
“အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါ”

(၁)
အနိုင်ဆိုတာက သူ့ကိုယ်သူ ပြောတဲ့နာမည်။ နာမည်အရင်းက ထွန်းအောင်နိုင်။ အသက်က (၂၁)နှစ်။ အသားအရည်က ဖြူဖြူသန့်သန့်၊ မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့ ပြောရရင် သူ့ရုပ်ရည်က ရုပ်ရှင်မင်းသားတောင် လုပ်လို့ရတယ်။
ဒါပေမယ့် အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါဘူး။
(၂)
ကျနော်တို့ဆေးရုံကို အနိုင် စရောက်တဲ့နေ့တုန်းက စကားလည်း မေးမရဘူး။ သူ့နာမည်ကို မေးတာတောင် လူနာလိုက်ပို့တဲ့ ရဲဘော်တွေက ဖြေပေးကြတယ်။ စခန်းကုန်းကို သိမ်းပိုက်အောင်မြင်ပြီးခါမှ မြေမြှုပ်မိုင်း နင်းမိခဲ့သတဲ့။ မြင်လိုက်ရတဲ့ ရဲဘော်တွေက ပြောကြတယ်။
“သူ့တကိုယ်လုံး လေပေါ်ကို ဝုန်းခနဲ လွင့်တက်သွားတာ။ ကျနော်တို့က ပွဲချင်းပြီး သေပြီလို့တောင် ထင်တာပဲ”
သေကံမရောက်ပေမယ့် အနိုင်ဟာ ခြေထောက်နှစ်ဘက်လုံးကို ဆုံးရှုံးလိုက်ရတယ်။ ခွဲစိတ်ခန်းထဲမှာ ခြေထောက်ပြတ်တွေရဲ့ ထိခိုက်ဒဏ်ရာတွေကို ဆေးကြောသန့်ရှင်းတာကိုတောင် အနိုင်ဟာ အသံထွက်ပြီး ညည်းညူတာမျိုး မရှိဘူး။ မေးရိုးကြီးထင်းနေအောင် အံကြိတ်ပြိး တင်းခံထားခဲ့တယ်။
ခွဲစိတ်ခန်းကအထွက်မှာ အနိုင့်ကို သွေးပေါင်ချိန်ပေးရင်း “ဒဏ်ရာတွေက နာနေသေးလား” လို့ မေးတော့ သူက ခေါင်းညိတ်ပြတယ်။ ခွဲခန်းထဲမှာ မျက်ရည် မကျခဲ့တဲ့ အနိုင်ဟာ အဲဒီနေ့တနေ့လုံး စောင်ထူထူကြီးကို ခေါင်းမြီးခြုံပြီး ကလေးငယ်တယောက်လို ကြူကြူပါအောင် ငိုပါတယ်။
“စခန်းကုန်းကို သိမ်းပြီးချိန်မှကွာ”
အဲဒီစကားက ဆေးရုံကို စရောက်တဲ့အချိန်ကစလို့ ပြောခဲ့တဲ့ တခွန်းတည်းသော စကားပါပဲ။
(၃)
ဆေးရုံတက်ပြီးချိန်ထဲက အနိုင်ဟာ ထမင်းကောင်းကောင်း မစားဘူး။ ဘယ်သူ့ကိုမှလည်း စကားမပြောဘူး။ အချိန်ရှိသရွေ့ ခေါင်းမြီးခြုံပြီး နေတယ်။ အစားမဝင်တော့ လူကလည်း ပိန်ကျသွားတယ်။
“ထမင်းတော့ ဝင်အောင်စားရမယ်နော် ကိုယ့်ဆရာ။ ခွဲခန်းဝင်ရဦးမှာဆိုတော့ အားရှိဖို့ လိုတယ်”
အနိုင်က ထုံးစံအတိုင်း ခေါင်းညိတ်ပြပြီး အဖြေပြန်ပေးတယ်။ ပဋိဇီဝ ပိုးသတ်ဆေးတွေထိုး ၊ ပုလင်းကြီးတွေချိတ်ပြီး အနိုင့်ရဲ့ ခြေထောက်တွေကို ဖြတ်ဖို့ ပြင်ဆင်ကြရတယ်။ ခွဲခန်းမဝင်ခင် မနက်မှာ အနိုင်ဟာ ကျနော့်ကို ထူးထူးခြားခြား စကားတွေပြောလာတယ်။
“ဆရာ ညာဘက်ခြေထောက်ကိုတော့ တအားကြီး တိုအောင် မဖြတ်ပါနဲ့နော်။ ကျနော့်ကို ကတိပေးပါ ဆရာ”
တဖွဖွတောင်းပန်နေတဲ့ အနိုင့်ကိုကြည့်ပြီး ကျနော်ကိုယ်တိုင် မျက်ရည်စို့လုလု။ ပြီးတော့ “အနိုင်ပြောတဲ့အတိုင်း ဖြစ်စေရမယ်”ဆိုပြီး ကတိပေးရတယ်။
(၄)
ခွဲခန်းကအထွက်မှာ အရင်ထက် ပိုပြီးတိုသွားတဲ့ ငုံးတိတိခြေထောက်တွေကို ကြည့်ပြီး အနိုင်ဟာ အရင်ကလို နှုတ်ဆိတ်သွားပြန်ပါတယ်။ ပိုပြီး စိတ်ထိခိုက် သွားပုံပါပဲ။ သူ့အဖော် ရဲဘော်တွေကလည်း အချိန်ပြည့်နီးပါး သူ့ဘေးမှာ အဖော်လုပ်ပြီး အားပေးကြတယ်။
ကျနော်တို့မှာ ခြေထောက်တွေ ရှိနေသေးတဲ့အတွက် အနိုင့်အပေါ် ကိုယ်ချင်းစာစိတ် အပြည့်အဝရှိတယ်ဆိုပြီး ပြောမထွက်ခဲ့ပါဘူး။ ဒါပေမယ့် ကျနော်တို့ဆေးရုံမိသားစုဟာ ပီဒီအက်ဖ်ရဲဘော်လေး အနိုင်ကို တတ်အားသမျှ အားပေး ဖေးမခဲ့ကြပါတယ်။
ဒါပေမယ့်လည်း အနိုင်တယောက်ကတော့ အချိန်ရှိသရွေ့ တိုးတိတ် နှုတ်ဆိတ်မြဲ။ အစားကိုလည်း ဟုတ်တိပတ်တိမစား။ လူနာခုတင်တိုင်ကို ကျောမှီပြီး ပြတင်းပေါက်ကနေ ဟင်းလင်းပြင်မြင်ကွင်းကို ငေးငေးရီရီ ကြည့်တဲ့အခါ ကြည့်၊ စောင်ခေါင်းမြီးခြုံပြီး တနေကုန် အိပ်တဲ့အခါ အိပ်။ ခွဲစိတ်ခန်းဝင်ပြီး ခြေထောက်နှစ်ဘက်ကို ဖြတ်တောက်အပြီးမှာ အနိုင်ဟာ ချက်ချင်းဆိုသလို ပိန်ချုံးကျသွားပြန်တယ်။
ကြာတော့လည်း အနိုင်ဟာ သူကိုယ်တိုင် လက်မခံချင်တဲ့ အမှန်တရားတခုကို လက်ခံလိုက်ပုံပါပဲ။ သူငယ်ချင်းတွေနဲ့ တလုံးစ နှစ်လုံးစ စကားတွေ စပြောသလို ကျနော်တို့ ဆေးရုံဝန်ထမ်းတွေ ရောင်းလှည့်ချိန်မှာလည်း အရင်လို ခေါင်းညိတ်ခေါင်းခါ ပြန်ဖြေတာမျိုးမလုပ်ဘဲ စကားနဲ့ ပြန်ပြောပါတယ်။ ဒါပေမယ့် အနိုင့်ရဲ့မျက်နှာမှာ အရယ်အပြုံးတော့ မတွေ့မမြင်ရသေးပါဘူး။
(၅)
ဆေးရုံမှာ အနေကြာလာတော့ အနိုင်ဟာ သူ့ကို ဂရုစိုက်စောင့်ရှောက်ကြတဲ့ ဆေးရုံဝန်ထမ်းတွေနဲ့ ပိုရင်းနှီးလာပြီး စကားတွေဘာတွေ ပြောလာပါပြီ။
“ဆရာရေ ထူးဆန်းတယ်နော်။ ညအိပ်ပြီဆိုတာနဲ့ ကျနော့် ညာဘက်ခြေမက နာနာနေတယ်။ ရှိလည်း မရှိတော့ဘဲနဲ့”
“အဲဒါက ဒီလိုရှိတယ်။ ခြေထောက်ကို ဖြတ်လိုက်ပေမယ့် ခြေထောက် ခံစားလှုပ်ရှားနိုင်ဖို့ ထောက်ပံ့ပေးတဲ့ အာရုံကြောက ရှိနေသေးတယ်လေ။ အဲဒါကြောင့် မရှိတော့တဲ့ ခြေမတို့၊ ခြေချောင်းတို့က နာသလို ခံစားရတာမျိုးလည်း ဖြစ်တတ်တယ်”
“အော် အဲဒီလိုကိုး။ ကျနော်ပြောပြတာကို ဒီကောင်တွေက ရယ်ရယ်နေကြတာ”
သူငယ်ချင်းတွေကို လက်ညိုးထိုးပြီး မကျေမချမ်းပြောနေတဲ့ အနိုင့်ပုံစံက ပီဘိ ကလေးတယောက်လို။ အို တကယ်တော့ အနိုင်ဟာ ကလေးသာသာ အရွယ် ပါပဲလေ။ တက္ကသိုလ်စာသင်ခန်းထဲ ဘော့ပင်ကိုင်နေရမယ့်အချိန်မှာ သေနတ်ကိုင်ပြီး တိုက်ပွဲဝင်ဖို့ ရဲရင့်ခဲ့သူ လူငယ်လေးတဦး။
မိတ်ဖက်အဖွဲ့အစည်းအနေနဲ့ တိုင်းရင်းသားနယ်မြေထဲ စခန်းသိမ်းတိုက်ပွဲတွေ အကြိမ်ကြိမ် ဆင်နွှဲခဲ့ဖူးသတဲ့။ တိုက်ပွဲတိုင်းလည်း ရှေ့တန်းကနေ ပါဝင်ရမှ ကျေနပ်အားရမိသတဲ့။
“ဒီမှာကြည့် ဆရာ”
အနိုင်က မန်ယူဂျာစီရဲ့ ညာဘက်လက်မောင်းကို ပင့်တင်ပြီး ပြတယ်။ လက်မောင်းအိုးအထက်မှာ စည်းနှောင်ထားတာက အညိုရင့်ရောင် ကျစ်ကြိုးကလေး။
“ဒါ အမေ့ထဘီစလေးကို ကြိုးလိုကျစ်ပြီး အဆောင်လက်ဖွဲ့လို လက်မောင်းမှာ ပတ်ထားတာ ဆရာ။ ကျနော့်ခေါင်းဘေးကနေ ကျည်ဆံတွေ တရွှီရွှီနဲ့ ပျံဝဲနေတာ ခဏခဏပဲ။ ဘုရားစူးရစေ ကျနော် မညာဘူး။ လက်နက်ကြီးကျတိုင်းလည်း ကျနော် တခါမှ မထိခဲ့ဖူးဘူး”
ခုလို အနိုင်တယောက် စိတ်လိုလက်ရ စကားတွေပြောတာ ပထမဆုံးအကြိမ်လိုပါ။ သူပြောပြချင်နေတာတွေကို ကျနော် စိတ်ရှည်လက်ရှည် နားထောင်တယ်။
“အမေ့ အထက်ဆင်စလေးက အဲဒီလောက်ထိကို စွမ်းတာ။ ဒါပေမယ့် မြေမြှုပ်မိုင်းမထိအောင်တော့ မကယ်နိုင်ခဲ့ဘူးဗျာ”
တိုးသက်တိမ်ဝင်သွားတဲ့ စကားသံနဲ့အတူ အနိုင့်မျက်ဝန်းတွေမှာ မျက်ရည်စတို့ ဝေ့ဝဲလာခဲ့တယ်။
“စိတ်ဓာတ်တော့ မကျနဲ့ကွာ။ ဆေးရုံဆင်းပြီးတာနဲ့ လေ့ကျင့်ခန်းတွေ စလုပ်ဖို့ ပြင်ဆင်ရမယ်။ ခြေတုတပ်ရမယ်။ လမ်းပြန်လျှောက်နိုင်ဖို့ လေ့ကျင့်ကြိုးစားရမယ်”
အနိုင်က ကျနော့်ကို တွေတွေကြီး မော့ကြည့်နေတယ်။ ပြီးတော့ မေးတယ်။
“ဆရာက ကျနော် လမ်းပြန်လျှောက်နိုင်မယ်လို့ ထင်တာပေါ့”
“ထင်တာမဟုတ်ဘူး။ ဆရာက တကယ် ယုံကြည်တာ”
ဝှီးချဲပေါ်မှာ ထိုင်နေတဲ့ အနိုင်က ယဲ့ယဲ့ပြုံးတယ်။ အပြုံးယဲ့ယဲ့ဆိုပေမယ့် ဆေးရုံကို စရောက်ကတည်းက သူ့မျက်နှာပေါ်မှာ ထင်ဟပ်လာတဲ့ ပထမဆုံးအပြုံးဆိုလည်း ဟုတ်တယ်။
(၆)
အမေတခု သားတခုဘဝနဲ့ နေထိုင်ခဲ့ကြတဲ့ အနိုင်ဟာ အမေဖြစ်သူကို သူ မိုင်းထိခဲ့တဲ့အကြောင်း ပေးမသိခဲ့ပါဘူး။
“သိသွားလို့ရော ဘာထူးမှာလဲ။ ရင်ကျိုးရုံပဲ ရှိတော့မှာပေါ့။ ကျနော်ကတော့ အမေ့ကို ပေးသိမှာမဟုတ်ဘူး”
ကာယကံရှင်ရဲ့ဆန္ဒကြောင့် ကျနော်က ဇွတ်တိုက်တွန်းပြီး အကြောင်းကြားတာမျိုး မလုပ်ခိုင်းပါဘူး။ ပြီးတော့ ခုလိုအခြေအနေမှာ လူနာရဲ့ စိတ်အခြေအနေကလည်း တည်ငြိမ်မှု အပြည့်အဝ ရှိမနေသေးဘူး။ ဒီတော့ ကျနော်တို့ဘက်က အတတ်နိုင်ဆုံး ဖေးမကူညီပြီး ခြေတုတပ်တဲ့ ကုသမှုအဆင့်ထိ ရောက် သွားအောင် ဝိုင်းဝန်းသွားကြဖို့ပဲ ရှိပါတယ်။
ပြောရရင် အနိုင်ဆိုတဲ့ လူငယ်လေးတယောက်ဟာ မျှော်လင့်မထားဘဲ ကြုံလိုက်ရတဲ့ အခြေအနေဆိုးကြီးတခုအပေါ် သူ့ကိုယ်ပိုင်သိစိတ်နဲ့ အဆုံးစွန်ထိ ပြိုလဲမသွားအောင် ကြိုးစားရုန်းကန်နေရတုန်းပါပဲ။
တခြားသူတွေနဲ့ စကားတွေ ပြောနေရုံနဲ့၊ ဆေးရုံဝန်ထမ်းတွေ မေးသမျှကို ပြန်ဖြေရုံနဲ့တော့ သူ့စိတ်အခြေအနေက တည်ငြိမ်နေပြီလို့ မဆိုနိုင်သေးပါဘူး။ အထူးသဖြင့် သူ့ဘဝရှေ့ရေးတွေအကြောင်း သူကိုယ်တိုင် ပြောပြတဲ့အချိန်မှာ သူ စိတ်ဓာတ်ကျနေဆဲဆိုတာကို သတိထားမိစေတဲ့ စကားလုံးတွေ ကြားနေရပါသေးတယ်။
“ခြေထောက်တွေ မရှိမှတော့ ဘာလုပ်စားလို့ ရတော့မှာလဲ”
“ကျနော့်ဘဝက သွားပြီလေ”
“ဘဝရှေ့ရေး ဆိုတာကြီးကိုလည်း တွေးမနေချင်တော့ပါဘူးဗျာ”
ခြေထောက်နှစ်ဘက် ဆုံးရှုံးရတယ်ဆိုပေမယ့် ဘဝဆုံးသွားတာ မဟုတ်တဲ့အကြောင်း၊ ခြေတုတပ်ပြီးတဲ့အခါ ရဲဘော်တွေကို လက်မှုပညာဖြစ်စေ၊ နည်းပညာပိုင်းဖြစ်စေ သင်တန်းပေးသွားဖို့ရှိကြောင်း ကျနော်က အနိုင့်ကို ပြောပြရတယ်။ ထုံးစံအတိုင်း အနိုင်က ယဲ့ယဲ့ပြုံးပါတယ်။
(၇)
အနိုင့်ကို ဆေးရုံကဆင်းပေးပြီး သူ့လိုမျိုး ခြေပြတ်ရဲဘော်တွေ ထားရှိတဲ့အဆောင်ဆီ ရွှေ့ပြောင်းပေးရတယ်။ အနာတွေ ဆေးထည့်ဖို့အတွက် သုံးရက်မှာ တကြိမ်လာရောက်ဖို့ ဆေးရုံကို ခေါ်ရတယ်။
အနိုင်ရဲ့ စိတ်အခြေအနေက swing နေပုံပါပဲ။ ဘယ်လိုပဲ စိတ်ခွန်အားဖြစ်အောင် အားပေးစကားတွေ ပြောနေပေမယ့်လည်း သူ့မျက်နှာမှာ စိတ်ဓာတ်ကျတဲ့ အရိပ်အရောင်တွေက ရှိနေဆဲ။
“ဆေးရုံဆင်းသွားပြီဆိုပေမယ့် ဆေးရုံကို မကြာမကြာ လာလည်နော်။ ကိုအိုက်ကျော်ကို လိုက်ပို့ခိုင်း”
ကိုအိုက်ကျော်ဆိုတာက လူနာတွေကို ဝှီးချဲနဲ့ လိုက်ပါစောင့်ရှောက်ရတဲ့ အဆောင်ဝန်ထမ်း။ “ဟုတ်ကဲ့ ဆရာ” လို့ ပြန်ဖြေပေမယ့် အနာဆေးထည့်ချိန်ကလွဲရင် အနိုင်က ဆေးရုံကိုလာလေ့မရှိဘူး။
တခုသောမနက်မှာတော့ အနိုင်တယောက် ဆေးရုံကို ရောက်ချလာပါတယ်။ မျက်နှာမှာလည်း ပီသတဲ့ အပြုံးတခုနဲ့။
“ဘာဖြစ်လို့လဲ အနိုင်” ဆိုပြီး ကျနော်က စိတ်ပူတကြီးမေးတော့ “ဘာမှ မဖြစ်ဘူး ဆရာ” လို့ သူ ပြန်ဖြေတယ်။ “ဆရာ့ကို ပြစရာရှိလို့” တဲ့။
သူ့အင်္ကျီအိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး Facebook ပေါ်က ဓာတ်ပုံဆောင်းပါးတခုကို ပြတယ်။ ပီဒီအက်ဖ်ရဲဘော်တွေ ရဲစခန်းတခုရှေ့မှာ ကျကျနန ပို့စ်ပေးပြီး ရိုက်ထားတဲ့ ဓာတ်ပုံတပုံ။ မြို့သိမ်းတိုက်ပွဲတခုရဲ့ သမိုင်းဝင်ဓာတ်ပုံတပုံကို ကျနော်ကိုယ်တိုင်လည်း တွေ့မြင်ပြီးဖြစ်ပါတယ်။
“အဲဒါ ကျနော်တို့မြို့လေ ဆရာ”
“ဟုတ်လား မိုက်ပြီလေ။ ပျော်စရာကြီးပေါ့”
အနိုင် ဘယ်လောက်ထိ ပျော်နေမလဲဆိုတာ မေးကြည့်နေစရာတောင် မလိုပါဘူး။ အပြုံးတွေပြည့်နေတဲ့ သူ့မျက်နှာကိုကြည့်ရုံနဲ့ သိနိုင်ပါတယ်။
“ဒီလိုဆိုတော့လည်း ဘဝက နေပျော်စရာကြီးပါလားဗျာ”
အားတက်သရောပြောနေတဲ့ အနိုင့်ကိုကြည့်ပြီး ကျနော် ကျေကျေနပ်နပ်ကြီး ပြုံးမိတယ်။ အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါဘူး။ ဒါပေမယ့် ယုံကြည်ချက်တော့ အပြည့်အဝ ရှိနေတဲ့ပုံပါပဲ။
Be the first to comment