ငွေကြယ်စင်
အခန်း (တစ်)
အိမ်ရှေ့ကနေ မနက်ခုနစ်နာရီခွဲရင် ကားအနီရောင်လေးတစီး ဖြတ်သွားတတ်တာကို မနက်တိုင်း ကျနော် စောင့်ကြည့်မိနေတတ်တယ်။ မမ လှလှလေး တယောက် မောင်းသွားတာ။ ကျနော်က ခုနှစ်တန်းကျောင်းသားအရွယ်ပဲ ရှိသေးတော့ ဘာဘာညာညာစိတ်မျိုး မရှိပါဘူး။ ကျနော့်အမအရင်း ဖြစ်ရင်ကောင်းမှာလို့ စိတ်တော့ဖြစ်ဖူးတယ်။ ဘာလို့လဲဆိုတော့ ကျနော် အဲ့ဒီကားကို စီးချင်လို့ပါ။
ကျနော်တို့မိသားစုက အဲဒီလိုကားကို စီးရဖို့မပြောနဲ့ ကားအနားကိုတောင်ကပ်ဖို့ မထိုက်တန်ပါဘူး။ သူများအိမ်ဘေးမှာ အဖီလေးထိုး၊ အဖေက ကြုံရာကျပန်းလုပ်ပြီး အမေကတော့ ကလေးတွေ အများကြီးမွေးတာပဲ လုပ်နေတာ။ မမရဲ့ကားလေး ဖြတ်သွားတာကို ကျနော်ကြည့်နေတာမြင်တော့ အမေက သူ အဝတ်သွားလျှော်တဲ့အိမ်က သူဌေးသမီးလို့ပြောတယ်။ တက္ကသိုလ်က ဆရာမတဲ့။ အဲ့ဒါ အဲ့ဒီဆရာမ ကျောင်းကို စာသွားသင်တာတဲ့။ အမေကပြောသေးတယ်၊ သူတို့အိမ်မှာ ဆရာမက သဘောအကောင်းဆုံးပဲတဲ့၊ ကျန်တဲ့အိမ်သားတွေက မောက်မာတယ်တဲ့၊ ဆရာမရဲ့အဖေက အရာရှိကြီးတဲ့။
အော် ဒါဆို အဲ့ဒီမမက ဆရာမပေါ့။ သူက တက္ကသိုလ်ကျောင်းက ဆရာမ၊ ကျနော်က ခုနှစ်တန်းဆိုတော့ ဆရာမနဲ့စာသင်ခွင့်ရဖို့ အဝေးကြီးရယ်။ ကျနော် ဆရာမနဲ့ စာသင်ခွင့် ရချင်လိုက်တာ။
********
အခန်း (နှစ်)
ကျနော်တို့မိသားစုက ဆင်းရဲပေမဲ့ အမေတို့ကို ကျေးဇူးတင်ဖို့ကောင်းတာက ကျနော်တို့မောင်နှမတွေကို ကျောင်းထားပေးတာပဲ။ ကျနော်နဲ့ ရွယ်တူတချို့ဆို ကျောင်းမတက်ဘဲ အလုပ်လုပ်ပြီး အိမ်ကို ပြန်ရှာကျွေးနေရပြီလေ။
အစိုးရကျောင်းမှာ ကျောင်းထားပေးတာတောင် ကျောင်းစရိတ် မနည်းရှာရတာ၊ ကျူရှင်ဘယ်ထားနိုင်မလဲ။ ကျနော်က ကံ နည်းနည်းပိုကောင်းတယ် ထင်ပါရဲ့ အိမ်နဲ့ နှစ်လမ်းကျော်လောက်မှာ ကျနော်တို့လို မတတ်နိုင်တဲ့ ကလေးတွေအတွက် အတန်းစုံ ပညာဒါန ကျူရှင်ခန်းလေး ရှိတယ်။ လာသင်တဲ့ဆရာတွေကလည်း ကျနော်တို့အတန်းက သူငယ်ချင်းတွေဆိုရင် ပိုက်ဆံပေးတက်ရတဲ့ ဆရာတွေပဲဆိုတော့ ကျနော်တို့လည်း အဆင့်မီမီ ကျူရှင်တက်နိုင်တာပေါ့။
ကျောင်းဆင်းရင် ပညာဒါနအတန်းလေးဆီ ဆက်သွားတယ်။ ပြီးတော့မှ အိမ်ပြန်တယ်။ တနေ့သော ကျောင်းဆင်းချိန်တခုမှာ ကျူရှင်ခန်းလေးဆီသွားတော့ ကျနော် မနက်တိုင်းစောင့်ကြည့်တဲ့ ကားအနီလေး ရပ်ထားတာတွေ့တယ်။
အံ့ဩစရာပဲ ဆရာမက ကျနော်တို့ကျောင်းလေးမှာ စာလာသင်ပေးတာတဲ့လေ။ ကျနော် မျှော်လင့်ခဲ့ဖူးတဲ့ ဆရာမနဲ့ စာသင်ခွင့်တဲ့ … ကျနော် သေလို့ရပြီထင်ပါရဲ့။
စာသင်ချိန်တွေ ရက်ပေါင်းများစွာကြာတဲ့အခါ ကျနော်တို့အားလုံးနဲ့ ဆရာမ ရင်းနှီးသွားတယ်။ ဆရာမက တခြားဆရာမတွေနဲ့ မတူဘူး။ စာသင်တာလည်းကောင်းသလို ကျနော်တို့အားလုံးအပေါ် နွေးထွေးပါတယ်။ ပညာဒါနကျောင်းလေးမှာ ကျနော် သိပ်ပျော်တာပဲ။
******
အခန်း(သုံး)
“ခင်ဗျား အလုပ်ကို ဘယ်လိုလုပ်နေတာလဲ၊ ဒီရေမြောင်းလေးဖော်တာကို ေ-ာက်တလွဲတွေနဲ့ အလုပ်လုပ်တာေ-ာက်ချိုး ကိုမပြေဘူး *$#&”
ကြားရတဲ့အသံကရော မြင်ရတဲ့မြင်ကွင်းကရော ကျနော့်အတွက် နာကျင်စရာကောင်းတယ်။ ကျောင်းသွားဖို့ထွက်လာတော့ အမေက နင့်အဖေဆီမှာ မုန့်ဖိုးဝင်တောင်းသွားဆိုလို့ အဖေအလုပ်ရှိတဲ့နေရာကို လှည့်လာမိတာ။ အဖေ ညစ်ပတ်နေတဲ့ ရေမြောင်းထဲမှာ ရွှံ့တွေလူးလို့ အဖေ့ကို တိုင်းထွာ ဆဲရေး ငေါက်ငန်းနေတဲ့သူက အဖေကမွေးရင် သားအရွယ်လောက်ပဲရှိတယ်။
ကျနော့်ကိုမမြင်ခင် ပြန်လှည့်ထွက်လာခဲ့တယ်။ အဖေက ကျနော်တို့မိသားစုကို ဒီလိုမျိုး ရှာကျွေးနေခဲ့ရတာလား၊ ကျနော် ကျောင်းမတက်ချင်တော့ဘူးအဖေ။ ကျနော် အလုပ်ထွက်လုပ်တော့မယ်။
မငိုမိအောင်ထိန်းချုပ်ပြီး ကျောင်းကို ဆက်ထွက်လာခဲ့တယ်။ ဒါ နောက်ဆုံးနေ့ပဲလို့လည်း တွေးမိတယ်။ စာသင်ချိန်တွေမှာ ကျနော် ဘာမှမကြားသလိုပဲ။ ကျောင်းဆင်းတော့ ပညာဒါနကျောင်းလေးဆီ ကျနော် သွားဖို့မလိုတော့ဘူးလို့ တွေးမိတယ်။ ဆရာမကို နူတ်ဆက်ချင်သေးတယ်။ ခုညနေတော့ သွားဦးမယ်။
ဆရာမစာသင်တာ ကျနော် လုံးဝ စိတ်မဝင်စားပါဘူး။ ကျနော့်အတွေးထဲမှာ အဖေနဲ့ အလုပ်ရှင်ပဲရှိတယ်။ အတန်းပြီးသွားတာတောင်ကျနော်မသိလိုက်ဘဲ နောက်ဆုံးခုံတန်းလေးမှာ ကျနော်ထိုင်နေမိတယ်။
“မင်းဘာဖြစ်နေသလဲ အောင်အောင်၊ စာသင်တာကို အာရုံမရှိလောက်အောင် မင်း ဘာတွေဖြစ်ခဲ့လဲ၊ ပြောပြလို့ရရင် ဆရာမကိုပြောပြပါလား”
အသံနဲ့အတူ ဆရာမက ကျနော့်ဘေးမှာ လာထိုင်တယ်။ သူများနဲ့ မတူဘူးဆိုတာ အဲ့ဒါပါ။ ပြောပြလို့ရရင်တဲ့ မရရင် မပြောလဲ ရတယ်ဆိုတဲ့ အဓိပ္ပါယ်။ ဆရာမက တဘက်လူကို ဘယ်တော့မှ ဖိအားပေးတာမျိူး မလုပ်ဘူး။
ကျနော် မနက်ထဲက မကျအောင်ထိန်းထားတဲ့ မျက်ရည်က အလိုလိုကျလာတယ်။ ကျနော် အားရပါးရ ငိုလိုက်မိတယ်။ ဆရာမက ဘာမှ အနှောက်အယှက် မပေးဘဲ ကျနော်ငိုနေတာကို စောင့်နေတယ်။ ကျနော်လည်း အားရအောင်ငိုပြီးတော့မှ မနက်က ကျနော်မြင်ခဲ့ရတာတွေ ဆရာမကို အားလုံး ပြောပြလိုက် တယ်၊ ကျနော့်ဆုံးဖြတ်ချက်တွေရောပေါ့။ ကျနော့စကားဆုံးတော့မှ ဆရာမကပြောတယ်။
“ဟုတ်တာပေါ့၊ မင်း အဲဒီလောက် ခံစားသင့်တာပေါ့။ ယောက်ကျားတယောက်က ငိုလို့မရဘူးလို့ မထင်ပါနဲ့၊ ငိုသင့်တဲ့ ငိုရလောက်အောင် ခံစားရတဲ့ အခြေအနေမှာ ငိုရဲတာက သတ္တိပဲ။ ခု မင်းမြင်နေရတဲ့ မြင်ကွင်းကို ဆရာမ မြင်ရင်လည်း ခုလိုပဲနေမှာ။ ဒါပေမဲ့ သားရယ် တခုတော့ရှိတယ်၊ ကိုယ်ရင်ဆိုင်ရတာကို တုံ့ပြန်နိုင်ဖို့ဆိုရင် လုံလောက်တဲ့အင်အား၊ လုံလောက်တဲ့အရည်အချင်း ရှိရတယ်။ တကယ်လို့ ကိုယ့်မှာမရှိသေးရင် အချိန်စောင့်ရတယ်။ အင်အားဖြည့်ရတယ်။ ခုမနက် မင်း ကံကောင်းခဲ့တာပါ။”
အဲဒီလိုပြောတော့ ကျနော် နားမလည်နိင်ဘူး။ ဒီလောက် စုတ်ပြတ်သတ်အောင် ခံစားခဲ့ရတာ ကံကောင်းတာလား ဆရာမရယ်။ ကျနော် တွေးပဲတွေးတာပါ။ ဆရာမက ကျနော့်အတွေးကို သိတယ်။
“မင်းသာ ပြန်လှည့်မထွက်ဘဲ ရှေ့ဆက်တိုးသွားရင် ခုချိန်ဆို မင်း အချုပ်ထဲ ရောက်နေရောပေါ့၊ အဲဒါကြောင့် ကံကောင်းတယ် လို့ပြောတာပါ။ ‘ပညာမရှိ သူ၏ဝန်ထမ်း’ တဲ့။ သားအဖေက ပညာမတတ်ခဲ့လို့ ခုလိုလုပ်နေရတာမို့ မင်းတို့ကို ပညာသင်ပေးတာ သူ့လိုမဖြစ်အောင်ပါ။ ဆင်းရဲခြင်းရဲ့ ထွက်ပေါက်က ပညာပဲ သားရဲ့။ ကျောင်းထွက်ပြီး အလုပ်လုပ်တာ ဖြေရှင်းနည်းမမှန်ဘူး။ မင်း ပညာတတ်ဖြစ်အောင်လုပ်ပြီး ဆင်းရဲခြင်းက လွတ်မြောက်အောင် ကြိုးစားပါ။ ပြီးတော့ ဆင်းရဲတာ ရှက်စရာမဟုတ်ဘူး ဂုဏ်ယူစရာပါ။ ဆရာမတို့တိုင်းပြည်မှာ ရှက်စရာကောင်းတဲ့ လူချမ်းသာတွေရှိတယ်လေ။ မနက်က မင်းအဖေရဲ့ အလုပ်ရှင်လို လူမျိုးတွေပေါ့။”
ဆရာမက စကားအရှည်ကြီး ပြောသွားတယ်။ ပြီးတော့ မနက်ကထက်ပိုပြီး နာကျင်ရတဲ့ စကားတွေလည်း ပြောသေးတယ်။ ကျနော်ကြုံရတဲ့ နာကျင်မှုက ကျနော့်အရွယ်နဲ့ မမျှခဲ့ပါဘူး။
“ဆရာမ ဒီနေ့ လာနူတ်ဆက်တာ အောင်အောင်။ ဆရာမ တခြားမြို့ကို ပြောင်းရတော့မှာမို့ပါ။ ဆရာမ ရှိမနေရင်လည်း စာကြိုးစားပြီး ပညာတတ်ကြီးဖြစ်အောင် လုပ်ပါ့မယ်လို့ ကတိပေးပါလား။”
ကျနော် ခေါင်းငြိမ့်မိသလား သတိမရဘူး။ ဆရာမက “နောကိကျနေပြီ ဆရာမကားနဲ့ အတူပြန်ရအောင် လိုက်ပို့ပေးမယ်” တဲ့။
ကျနော် စီးဖူးချင်တဲ့ကားကို စီးရတဲ့အချိန်မှာ ပျော်မနေရဘဲ ဝမ်းနည်းနေရတာက ဘယ်လောက် ကံဆိုးမှုပါလိမ့်။ ကားမောင်းနေရင်း မြင်နေရတဲ့ စတီရာရင်ပေါ်က လက်ချောင်း ဖြူဖြူသွယ်သွယ်လေးတွေကို ကျနော် မျက်တောင်မခတ်ဘဲ ကြည့်နေမိတယ်။ ဆရာမရဲ့ လက်ကလေးတွေ သိပ်လှတာပဲ။ ဒါဟာ ဆရာမနဲ့ နောက်ဆုံး ဆုံတွေ့ခြင်းပဲ။
****””
အခန်း (ငါး)
“ပညာမရှိ သူ၏ဝန်ထမ်း”
ကွန်ပြူတာကို စဖွင့်ချိန်မှာ ‘ပညာမရှိ သူ၏ဝန်ထမ်း’ ဆိုတဲ့စာတန်းလေး ပေါ်လာတယ်။ ဟုတ်တယ် ကျနော်က wall paper ကို အဲဒီစာတမ်းလေးနဲ့ ထားတယ်။
ဆရာမ ပြောင်းသွားပြီးတဲ့အချိန်ကစပြီး ကျနော့်ဘဝမှာ ပညာတတ်ဖြစ်ဖို့ကလွဲပြီး ဘာမှမတွေးဘူး။ ကျနော် ပေးသမျှ အခြေအနေထဲကနေ အစွမ်းကုန် ကြိုးစားတယ်။ စာကလွဲပြီး ဘာမှမသိတဲ့သူ တယောက်လိုမျိုး။ ဆရာမကို တွေ့ချင်လိုက်တာ။
ကျနော်တို့တိုင်းပြည်မှာက ဆရာမဆိုတာကို ပညာတတ်တယ်၊ ဂုဏ်သိက္ခာရှိတယ် စသည်ဖြင့် လေးလေးစားစား ဆက်ဆံကြတယ်ဆိုတာထက် ပိုထူးခြားတာက ဘုရားနဲ့ တဂိုဏ်းထဲဆိုပြီး အနန္တကျေးဇူးရှင်အဖြစ် စာရင်းသွင်းထားတာ။ ဘယ်တိုင်းပြည်မှာမှမရှိတဲ့ အလေးထားမှု။ ကိုယ့်ကိုသင်ရသည်ဖြစ်စေ မသင်ရသည်ဖြစ်စေ ဆရာမဆိုတာနဲ့ တဆင့်မြှင့် ဆက်ဆံကြတာ။
ဆရာမကိုတွေ့ချင်လို့ Facebook မှာ ဆရာမနဲ့နာမည်တူရင် Profile ကို လိုက်လိုက်ကြည့်မိတယ်။ ဆရာမပတ်ဝန်းကျင်နဲ့ ကျနော့်ပတ်ဝန်းကျင်က ဘယ်လိုချိတ်ဆက်မှုမျိုး ရှိမှာလဲလေ။
ကျနော် ရယ်စရာ ပြောရမလား ဆရာမ။
ပညာမရှိရင် သူများအခိုင်းခံရတယ် ဆိုတာလေ။ ကျနော် ပညာတတ်ဖြစ်နေပြီ ဆရာမ။ ကျနော် သူများရဲ့ဝန်ထမ်းပါပဲ ဆရာမရယ်။ ရီရတယ် မဟုတ်လား။ဒါပေမဲ့ ငွေဆိုတာကြီးက ဖုံးထားတော့ အခိုင်းခံရတယ်လို့ မမြင်ကြဘူးပေါ့။ လေအေးပေးစက် တပ်ထားတဲ့အခန်းထဲမှာ ကျနော် သူများရဲ့ဝန်ထမ်းပါပဲ။ ဆရာမပြောသလို ဆင်းရဲခြင်းကိုတော့ ပညာနဲ့ ရုန်းထွက်နိုင်ခဲ့ပါတယ်။ ကျနော့်မိသားစုလည်း ပြောင်းလဲသွားပြီလေ။ ဆရာမရဲ့ ကျေးဇူးတွေပေါ့။
စကားမစပ် ကျနော် ဆရာမကို ချစ်နေတယ်ဆိုတာ ဘုရားဟောနဲ့တော့ ဆန့်ကျင်မနေဘူး ထင်ပါရဲ့နော်။ ကျနော် အခု ကျနော်တို့တိုင်းပြည်ရဲ့ အိမ်နီးချင်းမြို့လေးတမြို့မှာ အလုပ်ကိစ္စနဲ့ ရောက်နေတယ် ဆရာမ။ ကျနော်တို့ကုမ္ပဏီက သူဌေးနဲ့ပါ။ ခုလိုမျိုး တနိုင်ငံလုံး ကျွမ်းထိုးမှောက်ခုံဖြစ်နေတဲ့ အချိန်မှာ ဆရာမ ဘာလုပ်နေမလဲ ကျနော် ပိုသိချင်တယ်။ ဆရာမ စာပဲသင်နေတုံးလား၊ ဒါမှမဟုတ် အမှန်တရားဘက်ကရပ်ပြီး အလုပ်မဆင်းတော့ဘဲ နေမှာလား။ အဲလိုလုပ်ရင် ဆရာမအဖေနဲ့ အတိုက်အခံလုပ်ရမှာပေါ့။ ဆရာမ ဘယ်လိုဆုံးဖြတ်မလဲ။ လွမ်းလိုက်တာ ဆရာမရယ်။
တီတီ …
ဖုန်းက အချက်ပေးသံကြားတော့ ကျနော် အတွေးလွန်နေတာ ရပ်သွားတယ်။ ခုညနေ သူဌေးနဲ့ ညစာစားဖို့ရှိတယ်။ သူတို့သူဌေးချင်း အလုပ်ကိစ္စပြောကြမှာပါ၊ ကျနော်က အဖော်လိုက်စားပေးရုံပါပဲ။
*****
အခန်း (5)
ကျနော်ရောက်နေတဲ့မြို့က မြန်မာပြည်နဲ့တော့ သိပ်မဝေးပါဘူး။ တောင်ကုန်းလေးတွေ ရေကန်လေးတွေနဲ့ သာယာတယ်။ အခု ညစာစားဖို့ရွေးထားတဲ့ ဆိုင်လေးကလည်း တော်တော်လေး လှပြီး သာယာတယ်။ ရေကန်စပ်မှာ ခင်းကျင်းထားတဲ့ နေရာလေးကလည်း စိတ်ကြည်နူးစရာ။ ဒါပေမဲ့ ကျနော့်သူဌေးက အပြင်မှာမထိုင်ဘဲ သီးသန့်ခန်းကို ဘိုကင်လုပ်ထားသတဲ့။ ကျနော်က အပြင်မှာထိုင်ချင်တာပါ။ ဘာတတ်နိုင်မှာလဲ၊ ကျနော်ကဝန်ထမ်းပဲဟာ။
ဒီဆိုင်ရဲ့ တန်ဖိုးအကြီးဆုံးဆိုတဲ့ ဟင်းလျာတွေ မှာကြ စားကြပေါ့။ သူဌေးချင်းက အလုပ်ကိစ္စပြောကြ၊ ကျနော်က အစားပဲ တိတ်တဆိတ် စားနေမိတယ်။ အိမ်ရှင်သူဌေးက စကားပြောရင်း အားပါသွားတယ် ထင်ပါတယ်၊ လက်နဲ့တိုက်မိပြီး သောက်ရေဖန်ခွက် ကျကွဲသွားတယ်။ ရယ်စရာမဟုတ်ပေမဲ့ အရက်သောက်ထားကြတော့ ရီလိုက်ကြတာပေါ့။ စားပွဲထိုးမိန်းကလေးက ဖန်ခွက်အကွဲစတွေ လာသိမ်းသွားပြီး အသစ်ပြန်ယူလာပေးတယ်။
ညင်ညင်သာသာပဲဆိုတော့ စားနေတဲ့သူတွေ ဘာမှ အနှောက်အယှက်မဖြစ်ပါဘူး။ အောက်ကြမ်းပြင် ကော်ဇောကို ရေစိုသွားတော့ ဒရိုင်ယာလိုမျိုး လေမှုတ်စက်ကလေးနဲ့ ကြမ်းပြင်ကို ခြောက်အောင် လာမှုတ်ပေးတယ်။ ကျနော့်ခြေထောက်နားမှာမို့ အသာလေးတောင် ကျုံ့ပေးမိသေးတယ်။
ကျနော့်ခြေဖမိုးမှာ ရေစက်ကလေးကျလာလို့ ကျနော့်ဖန်ခွက်များ မှောက်သွားလားလို့ ပြန်ကြည့်တော့ မမှောက်ဘူး။ ခြေထောက်ကို ငုံ့ကြည့်တော့ သွယ်လျဖြူဖွေးတဲ့ လက်ကလေးကို အရင်မြင်လိုက်ရတယ်။ ကျနော် ထိတ်ကနဲ ဖြစ်သွားချိန်မှာ ကျနော့်ကို မော့ကြည့်နေတဲ့ အရည်လဲ့မျက်ဝန်းတစုံ။
,*****
အခန်း (ခြောက်)
လူမှုရေးဆိုတာတွေ အထက်လူကြီးဆိုတာတွေ ယဉ်ကျေးမှုဆိုတာတွေ ကျနော် ဘာမှ မတွေးနိုင်တော့ပါဘူး။ ကျနော့်ကို အလုပ်ဖြုတ်လိုက်လည်း ရတယ်။သတ်ပစ်လိုက်လည်းရတယ်။ ထမင်းစားပွဲကနေ ကျနော် အပြင်ကို ပြေးထွက်ခဲ့တယ်။ ပြေးတယ်။ သွေးရူးသွေးတမ်း ကျနော်ပြေးတယ်။ လူတွေနဲ့အဝေးဆုံးကို ကျနော်ပြေးထွက်ခဲ့တယ်။
သစ်ပင်တွေဝိုင်းနေတဲ့ တောအုပ်နားက ရေကန်ကြီးရှိတဲ့ နေရာနားရောက်တော့ ကျနော် ဝါးတံတားလေးပေါ် ထိုင်ချလိုက်တယ်။ကျနော်ငိုဖို့ လုံလောက်တယ်။ ငိုနေရင်းနဲ့ ကျနော့်ရင်တွေ ကွဲလောက်တဲ့အသံနဲ့ အော်လိုက်တယ်။ ထပ်ခါထပ်ခါ။
ဒါပေမဲ့ ကျနော် အော်ခေါ်နေတဲ့ ဆရာမ ဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကို ကန်ရေပြင်ကြီးက ဘယ် နားလည်ပါ့မလဲ။ ကန်ရေပြင်ကြီး နားမလည်သလို ဒီမြို့ကလူတွေလည်း ဘယ် နားလည်ပါ့မလဲ။
Be the first to comment