
“အနာဂတ် သေနာပတိ”အော်စွန်းမိုင်
တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့
ရဲတံခွန်တွေ လေကစား ကြွားတလူလူဝေ
တို့တပ်ဦးဆီမျှော်လိုက်ပြန်တော့
တံခွန်တွေ အလံတွေ ရဲမာန်ပွားလောက်ပေ။
ဒီမိုကရေစီနိုင်ငံတွေမှာရှိတဲ့ စစ်တပ်ရဲ့ အဓိက ဂုဏ်သိက္ခာနဲ့ အလေ့အထကောင်းတခုက လူမျိုးစုံ၊ ဘာသာစုံ၊ ဒေသစုံ၊ မျိုးနွယ်ပေါင်းစုံ ပါဝင် ဖွဲ့စည်း ထူထောင်ထားပြီး ပြည်ထောင်စုကို ကိုယ်စားပြုတဲ့တပ် ဖြစ်ခြင်းပါပဲ။ တပ်တွင်း ဥပဒေတွေနဲ့ လုပ်ထုံးလုပ်နည်းတွေက နိုင်ငံအတွင်းမှာရှိတဲ့ လူမျိုးစုံ ဒေသစုံကို ကိုယ်စားပြုထားပြီး လူမျိုးကြီးတစုအတွက် သီးသန့် ဦးစားပေးထားတဲ့ တပ်မျိုးမဖြစ်အောင် ဂရုစိုက် စီမံကြရပါတယ်။
အမေရိကန်စစ်တပ်မှာ လူမျိုးပေါင်းစုံကို တန်းတူအခွင့်အရေး ပေးထားတာကြောင့် စစ်သားစုဆောင်းမှုနဲ့ ရာထူးတိုးမှုမှာ ဆွဲဆောင်အားကောင်းပြီး ကမ္ဘာမှာ အအောင်မြင်ဆုံး ပြည်ထောင်စုတပ်ကြီး ဖြစ်နေတယ်လို့ ဆိုကြပါတယ်။
တပ်မတော်ကာကွယ်ရေးဝန်ကြီးဖြစ်သူ သေနာပတိက အရေးအကြီးဆုံးပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။ တိုက်ခိုက်ရေးတပ်မကြီး တခုလုံးကို ဦးဆောင်ရ၊ စစ်ပွဲတခုလုံးကို အမိန့်ပေးကွပ်ကဲရတဲ့ တာဝန်ကို ထမ်းရွက်ရသူပဲဖြစ်တယ်။
ကာကွယ်ရေးဌာနကို ပဲ့ကိုင်ရမယ့်သူက အတွေ့အကြုံရင့်ကျက်ပြီး မဟာဗျူဟာကို ကျွမ်းကျင်ရုံသာမကဘဲ လေ့ကျင့်ထားတဲ့ သံတမန်ဆက်ဆံရေးရှိမှု၊ မိတ်ဘက်နဲ့ရော ရန်သူနဲ့ပါ ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်။ သေနာပတိက တိုင်းပြည်နဲ့ ပြည်သူလူထုကို ကိုယ်စားပြုပြီး ခေါင်းဆောင် တဦးအနေနဲ့ အမြဲတမ်း ဂုဏ်သိက္ခာရှိရှိ တာဝန်ထမ်းဆောင်ရမယ်။
သေနာပတိက နှစ်ကာလရှည်ကြာ ဖြတ်သန်းမှုအတွင်း တွေ့ကြုံလာတိုင်း စိန်ခေါ်မှုတိုင်းကို ထူးကဲတဲ့ကျွမ်းကျင်မှု၊ ပုဂ္ဂိုလ်ရေးလေးနက်မှု၊ ယဉ်ကျေးမှု၊ ကျင့်ဝတ်စောင့်ထိန်းခြင်းတို့နဲ့ တုံ့ပြန်ရလိမ့်မယ်။ သူက စစ်မှန်ပြီး အစမ်းသပ်ခံနိုင်တဲ့ စစ်သားနဲ့ ခေါင်းဆောင်ဖြစ်ရမယ်။
သေနာပတိက သူ့ရဲ့အကြံဉာဏ်၊ စီမံကွပ်ကဲမှုတွေ ကောင်းမွန်ထက်မြက်နေပြီး သူ့ရဲ့တည်ငြိမ်မှု၊ ရဲစွမ်းသတ္တိနဲ့ ပင်ကိုယ်လက္ခဏာ ပြည့်စုံမှုတွေက လေးစားစရာဖြစ်ပြီး မျိုးချစ်၊ နိုင်ငံချစ် ပုဂ္ဂိုလ်တဦးဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သက်သေပြနေရမယ်။ သေနာပတိဟာ တိုင်းပြည်အပေါ် အမှုထမ်းရင်းနဲ့ သူ့အလုပ်တာဝန်မှာ တိုးတက်အောင် တည်ဆောက်နိုင်ရမယ်။ သူ ချစ်ခင်တွယ်တာတဲ့ စစ်တပ် အင်စတီကျူးရှင်းထဲမှာ အားလုံး ပါဝင် ပေါင်းစည်းမှုရှိအောင်၊ ယဉ်ကျေးမှုဖြစ်အောင် အဆင့်တိုင်း နေရာတိုင်းမှာ ကြိုးပမ်းအားထုတ်ရမယ်။
သေနာပတိဖြစ်လာမယ့်သူဟာ စစ်ပွဲမှာ ပါဝင် စစ်မှုထမ်းခဲ့သူတွေ၊ သူတို့မိသားစုတွေကို ကောင်းမွန်တဲ့ လူမှုဘဝ ပြန်ရရှိဖို့ ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးရမယ်။ စစ်ရဲ့ မယုံကြည်နိုင်လောက်အောင် များပြားတဲ့ ဆုံးရှုံးမှုတွေ၊ တန်ဖိုးပေးခဲ့ရတဲ့ မိသားစုတွေ၊ သေကြေ ကျဆုံးရသူတွေရဲ့ မိသားစုတွေရဲ့ နှလုံးသားတွေမှာ ဒွန်တွဲနေတဲ့ ဂုဏ်ယူမှုနဲ့ နာကျင်မှုတွေကို ကောင်းကောင်းသိရှိရမယ်။
နိုင်ငံမှာ မတူကွဲပြားတဲ့ ဗဟုယဉ်ကျေးမှုကို ထင်ဟပ်ပေါ်လွင်အောင် သေနာပတိက မြှင့်တင်ပေးရမယ်။ မရေတွက်နိုင်တဲ့ လူမျိုးစုံ လူငယ်တွေကို သွန်သင် ပြသ လမ်းညွှန်ပေးပြီး လူငယ်တွေရဲ့ ဘဝဇာတ်လမ်းတွေကို မြေတောင် မြှောက်ပေးရမှာဖြစ်တယ်။
စစ်တပ်အပေါ် အရပ်ဘက်ရဲ့ထိန်းချုပ်မှု အရေးကြီးတာ၊ ကာကွယ်ရေးဝန်ကြီးဌာနမှာ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ခိုင်မာအားကောင်းမှု အရေးကြီးတာကို လေးလေးနက်နက် ယုံကြည် လေးစား တန်ဘိုးထားရမယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မူဝါဒတွေကို ပုံဖော်ရာမှာ စစ်ခေါင်းဆောင်တွေနဲ့ လက်တွဲလုပ်မယ့် အရပ်သားတွေရဲ့ အင်အားစွမ်းရည်တွေလည်း လိုအပ်တယ်။ အနာဂတ်သေနာပတိဟာ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးရဲ့ တာဝန် ကြီးလေးမှုကို ကောင်းစွာ သိရှိနားလည်ရမယ်။
နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးက စစ်တပ်ဆိုတဲ့ လက်နက်ကိရိယာပဲ ဖြစ်တယ်ဆိုတာ အနာဂတ်သေနာပတိ သဘောပေါက်ရမယ်။ နိုင်ငံတော်မူဝါဒတွေကို ဦးဆောင်ဦးရွက်ပြုနေတဲ့ သံတမန်တွေနဲ့ ပညာရှင်တွေကို တပ်က ကျားကန်ကူညီပေးရမယ်။
အနာဂတ်သေနာပတိဟာ ကနေ့ ရင်ဆိုင်နေရတဲ့စစ်ပွဲတွေ၊ အတိတ်နဲ့ဆက်စပ်နေတဲ့ ဖြစ်စဉ်တွေကို ဆက်တိုက်သိနေပြီး အနာဂတ်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ သန္နိဋ္ဌာန် ချထားရမယ်။ လာမယ့်ကာလမှာ စွန့်စားလုပ်ဆောင်ရမှာတွေကို သူ့ရဲ့ဦးဆောင်မှုနဲ့ အမြင့်ဆုံးတန်ဖိုးတွေ၊ စံပြုလောက်တဲ့ ဂုဏ်သိက္ခာတွေနဲ့ ပြည်သူလူထုရဲ့ တော်လှန်ရေးနဲ့ လုံခြုံရေးကို ကာကွယ်ပေးရမယ်။ အောင်ပွဲဆီ ချီနိုင်ရမယ်။
စာကိုး။ Why I chose, Floyd Austin as Secretary of Defense By Joe Biden
Be the first to comment