2
ညီလင်းအိမ်
“အစိုးရ သစ္စာဖောက်”
ဘရာဇီးလ်ရဲ့ အငွေ့အသက်ကို လက်လှမ်းမီသလောက် ဖမ်းဆုပ်မိတိုင်း ဘာတွေကို အရင် မြင်မိကြသလဲ။ ရပ်ကွက်ကြို၊ ရပ်ကွက်ကြားက ဘောလုံးကစားပွဲတွေလား၊ ရိုးရာဗုံတီးသံတွေရဲ့ အောက်မှာ ကခုန်နေကြတဲ့ ဘရာဇီးလ် လှပျိုဖြူများရဲ့ ပေါင်တံသွယ်လျလျလေးတွေလား၊ နှစ်သစ်ကူး မီးရှုးမီးပန်းတွေ ဖောက်နေကြသလို ဟိုမှ ဒီမှ ထွက်ပေါ်လာတတ်တဲ့ သေနတ်ဖောက်သံ၊ နှာခေါင်းဝထိတိုင် လွင့်ပျံလာသလို ခံစားလိုက်ရတဲ့ ယမ်းခိုး ယမ်းနံ့ သိပ်သိပ်သည်းသည်းတွေကိုလား။ ဒါထက်ပိုပြီးတော့ပေါ့လေ။ ပိတ်ကားထက်ကနေတဆင့် ဆက်လက်ရှာဖွေတဲ့အခါမှာ ဒါရိုက်တာ Kleber Mendoca Filho ရဲ့ ရုပ်ရှင်ထဲတွေမှာ ပိုပြီး မြင်ရပြန်တယ်။ ကျနော်တို့ အတွေးဇာချဲ့ရင် ချဲ့နိုင်သလောက် ဆန်းစစ်ခံစားလို့ရတဲ့ လူမှုဘဝထဲက အကြောင်းအရာ၊ အဖြစ်သနစ် ပေါင်းစုံကို သူ့ဇာတ်အိမ်ကြီးထဲမှာ တွေ့ ကြရလိမ့်မယ်။
ရှိရင်းစွဲရိုးရာတွေကို ပစ်ပယ်ချန်ထားမှု မရှိသူအဖြစ် သူတို့ရေမြေရဲ့ ကျင့်ဝတ်၊ ဝိသေသ
လက္ခဏာတွေဟာ သူ့ရဲ့ လက်ရာတခုစီတိုင်းမှာ ရုန်းကြွနေတတ်တယ်။ ဘရာဇီးလ်သားတွေရဲ့ စိတ်လွတ်ကိုယ်လွတ်ရှင်သန်ရမှုကို သဘောကျတတ်တာတွေနဲ့ နိုင်ငံတခုလုံးရဲ့ မျိုးဆက်အလိုက် မှောင်အတိကျရခဲ့ရမှုတွေအောက်မှာ ကြံ့ကြံ့ခိုင် ရှင်သန်နေတတ်တာတွေ၊ ခက်ထန်ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေနဲ့ လူမျိူးစုတွေ၊ ဘဝအလွှာတွေကြားက နိုင်သူရှင်သန်ရစတမ်း နယ်မြေလုတိုက်ပွဲတွေ။ နယ်ခြားအရင်းရှင်များရဲ့ အရိပ်ထိုး အမြတ်ထုတ်လာမှုမျိုးတွေကို သရော်တဲ့ သဘော ပြသတာတို့။ လိင်၊ လွတ်လပ်မှုနဲ့ သွေးသံရဲရဲ ပြကွက်များ ရောထွေးယှက်တင် ပါဝင်နေခြင်းနဲ့ ဖော်ပြထားတဲ့ ဘဝလူနေမှု ပြကွက်တွေများမှာ လွတ်လပ်သော အမြင်ကနေပဲ တင်ဆက်ထားသိုမှု၊ ဇာတ်ကြောင်းအတွင်းက ဇာတ်ဆောင်များကနေတဆင့် ဝါဒဖြန့်ချီမှုကို သွေဖယ်ထားမှု စလို့ ဒါတွေက သူ့ရဲ့ ထင်ထင်ရှားရှား သိမြင်နေရတဲ့ လက္ခဏာရပ်တွေ ဖြစ်တယ်။ ဒီလိုတွေ အနုပညာမြောက်အောင် ဖော်ပြနိုင်တာကြောင့်ပဲ သူဟာ ၂၀၂၅ အတွက် ကန်းမှာ အကောင်းဆုံး ဒါရိုက်တာဆုကို ဆွတ်ခူးရရှိတယ်။
ဆိုရရင် ယခုရုပ်ရှင်ရဲ့ ခေါင်းစဥ်မှာ ကတည်းက သရော်လိုက်တာပဲ။ The Secret Agent ဆိုလို့ ဂျိမ်းစ်ဘွန်းတို့လို ဂျေဆွန်ဘွန့်တို့လို နိုင်ငံနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ၊ အရေးကြီး နိုင်ငံဝန်တာများအတွက် သက်စွန့်ဆံဖျား စောင့်ထိန်းတဲ့ စပိုင် စုံထောက်တွေအကြောင်းများလားလို့ ထင်သွားစရာ ရှိတာကိုး။ မဟုတ်မှ မဟုတ်တာ။ ယင်းခေတ်က စစ်အာဏာရှင်ဆိုသူတွေကပဲ သူတို့ကို ဆန့်ကျင်တော်လှန်မယ့် ပြည်သူတွေကို ဖော်ထုတ်နှိမ်နင်းရဖို့အတွက် ယိုးစွပ်ထားတဲ့ နာမည်ပါတဲ့။ ပြီးတော့ ဒီပြည်သူတွေကိုပဲ နည်းလမ်းအမျိုးမျိုးနဲ့ ဝင်ရောက်ထောက်လှမ်းပြီး ဖမ်းဆီး သတ်ဖြတ်နေကြတဲ့ အလိုတော်ရိ အာဏာရှင် ဒေါက်တိုင်တွေကို ပေးထားတဲ့ ခေါင်းစဥ်အဖြစ်လည်း မြင်သိလို့ရတယ်။
ဇာတ်လမ်းကြောင်းက ဘရာဇီးလ်ကို စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ ကာလကို ဦးတည်ထားလို့ဆိုပြီး အောက်ခြေပြည်သူတွေက တွန်းလှန်တိုက်ခိုက်ကြတာတွေကို ရိုက်ပြတာလည်း မဟုတ်ဘူး။ ယင်းသို့သော အခြေအနေများရဲ့ အောက်မှာ တည်ရှိနေတဲ့ လူနေထုကြီးရဲ့ ရှင်သန်နေရမှုကိုသာ ကျနော်တို့ပါ တသားတည်း ရှိစေချင်တာမျိုး။ တသားတည်းဆိုတာထက် တထပ်တည်း ကျနေတာလို့ပဲ ပြောရမယ် ထင်ပါရဲ့။ ဇာတ်လမ်းစဥ်ထဲက ဓါတ်ဆီဆိုင်နားမှာ လူတယောက် သေကြေပုတ်ပွနေပေမဲ့ ဘယ်ရဲမှ လာမကြည့်နေတာ။ ရောက်လာတဲ့ ရဲ ဆိုတာကလည်း အနားမှာ ရှိတဲ့ ဆရာသမားဆီကနေပဲ လက်ဖက်ရည်ဖိုး ဆေးလိပ်ဖိုးလေးအတွက် ငွေညှစ်ဖို့သာ အာရုံထားတာတို့။ အာဏာရှင်လက်အောက်က ကျနော်တို့ပြည်ရဲ့ ဖြတ်သန်းရမှုတွေကလည်း ဘာထူးခဲ့လို့လဲ။ ဆိုင်ကယ်ချင်းတိုက်မိလို့ တဖက်က သေသွားပြီး တိုက်သူက ယာဥ်မောင်း မဆင်ခြင်တဲ့အတွက် ဖြစ်တာသိလည်း သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လိုသလောက်ပေး၊ အဆင်ပြေအောင် ညှိလိုက်တာနဲ့ အလောင်းတောင် ရင်ခွဲရုံမရောက်ဘဲ ပြီးသွားတာတို့၊ မကျေနပ်လို့ ဓါးနဲ့ချောင်းထိုးလည်း ဒီလိုပဲ ပေးနိုင်ရင် ဆေးရုံဝမှာတင် ခံလိုက်ရသူက ကျေအေးကြောင်း လက်မှတ်ထိုးပေးလိုက်ရတို့။
သူတို့များ မကျေနပ်ရင်ဖြင့် ရပ်ကွက်ထဲက သန်းနှုတ်ရင်း အတင်းတုပ်ရင်း ကစားကြတဲ့ ဒိုးဇက်ဝိုင်းကတောင် နိုင်ငံတော်လုပ်ကြံမှုနီးပါး အမှုကြီးဖြစ်သွားပြီး ထောင်ထဲတန်းထဲကို တန်းရောက်ရတာတို့။ ဒီလိုတူညီနေတဲ့ ဆင့်ကဲဖြစ်စဥ် အကြောင်းအရာကို ချက်ချင်း ဆက်စပ်သိရှိသွားစေနိုင်တယ်။ အာဏာရှင်တွေ လွှမ်းမိုး အုပ်စိုးထားတဲ့ ဘရာဇီးလ်ပြည်မှာလည်း ဘာထူးလို့လဲ။ အာဏာရှင်လူတန်းစားနဲ့ပဲ ပုလဲနံပ ဖြစ်သူတွေကပဲ ထင်တိုင်းကြဲ လုပ်နေကြတာကို မြင်နေရတာပဲ။ လေးတန်းတောင် မရောက်တဲ့ မင်းအောင်လှိုင်စစ်တပ်က ယူနီဖောင်းလဲ အရပ်ဝတ်စုံနဲ့ သူတွေဟာ လုပ်ငန်းခွင်ထဲက တတ်သိနားလည်ကြပြီးသား ပညာတတ်တွေကို ဘီ ၁၂ ဆေး မရှိတာများ ဘာခက်လို့လဲ။ ဘီ ၆ ဆေး နှစ်လုံးပေါင်းပေးလိုက်ရနေတာပဲ ဆိုတဲ့ ဟာသလိုမျိုးပဲ။ ဘရာဇီးလ်မှာလည်း Armando တို့လို အရပ်ဘက်က ပညာရှင်တွေမှာ အဲဒီလို ကပ်ပါးကောင်၊ စစ်အာဏာရှင်သားအိမ်အရိအရွဲကြီးထဲကနေ ထွက်ကျလာတဲ့ လူ့ဗလာနံ၊ အရိုင်းအစိုင်းတွေနဲ့ ဆက်ဆံရတဲ့အခါမှာ ကြီးစွာသော စိတ်ဒုက္ခတွေကို ခံစားကြရတော့တာပဲ။
အာဏာရှင်တွေကြီးစိုးထားတဲ့ ဘဝလူနေမှုအောက်မှာ ရှင်သန်ကြဖို့ကတော့ အရာရာကို မသိယောင်ဆောင်ပြီး နေသာသလို နေတတ်ကြဖို့ရယ်နဲ့ ဒါတွေကို လက်မခံနိုင်တဲ့သူတွေအဖို့တော့ လွတ်မြောက်ရာတနေရာကို ထွက်သွားနိုင်ဖို့ပဲ ရှိတာပေါ့။ ရုပ်ရှင်ကနေတဆင့် ကျနော်တို့ ရည်မျှော်ကြည့်ရတဲ့ ဘရာဇီးလ်လူနေထုကြီးဟာ လေပွေထုကြီးထဲက ရွက်ကြွေများသဖွယ် ဦီးတည်ရာမဲ့ လွင့်မျောနေတာကို မြင်ရတယ်။ ရှင်သန်နေရတဲ့ ဘဝမှာ အာရုံငါးပါးအတွက် လက်လှမ်းမီသလောက် ခံစားကြရင်းနဲ့သာ လူအဖြစ်ကို ကုန်ဆုံးဖို့ တာစူနေကြရတာမျိုးပ။ သက်ဆိုင်ရာဖိနှိပ်သူကတော့ ဒီလူတွေ ရုန်းထမလာဖို့ အသိဥာဏ်တွေ ပိပြားသထက် ပိပြားဖို့ မူးယစ်ရီဝေမှုတွေ၊ လိင်ရမ္မက်တွေနဲ့သာ လုံးထွေးရစ်နှောင်ပြီး မိမိတို့ လူဖြစ်နေရမှုဘဝကို ဆင်ခြင်သုံးသပ်တတ်ခြင်းမှာ သက်လျောနုံနဲ့စေဖို့အရာသာ နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေကြတာကို တွေ့ရလိမ့်မယ်။ ငါးမန်းကြီးရဲ့ ဝမ်းဗိုက်ထဲက ခြေထောက်ကြီးက အသက်ဝင်လာပြီး တွေ့သမျှလူတွေကို လိုက်လျှောက်ကန်ဆိုတာက အတည်ပေါက်နဲ့ သတင်းတပုဒ်ဆိုလျှင် ကျနော်တို့ဆီမှာလည်း အိုနာနဲ့ သက်တမ်းကုန်သွားတဲ့ ဆရာတော်ဘုရားကြီးတပါးရဲ့ ရုပ်ကလပ်က ရွှေတုံးလို ပြောင်းလာတဲ့ အကြောင်း စတာတွေကို ဓါတ်ပုံတွေ ဝေဝေဆာဆာနဲ့ ထုတ်ဝေခွင်ပြုထားတဲ့ စာအုပ်တွေ၊ ကမ္ဘာအစ မြန်မာက စာအုပ်တို့၊ အာရှမှာ ယဥ်ကျေးမှု အထွန်းကားဆုံး နိုင်ငံ စတဲ့ ခေါင်းစီးများနဲ့ စာအုပ်တွေထဲက အကြောင်းအရာတွေကလည်း မှန်ကန်တဲ့ ဖြစ်ရပ်တွေလို့ မှတ်ယူကြရမှာမျိုးပေါ့။
ရေဆေးစုတ်ချက်လက်ရာထဲက ရှုမျှော်ခင်းပန်းချီကားသဖွယ် ဟိုမှဒီမှ တို့ထိထားသလို လိုက်ပြထားတဲ့ ဇာတ်လမ်းစဥ်ဟာ အသက်ဝင်လာတာနဲ့အမျှ ကျနော်တို့ဟာ ဘယ်အရပ်ထဲမှာ ပါနေသလဲဆိုတာကို ပိုလို့ စဥ်းစားမိလာစေတယ်။ မတူညီတဲ့ လူမျိုးရေးပြဿနာ နေထိုင်မှု လက်တံ အနိမ့်အမြင့်ကြားထဲက ကိစ္စတွေ။ ထမင်းကို ပြောင်းဆန်စေ့နဲ့ပဲ နေ့လွဲညစာ ပေါင်းစားနေရတဲ့ ခေတ်ဆိုးထဲမှာ ဒီလူတွေကျတော့ ချမ်းသာနေလိုက်ကြတာ **ပဲပေါ့ကွာဆိုပြီး သူတို့အိမ်ရှေ့က တံခါးဝမှာ ချီးထိုင်ပါခဲ့တဲ့ လူတွေထဲက တယောက်လေလား။ ယူနီဖောင်းဝတ်တွေရဲ့ ဘုရားကုသိုလ်တော် ရေစက်ချပွဲကြီးဆိုပြီး ပြုလုပ်တဲ့ ပွဲလမ်းမင်းသဘင်ထဲမှာ ဒါတွေလုပ်ပေးလို့ ကျေးဇူးပါဘဘကြီးရေလို့ ဆုမွန်ခြွေလက်အုပ်ကလေး ချီပေးရင်း နှစ်ထောင်းအားရစွာနဲ့ ဝင်ရောက်ကခုန်ခဲ့ကြတဲ့ လူတွေထဲက တယောက်လေလားပေါ့။ ကျနော်တို့ဟာ အဲဒီလိုလူတွေရဲ့ အောက်မှာ ဘာတွေများ ရွေးချယ်စရာရှိခဲ့လို့လဲ။
ဒီထဲက အဓိကဇာတ်ဆောင် Armando မှာလည်း ဒီလိုအထဲမှာ ပါရှိဖို့ မကြိုးစားမိတော့တဲ့အခါမှာ ဒုက္ခကြီးစွာ ရောက်ရတယ်။ သူ့ကို အစိုးရသစ္စာဖောက် ဒလန်အဖြစ်ပဲ သမုတ်ပြီး ရှင်းလင်းသတ်ဖြတ်ဖို့ ကြိုးစားကြတော့တယ်။ ဒိအတွက် ကျနော်တို့မှာ စိတ်မကောင်းဖြစ်စွာနဲ့ပဲ ရင်တထိတ်ထိတ်နဲ့ပဲ ကြည့်နေမိတာ၊ ဒီလိုကာလမျိုးထဲမှာ သင့်မြတ်အောင် မနေချင်သူအဖို့တော့ ဖြစ်ရမှာပဲလေ ဆိုပြီး တွေးမိကြတာမျိုး ဆိုရင်ဖြင့်တော့ အင်မတန်မှ ရယ်ပစ်ကြဖို့သာ ကောင်းတော့တာမျိုးပေါ့။
ကျနော်တို့တွေဟာ စစ်အာဏာရှင် နင်းခွံ့ကျွေးခဲ့သော အာဟာရအတုတွေ အောက်မှာ ဘယ်လောက်တောင် စမုံတုံးနေခဲ့ပြီလဲ။ ဘယ်လောက်တောင် ပိပြားလို့ နေခဲ့ပြီလဲ။ ကျနော်တို့ ရွေးချယ်လက်ခံချင်တော့တဲ့ ဘဝက ယခု ဇာတ်အိမ်တွေထဲက လေပွေရူးထဲမှာပဲ လွင့်ချင်ရာ လွင့်ပါနေကြရတဲ့ ရွက်ဝါများ သဖွယ်လို ဘဝမျိုးသာပဲလား။ ဒီရုပ်ရှင်ဟာ ဘာတခုမှ မေးခွန်းထုတ်တာ၊ သင်ခန်းစာပေးတာ တခုတလေမှ မပါနေပေမဲ့ တချို့အဖြေတွေအတွက်တော့ မေးခွန်းမေးနေဖို့မှ မလိုတာပဲလေ။
ရုပ်ရှင်ရည်ညွှန်း- The Secret Agent Movie (2025)
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
