ်ရဲ့ မပြောင်းလဲမှုနဲ့ အလှတရားကို အလဟဿ အချည်းနှီး အဖြစ်မခံခဲ့ဘူး။ သူမထံမှာ ချောမောနုပျိုနေတဲ့ အလှတရားထက် အဲဒီထက်မြက်မှုတွေနဲ့ သံယောဇဉ်ပိုင်းဖြတ်နိုင်မှုတွေကို ကျနော်ချစ်တယ်။ ကျနော်တို့ ယောက်ျားထုကြီးဆိုတာ သိတဲ့အတိုင်းပဲ။ မိန်းမတွေအပေါ်မှာ တည်တဲ့စိတ်ဆိုတာ အပေါ်ယံအလှတရားနဲ့ ပေးဆပ်နိုင်မှု အပေါ်မှာပဲ 80% ကိန်းဝပ်နေကြတာ။ အဲဒီအတ္တကိုပဲ စကားလုံးရေလဲ သုံးပြီး ကျေနပ်ကြဖို့ အသုံးချသူချည်းပါပဲ။ ဣတ္ထိယတွေကလည်း ဒါတွေကို သိသိကြီးနဲ့ မကင်းပနိုင်သော အနွေးဓာတ်လိုအပ်မှုအရ ကျားသတ္တဝါတွေကို ဒဏ်ရာအရခံပြီး ချစ်ကြရရှာပါတယ်။ ဆိုတော့ ဒီလိုထဲမှာတော့ သူမ ပါမလာတာကို မြင်ရလို့ရော ချစ်ရတာပါ။ သူမအနေနဲ့ ရာစုနှစ်တခုလုံးစာအထိ သူမကို ချစ်တဲ့သူတိုင်းကို ထားပစ်ခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီလို ထားရစ်နိုင်မှုက လှပတယ်။ သူမ ဘဝအတွက်လည်း ဒဏ်ရာရ သက်သာစေမယ်လို့ ကျနော်ထင်တယ်။
လက်တွေ့ဘဝထဲမှာလည်း သူမလို မိန်းမသားမျိုးတွေ ရှိတာပဲ။ ကျနော်တို့ ကျားသတ္တဝါအများစုနဲ့ လုံးဝ ပြဒါတလမ်း၊ သံတလမ်း ကွာခြားလွန်း‌လောက်အောင် တော်လွန်း၊ Perfect ဖြစ်လွန်းတဲ့သူတွေ ရှိတာပဲလေ။ ယူက Adaline လို မိန်းမသားမျိုးပဲလို့ တဦးတယောက်ကို ပြောမိရင် ရယ်မလားမသိဘူး။ ထားပါတော့။ အဲဒါတွေကလည်း ကျနော့်အနေနဲ့ ဟာရီဆင်ဖို့ဒ်ကြီးကို မမြင်ရခင်အထိပေါ့။ ကျနော့်အနေနဲ့ သူမရဲ့ ပကတိထက်မြက် ပြီးပြည့်စုံနေမှုအောက်မှာ ဘယ်သူမှ တို့ထိပိုင်သခွင့် မရှိတဲ့ အထွဋ်အမြတ်ရတနာတခုလို သဘောထားမိသွားပေမဲ့ ပုရိသက ပုရိသပါပဲ စကားနဲ့ အညီ ဟာရီဆွန်ဖို့ဒ်ရဲ့ ချစ်ခြင်းမေတ္တာတရားအားကြီးမှုကို မြင်လိုက်ရတဲ့ အခါကျတော့ ကမ္ဘာပေါ်မှာ ဘယ်ယောက်ျားမျိုးနဲ့မှ မထိုက်တန်သော မိန်းမရယ်လို့ မရှိဆိုတာကို လက်ခံမိလာပြန်တယ်။
ဟာရီဆွန်ဖို့ဒ်မှာ အသက် 60 ကျော်မျှ ရှိလာတဲ့တိုင်အောင် သူမကို မြင်လိုက်တော့ အသံတွေတုန်ရီသွားတာ။ မျက်လုံးအတွင်းသားတွေဟာ ရုတ်ချည်း အသက်မဲ့သွားတာ။ မမ အက်ဒါလိုင်း။ အချစ်ဆိုတာကို ယုံလား။ ယောက်ျားတွေ တကယ်ချစ်မိရင်လည်း ခင်ဗျားလို ရုပ်ရည်သာ မပြောင်းလဲအောင် မပိုင်းကန့်နိုင်တာပဲ ရှိမယ်။ အဲဒီချစ်တဲ့စိတ်၊ နှလုံးသားရပ်ဝန်း နက်နက်ထဲမှာ ထာဝရစွဲထင်သွားတဲ့ ချစ်စိတ်ဟာ ဘယ်လို အသက်ကာလမျိုးအထိ တည်တယ်။ ဘယ်လိုနှမ်းစေ့တဝက်စာမျှတောင် မပြောင်းလဲဘူးဗျ။ သူ့ကိုကြည့် ခင်ဗျားလက်ဖမိုးလေးက ဒဏ်ရာလေးကစလို့ နှစ်‌ကာလပေါင်း သုံးလေးဆယ်မက ကြာလည်း တန်းခနဲ မှတ်မိနေတာ။ အဲဒါ ချစ်ဇောအဟုန်ကြောင့် မဟုတ်ရင် ဘယ်အရာက စွမ်းဆောင်နိုင်မလဲ။ အချစ်ဆိုတာ တကယ် ရှိတယ်။ အဲဒီလို တကယ်ချစ်တတ်တဲ့ ချစ်မိသွားမိပြီဆိုရင်လည်း အဲဒီစိတ်နဲ့ အဲဒီ ဒဏ်ရာကိုပဲ ကျနော်တို့ ယောက်ျားရင့်မာကြီးတွေက ဘယ်လိုဘဝမျိုးတွေ ပြောင်းပလေ့စေ တယုတယနဲ့ လွယ်ထားပြီး ဘဝဆုံးတဲ့အထိ သယ်သွားတတ်ကြပါတယ်။
ကျနော်ဟာ သူမဘဝရဲ့ ပကတိလူသားများနဲ့ မအပ်စပ်နိုင်မှုကြောင့် ရှောင်ကွင်းရခြင်းကို သိသိလျက်နဲ့ ခုလို အပြစ်ဖို့ လိုက်မိပါသတဲ့။ ဒါဟာလည်း ကျနော်တို့ ယောကျာ်းသားများရဲ့ လှပတဲ့ အတ္တစိတ်လေးတခု အဖြစ် လက်ခံပေးစေချင်ပါတယ် ခင်ဗျာ။
အိပ်ရာပေါ်ကို ကျနော် ပြန်သွားတော့ ည နှစ်နာရီ။ အနီးပါးက ရာဘာတောအုပ်ထဲကနေ ညငှက်တွေရဲ့ အော်သံကို ကြားတယ်။ ရုပ်ရှင်ထဲမှာတော့ မမ အက်ဒါလိုင်းဟာ ကားအက်ဆီးဒင့်ကနေပဲ ပုံမှန် အိုမင်းရမယ့်ဘဝကို ပြန်ရသွားတယ်ဆိုပြီး အဆုံးသတ်ထားတယ်။ ချစ်စိတ်၊ လွမ်းစိတ်၊ အောက်မေ့တသတဲ့စိတ်၊ သူမကို မပိုင်ဆိုင်ရတဲ့ စိတ်တွေနဲ့ မပြောင်းလဲဘဲ အိုမင်းနာကျင်ရတဲ့ ဟာရီဆင်ဖို့ဒ်လို ကျနော်တို့လို ပုရိသတွေအဖို့ အတွက်ကရော ဘဝကြီးကို ဘယ်လို အဆုံးသတ်ကြရပါ့မလဲ။ အဲဒါကိုတော့ ရုပ်ရှင်ထဲမှာ ပြမသွားဘူး။ အဲဒီ အခြင်းအရာနဲ့ ပတ်သက်လို့တော့ ကျနော် ဒါရိုက်တာဖြစ်မှပဲ ဆက်ရိုက်သွားဖို့ ‌‌ဆုံးဖြတ်လိုက်ပါတယ်။
အခုလောလောဆယ်တော့ အရာအားလုံး ပြည်ဖုံးကားချလိုက်ကြပါစို့ ။
ရုပ်ရှင်ရည်ညွှန်း – The Age of Adaline Movie (2015 )
About The Call 802 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*