အဓိကကျလာတဲ့ ပွင့်လင်းရာသီအကြို ပြင်ဆင်မှု

◽️ကျော်ဇောခိုင်
သြဂုတ်လဝက်ပိုင်း ဝမ်ယီ နေပြည်တော်ကိုလာပြီးတဲ့နောက် ချင်းမိုင်နဲ့ ဘေဂျင်းမှာ မြန်မာပြည်နဲ့ပတ်သက်တဲ့ အစည်းအဝေးတွေလုပ်ခဲ့တယ်။ တရုတ်ရဲ့ဖိအား တော်လှန်ရေးပေါ်မှာ ပိုတင်းကျပ်လာတာ တွေ့ကြရတယ်။ ဒါပေမယ့် တရုတ်လိုချင်နေတဲ့ တည်ငြိမ်ရေးနဲ့ဆန့်ကျင်ဘက် စကစဘက်က မြောက်ပိုင်းညီနောင်တွေကို အကြမ်းဖက်တွေအဖြစ် ကြေညာတယ်။ ဆက်တိုက်ဆိုသလို အရပ်ဘက်နဲ့ စစ်ဘက်ပစ်မှတ်တွေကို စကစရဲ့ ဗုံးကြဲတိုက်ခိုက်မှုသတင်းတွေက ပြီးခဲ့တဲ့တပတ်လုံးကို လွှမ်းမိုးခဲ့တယ်။
‘ဘာတွေထူးလို့လဲ’
ဒီတော့ သြဂုတ်လဝက်နဲ့ စက်တင်ဘာလဆန်းအကြား ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ဘာတွေ ထူးခြားသလဲဆိုတာ ကြည့်တော့ ပြည်တွင်းမှာ စစ်တပ်ရဲ့ လူဖမ်းပြီး အင်အားစုဆောင်းတဲ့သတင်း၊ လူငယ်တွေကို ပြည်ပထွက်ခွင့် ပိတ်ပင်တဲ့သတင်း၊ လူထုစီးပွားရေး ပိုပြီး ကျပ်တည်းလာတဲ့သတင်းနဲ့ ကုန်စျေးနှုန်းတွေ တရိပ်ရိပ် မြင့်တက်လာတဲ့သတင်းတွေကို တွေ့ရတယ်။ ဒီသတင်းတွေက သတင်းကောင်းတွေ မဟုတ်ပေမယ့် သတင်းထူးတွေတော့လည်း မဟုတ် တော့။
နိုင်ငံတကာမှာ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန် တရုတ်ကို ၃ ရက်ကြာ (သြဂုတ် ၂၇ – ၂၉) ရောက်လာခဲ့ပြီး ဝမ်ယီနဲ့ သြဂုတ် ၂၇၊ ရှီကျင်းပင်နဲ့ သြဂုတ် ၂၉ ရက်တွေမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်။ တရားဝင်ထုတ် ပြန်တဲ့ သတင်းတွေအရ ဆွေးနွေးပွဲကိုလွှမ်းထားတဲ့ ခေါင်းစဥ်တွေက ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ်၊ ဖိလစ်ပိုင်နဲ့ တရုတ် နှစ်နိုင်ငံရေတပ်တွေကြား တင်းမာမှု၊ တရုတ်က ရုရှားကို ယူကရိန်းစစ်မှာ ထောက်ပံ့ပေးမှုနဲ့ တရုတ်ကထွက် တဲ့ ဓာတုကုန်ကြမ်းတွေကို ထိန်းချုပ်ဖို့ (မက္ကစီကိုမှာထုတ်တဲ့ ဆေးပြားတွေဟာ တရုတ်က ဓာတုပစ္စည်းတွေနဲ့ အဓိကထုတ်ပြီး ယူအက်စ်ကို လှိမ့်ဝင်နေတယ်) တို့ဖြစ်တယ်။
ဆွေးနွေးပွဲအာဂျင်ဒါတွေထဲမှာ မြန်မာသတင်းကို တိတိကျကျမတွေ့ခဲ့ရဘဲ နိုင်ငံရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်အရ ဘိုင်ဒင်သက်တမ်းမကုန်ခင် ပီရူးမှာလုပ်မယ့် အာရှ-ပစိဖိတ် စီးပွားရေးဖိုရမ် ဒါမှမဟုတ် ဘရာဇီးမှာလုပ်မယ့် G20 ဆွေးနွေးပွဲ တခုခုမှာ ဘိုင်ဒင်-ရှီကျင်းပင် တွေ့ဆုံပွဲအတွက် ကြိုတင်လမ်းခင်းတဲ့ သဘောလို့လည်းဆိုတယ်။ နှစ်ခုစလုံးဟာ နိုဝင်ဘာမှာလုပ်ဖို့ ရှိနေတယ်။
‘လေကြောင်းခြောက်လှန့်မှု’
ဒီတော့ စကစရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ပွင့်လင်းရာသီအကြို ထိုးစစ်အဖြစ် တောက်လျှောက် ကြုံတွေ့နေရတဲ့ အရှုံးပွဲတွေနဲ့ နယ်မြေဆုံးရှုံးမှုတွေကို တန်ပြန်တာလို့ပဲ ယူဆရမယ့်သဘောဖြစ်တယ်။ စစ်တပ်ထောက်ခံသူတွေကြား ပြန်လည် စိတ်ဓာတ်အင်အားတက်ကြွဖို့ ဆိုပေမယ့် မောင်းတောနဲ့ ပေါက်တော တိုက်ခိုက်မှုတွေမှာ အေအေကဖမ်းမိထားတဲ့ စစ်သုံ့ပန်း (စကစစစ်သား) တွေ သေဆုံးရတယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်တပ်အတွင်းမှာ ပြန်ပြီး ဆူဆူပူပူဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပြန်တယ်။
ရန်နိုင်မင်းစစ်ဆင်ရေးလို့ နာမည်ရတဲ့ ဒီတိုက်ခိုက်မှုတွေ ရှိနေတဲ့ကြားက သံတွဲမှာရှိတဲ့ စကစရဲ့ အထင်ကရ ရေတပ်စခန်းကျဆုံးခဲ့ပြီး ရခိုင်က သံတွဲကို အလုံးစုံ ထိန်းချုပ်ခဲ့တာကိုလည်း တွေ့ရတယ်။ ဗုံးကြဲတိုက်ခိုက်မှုအများစုဟာ အရပ်သားတွေကို အဓိက ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တာမို့ လေကြောင်းစစ်ဆင်ရေးတွေဟာ လူထုကို စိုးရိမ်ထိတ်လန့်တုန်လှုပ်စေတဲ့ စစ်ဆင်ရေးတွေအဖြစ် တွေ့ရပြီး စစ်ရေးအရ တိကျတဲ့ထိရောက်မှု ရှိပုံမပေါ်ဘူးလို့လည်း ယူဆစရာဖြစ်တယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မြောက်ပိုင်း ၃ ဖော်က စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ရာဇဝတ်မှုတွေအဖြစ် စက်တင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တယ်။ ဒီတိုက်ခိုက်မှုတွေဟာ နေရာအနှံ့ (နမ့်ခမ်း – TNLA၊ လားရှိုး – MNDAA၊ မောင်းတော – AA၊ မိုးမောက် – KIA အစရှိသည်ဖြင့်) ပါဝင်တဲ့ တိုက်ခိုက်မှုတွေဖြစ်တာမို့ အီးအေအိုတွေဘက်က တန်ပြန်တိုက်ခိုက်မှုတွေနဲ့အတူ ပွင့်လင်းရာသီအဝင် တိုက်ပွဲတွေဟာ ပိုပြီး ပြင်းထန်လာဖို့ရှိတယ်လို့ ခန့်မှန်းရမှာဖြစ်တယ်။
‘လွိုင်ကော် အလံစိုက်ချင်’
စကစဘက်က တန်ပြန်ထိုးစစ်ဆင်တဲ့ တိုက်ပွဲတွေကို ခြုံကြည့်ရင် လွိုင်ကော်မှာ ကရင်နီတပ်တွေ တချို့နေရာတွေက ပြန်ဆုတ်ပေးလိုက်ရတဲ့ တိုက်ပွဲတခုပဲ အောင်မြင်မှုရှိတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြတာ တွေ့ရတယ်။ တော်လှန်ရေးတလျှောက်လုံး စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေကိုကြည့်ရင် အဓိက ၃ မျိုး ခွဲကြည့်လို့ရနိုင်တယ်။ ပထမအမျိုးအစားက စစ်တပ်နဲ့ အီးအေအိုတွေကြား တိုက်တဲ့တိုက်ပွဲတွေဖြစ်တယ်။ ဒီလိုတိုက်ပွဲတွေရဲ့ ၉၀% ကျော်မှာ စစ်တပ်ဟာ အောင်ပွဲမရသလောက်ဖြစ်တယ်။ အထူးသဖြင့် ၁၀၂၇ ပထမလှိုင်းနဲ့အတူ စစ်တပ်ဟာ စစ်ဦးကျိုးသွားတဲ့သဘောမျိုး တွေ့ရတယ်။
ဒုတိယအမျိုးအစားက နဂိုကတည်းကရှိလာခဲ့တဲ့ အီးအေအိုတွေမဟုတ်ဘဲ တော်လှန်ရေးစပြီးမှ ပေါ်ပေါက်လာတဲ့ ခုခံရေးတပ်တွေ (ဥပမာ KNDF လိုတပ်တွေ) ဖြစ်တယ်။ ဒီလိုတပ်တွေနဲ့ တွေ့တဲ့ပွဲမှာ စစ်တပ်ဟာ အတိုင်းအတာတခုအထိ စစ်ပွဲကို ထိန်းထားနိုင်တဲ့သဘော တွေ့ရတယ်။ KNDF၊ NUG တပ်ဖွဲ့အများစု၊ MDY-PDF၊ BPLA ၊ PLA လိုတပ် တွေဟာ စစ်ပုံကျမှု၊ စစ်စည်းကမ်းလိုက်နာမှုနဲ့ စစ်ဆင်မှုဗျူဟာတွေမှာ အမီလိုက်နိုင်ပေမယ့် အဓိက လက်နက်နဲ့ကျည်ပစ်အားတွေမှာ အစဥ်အလာ အီးအေအိုတွေ (အထူးသဖြင့် မြောက်ပိုင်းအဖွဲ့တွေလို) မပြည့်စုံသေးတာကြောင့်ဖြစ်တယ်။
နောက်ဆုံးအမျိုးအစားက ဒေသအသီးသီးမှာ ကွဲပြားခြားနားစွာ တည်ထောင် ရုန်းကန်နေကြတဲ့ ပီဒီအက်ဖ်တွေပဲဖြစ်တယ်။ အများစုဟာ ပျောက်ကြားစစ်နည်းဗျုဟာနဲ့ တချို့ဟာ စစ်ဝတ်စုံ စစ်အသုံးအဆောင် (ဖိနပ်၊ ဦးထုတ် အစရှိသည်) တွေကိုပဲ ပြည့်စုံအောင် မသုံးစွဲနိုင်ကြသေးတာ တွေ့ရတယ်။
‘ထောက်ပို့ မဟာမိတ်နဲ့ တော်လှန်ရေး’
လွိုင်ကော်တိုက်ပွဲတွေမှာ လက်နက်အင်အားနဲ့ ပစ်အား ကွာခြားချက်တွေအပြင် ရှမ်းတောင်ကို ဖြတ်ပြီးသုံးတဲ့ စစ်တပ်ရဲ့ ထောက်ပို့လမ်းကြောင်း (ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ) အားသာမှုနဲ့ ရှမ်းတောင်က ပအို့ဝ်အဖွဲ့ (PNO) တွေ ပူးပေါင်းမှုကလည်း အချက်တချက်အနေနဲ့ ပါဝင်တယ်လို့ ကောက်ချက်ချရမှာဖြစ်တယ်။
ရှေ့မှာ စစ်ပွဲတွေ ပိုပြီး ပြင်းထန်လာနိုင်တာမို့ စစ်ကိုင်း၊ မကွေးကို အခြေခံလှုပ်ရှားကြတဲ့ ဒေသတွင်း PDF တွေအနေနဲ့ ပိုပြီး ထိရောက်ပြင်းထန်တဲ့ တိုက်ပွဲတွေကို ဆင်နွှဲဖို့၊ ရင်ဆိုင်ဖို့နဲ့ ဒေသတွင်းလူထုကို အကာအကွယ်ပေးဖို့ ဘယ်လိုစုစည်းမှုနဲ့ မဟာမိတ်စုဖွဲ့မှုတွေ ရှိသင့်သလဲ၊ ပြန်လည် သုံးသပ်ပြင်ဆင်မှုတွေ လိုအပ်လာပြီဖြစ်တယ်။
About The Call 331 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*