
“အညာဟူသည်”ရွယ်မိုး
မွေးကတည်းက သည်ရပ်သည်မြေကနေ အချိန်ကြာကြာ မခွဲခွာဖူးသော ဘိုးစံမြတယောက် သက်ပြင်းမောကြီးကို လေးပင်စွာ ချလိုက်သည်။ အညာနွေက ညှာတာမှု ကင်းမဲ့လှစွာ ခြစ်ခြစ်တောက် ပူနေသည်။
“ရေနွေးသောက်ဦး ဆရာလေး”
ကျွန်တော်က ဘိုးစံမြ တည်ခင်းသည့် ရေနွေးကြမ်းကို တဖူးဖူး မှုတ်သောက်သည်။ အညာသားများသည် နွေ ဘယ်လောက်ပူပူ ရေနွေးကြမ်း အသောက်မပျက်ကြချေ။ ဒါသည်ပင် လူနေမှုဓလေ့စရိုက်တမျိုးဖြစ်သည်။ နွေနေပူရှိန်နှင့် ရေနွေးကြမ်းပူပူ သောက်ခြင်းကြောင့် ချွေးကလေးများ စို့လာသည်။
“ကိုယ့်ရပ်ကိုယ့်ရွာ မဟုတ်ပေမယ့်လည်း အညာဒေသမှာပဲ ဖြစ်နေတော့ ဖြေသာနေရတာပဲ ဆရာလေးရေ” ဟု ဘိုးစံမြက မချိပြုံး ပြုံးရင်း ပြောသည်။ အပေါ်ဗလာ ပုဆိုးကွက်တုံး ခပ်တိုတိုနှင့် ဖျင်သဘက်ကို ခေါင်းပေါင်းထားသည့် ဘိုးစံမြမှာ အသက် ၆၈ နှစ်ခန့် ရှိလောက်ပြီ ။ ဇရာ၏ အထုအထောင်းကြောင့် အိုပြီထင်ရသော်လည်း ဘိုးစံမြကို ကြည့်လိုက်လျှင် သွက်သွက်လက်လက် ရှိလှဆဲ။ ဇရာကို အံတုနိုင်နေသေးဆဲ။
ဘိုးစံမြလက်ထဲမှာ အပင်ပေါက် တပင်ကို တယုတယ ကိုင်ထားသည်။ မကြာမီပင် စကားတပြောပြောနှင့် ဘိုးစံမြက မြေကို တူးဆွနေတော့သည်။
“အဲ့ဒီခွေးကောင်တွေ ဝင်လာတော့ နေ့ခင်းနေ့လယ် တရေးတမော အိပ်နေချိန်ပေါ့ ဆရာလေးရယ်၊ ကျနော့်မှာ မြေးမလေး လက်ကိုဆွဲပြီး ပြေးရတာပဲ …” ဟု ဇာတ်ကြောင်းပြန်နေသည်။ မြေကို တူးဆွနေသည့် ဓားမကလေးက ပိုမိုအားပါလာသည်ဟု ထင်ရသည်။ ကော်ထုတ်လိုက်တိုင်း မြေမှုန်များ ဖွာကနဲ။
“စိတ်ထိခိုက်ရဆုံးကတော့ ကျနော်မမွေးခင်ကတည်းက ရှိနေတဲ့ ရွာအဝင်က မန်ကျည်းပင်ကြီး မီးစွဲနေတာကိုပဲ ဆရာရယ်” ဟု ဆို့နင့်သံကြီးနှင့် ပြောသည်။ ချွေးစက်များက ဘိုးစံမြ တူးနေသော မြေကျင်းကလေးထဲ ကျကုန်သည်။
ကျနော်က ဘိုးစံမြအပြောကို စိတ်ဝင်တစား နားထောင်နေမိသည်။ လေရူးတချက်က ဝေ့ကနဲ တိုက်လာတော့ ရေနွေးသောက်ထားသဖြင့် ချွေးစေးများစိုကပ်နေသည့် အဝတ်က အေးမြသွားသည်။
“ကျနော့်အသက်အရွယ်မှာ လုပ်နိုင်ကိုင်နိုင်တာက များများစားစား မရှိတော့ပါဘူး၊ ဒီတော့ လုပ်နိုင်တာလေးပဲ လုပ်ရမှာပဲ …” ဟု ရေရွတ်ရင်း မြေကျင်းထဲသို့ အပင်ပေါက်ကလေးကို ချစိုက်လိုက်သည်။ စောစောက ယက်ထုတ်ထားသည့် မြေမှုန်များကို လက်ခုပ်ဖြင့်ယူကာ အပင်ပေါက် ပတ်ပတ်လည်ကို ဖို့နေသည်။
“အညာရဲ့ပြယုဂ် အညာရဲ့ အမှတ်လက္ခဏာကို တတ်နိုင်သလောက် ပြန်ထူထောင်ခြင်းပေါ့လေ” ဟုပြောရင်း ဘိုးစံမြ သဘောကျစွာ ရယ်လိုက်သည်။
ဘိုးစံမြ သုံးနှုန်းလိုက်သော စကားလုံးများက ကျွန်တော့်ရင်ကို အမျိုးအမည် ဖော်ပြမရသည့် ခံစားမှုများ ဝင်ရောက်သွားစေသည်။
မညှာစတမ်း ဖိနှိပ်ခံခဲ့ရသော်လည်း ရုန်းကြွ ရုန်းထလာနေသည်မှာ အညာဒေသဖြစ်သည်။ အညာသည် တော်လှန်ရေး၏ ပြယုဂ်သဖွယ် ဖြစ်ခဲ့ ဖြစ်နေဆဲ ဆိုသလို ပြန်လည်ထူထောင်ရေး၏ စံနမူနာလည်း ဖြစ်လာရလိမ့်မည်ဟူသော ဆန္ဒပြင်းပြမှုများက အညာသားတို့ရင်ဝယ် ကိန်းဝပ်နေလိမ့်ဦးမှာ အသေအချာပင်တည်း။
Be the first to comment