အခြေခိုင်လာတဲ့ ပဲခူးတိုင်းစစ်ဆင်ရေး

“အခြေခိုင်လာတဲ့ ပဲခူးတိုင်းစစ်ဆင်ရေး”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ​ကျော်​ဇောခိုင်

ဇွန်လ ၂၅ ရက်နေ့က ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာရှိတဲ့ စကစရဲ့ စခန်း ၉ ခုကို PDF စစ်ဆင်ရေးနယ်မြေ ၂ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်တွေနဲ့ KNLA တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ MOD (NUG ကာကွယ်ရေးဝန်ကြီးဌာန) က သတင်းထုတ်ပြန်ခဲ့တယ်။ မနှစ်က ၂၀၂၄ သြဂုတ်လလောက်ကအရှိန်စယူခဲ့တဲ့ ပဲခူးတိုင်းတွင်းက တိုက်ပွဲတွေဟာ တနှစ်နီးပါးရှိလာတဲ့ အခုအချိန်မှာ စစ်တပ်ရဲ့ ရာနဲ့ချီရှိတဲ့ စစ်ကြောင်းတွေကို အနိုင်ယူ တိုက်ခိုက်နိုင်စွမ်း ရှိလာတဲ့အထိ အားကောင်းလာခဲ့ပြီဖြစ်တယ်။

‘တောင်ပိုင်းတိုင်းစစ်ဒေသ’
ပဲခူးရိုးမဆိုတာက လွတ်လပ်ရေးရပြီးကတည်းက နှစ်အစိတ်ကျော် ၃၀ နီးပါး ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ကေအင်ယူတို့ စခန်းချ တိုက်ပွဲဝင်ခဲ့တဲ့ နေရာဖြစ် တယ်။ ၁၉၇၅ နောက်ပိုင်း စစ်တပ်က ထိန်းချုပ်ထားခဲ့တာ ၈၈ အရေးအခင်း၊ နဝတ၊ နအဖလက်ထက်တွေကနေ ဒီကနေ့အထိတိုင်အောင်လို့ ပြောနိုင်တယ်။ ပဲခူးရိုးမဟာ အနောက်ဘက်မှာ ရန်ကုန်-ပြည်လမ်းရှိပြီး အရှေ့ဘက်မှာ ရန်ကုန်-မန္တလေး လမ်းဟောင်းနဲ့ အမြန်လမ်းသစ်ရှိတာမို့ မဟာဗျူဟာအရအရေးပါတဲ့နေရာတခု ဖြစ်တယ်ဆိုတာ ပြောစရာမလိုအောင်ပါဘဲ။

ပထဝီဝင်အရ ပဲခူးတိုင်းကို အရှေ့ပိုင်းနဲ့အနောက်ပိုင်း ၂ ပိုင်းခွဲပြောကြတာ တွေ့ရတယ်။ အရှေ့ဘက်မှာ အချက်အချာကျတဲ့မြို့ဟာ တောင်ငူ၊ အနောက်ဘက်မှာ ပြည်မြို့တို့ဖြစ်တယ်။ တောင်ငူမှာ (တပခ – တောင်ပိုင်းတိုင်းစစ်ဌာနချုပ်) ရှိပြီး ပြည်မှာ (ဒကစ – ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) ရှိတာကြောင့် ပဲခူးအရှေ့နဲ့အနောက် နှစ်ခြမ်းစလုံးကို စစ်တပ်က ဘယ်လောက် အင်အားအခိုင်အမာ တည်ထားသလဲဆိုတာ သဘောပေါက်နိုင်မှာဖြစ်တယ်။

မှတ်ချက်။ စစ်တိုင်းတွေဟာ ၈၈ နောက်ပိုင်းမှာ ပြောင်းလဲဖွဲ့စည်းတာတွေရှိတယ်။ အရင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မုံရွာကိုရွှေ့ပြီး နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) လို့ ပြင်ဖွဲ့တယ်။ တောင်ငူတပ်ကို မန္တလေးရွှေ့ပြီး လပခ (အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) ဖွဲ့လိုက်ပြီး တောာင်ငူဟာ‌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဖြစ်လာတယ်။

ဒကစတွေကိုကြည့်ရင် တနိုင်ငံလုံးမှာ ၆ ခု ဖွဲ့စည်းထားရှိတယ်။ စစ်တိုင်းတွေကို အားဖြည့်ထားတဲ့သဘောပဲ။ တော်လှန်ရေးမှာ အစောဆုံး ထင်ရှားစွာ ကျဆုံးတဲ့ ဒကစက လောက်ကိုင်ပါပဲ။ အဲဒီနောက်မှာ စစ်တပ်ဟာ လွိုင်ကော် (ဒကစ) ကို လှုပ်လီလှုပ်လဲ့နဲ့ ပြန်ထိန်းထားနိုင်ခဲ့တယ်။ ကလေးဒကစနဲ့ စစ်တွေဒကစတွေဟာ ၂၀၂၅ နောက်ဆုံးလေးလပတ် အတွင်းလောက်မှာ ပြည်ဒကစနဲ့အပြိုင် တိုက်ခိုက်ခံရဖို့ရှိနေတယ်။ နောက်ဆုံးဒကစဖြစ်တဲ့ တနိုင်းစစ်ရေးသတင်းကတော့ ဗန်းမော်နဲ့ ဖားကန့်မှာ ကေအိုင်အေ ဘယ်လိုဗျူဟာနဲ့ ဆက်တိုက်မလဲ၊ ဘယ်လောက် အချိန်ယူ တိုက်မလဲဆိုတာတွေကို မူတည်ပြီးမှ ခန့်မှန်းကြည့်နိုင်မယ်။ ဒကစ ၆ ခု (တိုင်းနဲ့ပြည်နယ်တွေအရပြောရင် ရှမ်း၊ ရခိုင်၊ ကချင်၊ ကရင်နီ၊ စစ်ကိုင်းနဲ့ ပဲခူး) ကို ပိတ်ဆို့ တိုက်ခိုက်နိုင်ရင်ကိုပဲ တော်လှန်စစ်ဟာ အောင်မြင်ပြီလို့ ပြောလို့ရတဲ့ အနေအထားပါ။

‘ပဲခူးတိုင်းစစ်ဆင်ရေး’
ပဲခူးတိုင်းမှာ ခရိုင် ၄ ခုရှိပြီး ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နဲ့ သာယာဝတီခရိုင်တို့ဖြစ်တယ်။ ကေအင်ယူတပ်မဟာ ၂ နဲ့ ၃ ဟာ တောင်ငူ (တောင်ငူခရိုင်) နဲ့ ညောင်လေးပင် (ပဲခူးခရိုင်) ကို အခြေခံတာမို့ ပဲခူးတိုင်းအရှေ့ခြမ်းမှာရှိတဲ့ စစ်တောင်းမြစ်ဝှမ်းဒေသ တစိတ်တပိုင်းဟာ ကေအင်ယူ စိုးမိုးနယ်မြေထဲမှာပါ ပါရှိတယ်ဆိုတဲ့ သဘောဖြစ်တယ်။ ဇွန်လကုန်ပတ်က တိုက်ခိုက်ခံရတဲ့ စစ်တပ်စခန်း ၉ ခုဟာ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူး စတဲ့မြို့နယ်တွေထဲကဖြစ်လို့ စစ်တောင်းမြစ်ဝှမ်း အောက်ပိုင်းဖြစ်တယ်။ KNLA နဲ့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းအတွင်းက တော်လှန်ရေးတပ်တွေ ၁၀ ခု လောက် စုပေါင်းပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်။

စခန်း ၉ ခုတိုက်တာလောက် သတင်းမထင်ရှားပေမယ့် ဇွန်လအတွင်း ပဲခူးတိုင်းမှာ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်တာကို တွေ့ခဲ့ရတယ်။ ဇွန်လဆန်း (၂ ရက်နေ့) က ပေါင်းတည်မြို့နယ်က ရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်တဲ့အတွက် စစ်တပ်ဘက်က အသေအပျောက်များပြီး လက်နက်ခဲယမ်းနဲ့ ဆေးပြားတွေ သိမ်းဆည်းရမိခဲ့တယ်။ ဇွန် ၁၂ မှာ တောင်ငူခရိုင်ထဲက ထန်းတပင်နဲ့ အုတ်တွင်းမြို့နယ်တွေမှာ စကစစစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေး တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၂ တပ်ခွဲတို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး တောင်ငူခရိုင် (ဇွန် ၁၂ ကနေ ၁၆) နဲ့ ပြည်ခရိုင် (ဇွန် ၁၆ နောက်ပိုင်း) အတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တာ တွေ့ရတယ်။ မင်းလှ (သာယာဝတီခရိုင်) မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုဗမကအောင်မျိုးဝင်း ကျဆုံးတဲ့သတင်းကလည်း သတင်းဌာနအတော်များများမှာ ဖော်ပြပါရှိခဲ့တယ်။

ဇွန်လထဲ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ လက်ပံတန်းနဲ့ သာယာဝတီအပိုင်ထဲက ဒေသတွေဟာ ပဲခူးအနောက်ခြမ်း ရန်ကုန်-ပြည် ကားလမ်းရဲ့ အောက်ခြမ်းဖြစ်တယ်။ ဒီ‌တော့ စစ်တောင်းမြစ်ဝှမ်းအောက်ခြမ်း ရွှေကျင်၊ ညောင်လေးပင်၊ ကျောက်တံခါး စတာတွေနဲ့ ကန့်လန့်ဖြတ်မျဥ်းတားဆက်ကြည့်ရင် ရန်ကုန်နဲ့ ပဲခူးတိုင်း နှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖြတ်တောက်ထားနိုင်တဲ့ အခြေအနေကိုရောက်ဖို့ အစပျိုးခဲ့ပြီလို့ ဆိုရမှာဖြစ်တယ်။ အပေါ်ခြမ်းမှာ ပြည်နဲ့ တောင်ငူကို ဆက်စပ် သွယ်တန်း ထိန်းချုပ်လာနိုင်ခဲ့ရင် မန်းတိုင်း (နေပြည်တော်) ဟာ ပဲခူး၊ ရန်ကုန်နဲ့ ပြတ်တောက်သွားမယ့်သဘော ဖြစ်လာမယ်။

‘ပဲခူးတိုင်းနဲ့ နောက်ဆုံးထိုးစစ်’
တကယ်တော့ ပဲခူးရိုးမကိုမှီပြီး ပဲခူးတိုင်းမှာ ကာကွယ်ရေးတပ်တွေ စတင်ဖွဲ့စည်းခဲ့တာဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာ မေလ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ စတင် တည်ထောင်ကတည်းကပါ။ တကယ် အားကောင်းလာတဲ့တပ်တွေ ဖြစ်ဖို့နဲ့ ကောာင်းကောင်း တိုက်ပွဲဝင်နိုင်တဲ့အချိန် ရောက်ဖို့အထိကတော့ တခြားဒေသတွေဖြစ်တဲ့ (ကချင်၊ စစ်ကိုင်း၊ ရခိုင်၊ မကွေး) ဘက်က တိုက်ပွဲတွေအောင်မြင်ပြီး လမ်းပန်းအဆက်အသွယ်ရဖို့၊ လက်နက်ခဲယမ်းစီးဆင်းဖို့ စတာတွေကို စောင့်ဆိုင်းရင်း အချိန်အတော်ယူခဲ့ရတာ တွေ့ရတယ်။

အထက်မှာပြောခဲ့သလို ပဲခူးတိုင်းမှာ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို ကန့်လန့်ဖြတ် ပိတ်ဆို့ထားနိုင်ရင် (ပြည်၊ တောင်ငူအပေါ်ခြမ်းနဲ့ မင်းလှ၊ လက်ပံတန်း၊ ညောင်လေးပင် အောက်ဘက်ခြမ်း) အရှိန်မြင့်လာတဲ့ ပဲခူးတိုင်းစစ်ဆင်ရေးဟာ နောက်ဆုံးထိုးစစ်ကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးရာရောက်မလားဆိုတာ မှန်းဆကြည့်လို့ ရလာပါလိမ့်မယ်။

About The Call 697 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*