
“စာအုပ်တန်းမှာ လမ်းလျှောက်ခြင်း”
■ ဘဘဝ
“အပ္ပီဂရမ္မတစ်မံမွား”
စာရေးဆရာ ချစ်ထွန်း
ခုရက်ပိုင်းမှာ ထွန်းဝေမြင့်ရဲ့ ရွှေကျီးညို-နီယိုဆာရီယာယ်လစ်ဇင် စကားပြေကဗျာများစာအုပ်၊ ဗာဝယ်လ်၊ အယ်လန်ကားလ်ဆန်တို့ရဲ့ ဒိန်ခဲပန်းပုရဲ့အမှောင် ဘက်ခြမ်း၊ ချစ်ထွန်းရဲ့ အပ္ပီဂရမ္မတစ်မံမွား စာအုပ်တွေ ဖတ်ဖြစ်တယ်။
အပ္ပီဂရမ္မတစ်မံမွားကို အကျဉ်းရေးပါမယ်။
ချစ်ထွန်းရဲ့စာပေအသိုင်းနဲ့ သူ့ဇာတိ ကျေးလက်အကြောင်းကို ကျစ်လျစ်တိကျစွာ သူအာရုံရရင် ရသလို ရေးထားတဲ့ ဘဝအတွေ့အကြုံ မှတ်တမ်းပေါ့။ အပိုင်း ၂ပိုင်းခွဲထားတယ်။ပထမပိုင်းမှာ
ကိုရန်ပိုင်လက်ဆေးတာ ကိုဗစ်ထက်စောတယ်၊
မန္ထလာချစ်ထွန်းထိ ၁၅ ပုဒ် ပါတယ်။
အများစုကတိုတိုလေးတွေ။
ဒီလို တမျက်နှာ၊ အလွန်ဆုံးသုံးမျက်နှာပဲ၊ ရသဖွဲ့အရေးအသားကို ဂျပန်မှာတော့ လက်တဖဝါးစာ၊ အနောက်စာပေမှာတော့ စာပေအရာမသွင်းကြသေးသလို short short, flash fiction, micro fiction, prose poetry, vignettes စသဖြင့် အမျိုးမျိုးနာမည်တွေနဲ့။
ဒီအပ္ပီဂရမ္မတစ်မက်မွားမှာ ဒုတိယပိုင်း ၂၂ ပုဒ်နဲ့ စုစုပေါင်း ၃၇ ပုဒ် မှာ
ချစ်ထွန်းလေးလူ့ဘဝရောက်၊
ချစ်ထွန်းဒဿနိကဗေဒ၊
ချစ်ထွန်းသနပ်ခါးတုံးသည်
စသဖြင့် ပထမဇာတ်ကောင်က သူ့ဇာတ်ကြောင်းပြောနဲ့ ရေးထားလို့ မံမွားလို့ စီစဉ်သူက ရေးပုံရတယ်။ it’s short but not shallow တိုပေမဲ့ ထိတာတွေ့ရတယ်။ ချစ်ထွန်းရဲ့ အပိုင်းအစတွေပဲ။
တိုသလောက် ခရီးရောက်တယ်။
ခရီးပေါက်တယ်။ ချစ်ထွန်းရဲ့ သူ့အသိုင်းအဝန်းအဖြစ်အပျက်၊ သွားလာသောက်စားတာတွေ ရေးထားတာ။ သူ့သောက်ဖော်သောက်ဖက်တွေထဲက မောင်ရန်ပိုင်၊ ပိုင်သ၊ ကြည်ဇော်အေး၊ မောင်ပြည့်မင်း၊ ကိုငြိမ်း၊ ပိုင်စိုးဝေ၊ မောင်ချောနွယ်၊ အောင်ချိမ့်တို့ဟာ သူ့မံမွားထဲက ဇာတ်ကောင်တွေပဲ။
၁၉၉၀ ဝန်းကျင်လောက်က ဖြစ်ပုံရတယ်။ သူ့အမှတ်သညာမှာ တည်မီနေသေးရှင်သန်နေဆဲအရာတွေကို ရေးထားပုံရတယ်။ ကျနော့်အဖို့ ရသဖွဲ့မံမွားတွေ။မိုက်တယ်။
“လာခဲ့ပါ
လူပေါ်ကြော့တွေ ခံစားတဲ့အနုပညာ
ငါ့မှာ ဇောကပ်လို့။
လက်ဘက်ရည်ဆိုင်ထိုင်သောဝါဒ
အဓွန့်ရှည်ပါစေသတည်း။ ။”
၁၉၉၁ ဇွန် ဟံသစ်မဂ္ဂဇင်းမှာ ကိုအောင်ချိမ့်ရဲ့လူပေါ်ကြော့ဂိုဏ်းဝင် ချစ်ထွန်းတယောက်။ မံမွားထဲကလို အဖေက လင်းမြွေ၊ ကျနော်ကမြွေပွေး။ ကျနော်က မထိသရွေ့အေးဆေး၊ ထိရင်တော့ ရွာကျောင်းမကျန်ကိုင်တာ ချစ်ထွန်း။ ရှစ်တန်းမှာ ဆရာ/မများက အတော်ဆုံးသတ်မှတ်ခံရတယ်။ စာမေးပွဲကျတယ်။၄ နှစ်နေ ပြန်ဖြေမှ အောင်၊ ဆယ်တန်းမှာ ၆ နှစ်ကြာတယ်။ သူ့အဖေက မင်းတနှစ်တတန်းပြန်ဆင်းရရင် မင်းမှာ တတန်းမှ မရှိတော့ဖူး၊ မင်းကျောင်းစာမဖတ် ရဖူး၊ ကားမောင်းခိုင်းရော။
အိမ်ပြေးအခါခါ ချစ်ထွန်း။ လက်ဘက်ရည်ဆိုင်ထိုင်ဝါဒ အဓွန့်ရှည်ရေးမှာ ချစ်ထွန်းလည်း တပ်ဦးက။ အိပ်ယာတနေရာစာအတွက် မင်္ဂလာဒုံပန်းရထားကြီးပေါ်မှာ ပန်းသည်မယောကျ်ား အတုလုပ်ပြီး လချီ နှစ်ချီကြာ ရထားပေါ် ကျောချဖို့ ၊ ချစ်ထွန်းပဲ။ အတ္ထုပ္ပတ္တိမံမွားတွေ ဖတ်ရသလောက် ကိုယ့်ကိုယ်ကို အားမနာတမ်း ပြန်ကြည့်သူတွေထဲ ချစ်ထွန်းပါတယ်။ ဒီလို အားသာချက် အားနာချက်ကို လိပ်ပြာသန့်သန့်အထုတ်ဖြေပြဖို့က ထင်သလောက် မလွယ်ဖူးဆိုတာ စာဖတ်သက် ကြာလာသူတိုင်း သိကြတယ်။ ကိုယ့်အကြောင်း၊ ကိုယ်နဲ့ပတ်သက်ဖူးသူအကြောင်း စာတကြောင်း၊ တပိုဒ်၊ တပုဒ်၊ တအုပ်ကို နားခံသာအောင် ရေးရတာ ပိုခက်ခဲကြမယ်၊ ခန့်ခန့်ညားညား ရေးဖွဲ့ထားတဲ့စာတွေဖတ်ရတာ အတန်ငြီးငွေ့နေချိန် ချစ်ထွန်းမံမွားကို ဖတ်ရတာ အတော်ခိုက်တယ်၊ ငြိတယ်။ ကိုချောနဲ့ တွေ့ပုံကို သူရေးတာက ပြည်မှာ ရှားပါးစာအုပ်ဆိုင်လေးဖွင့်တယ်။ သူ့ဆိုင်ကို ကိုချော ပေါက်ချလာတယ်။ ပြည်မှာ စာအုပ်ဆိုင်တွေရှိပေမဲ့ အနှစ် တွေ မင်းဆိုင်လို မရှိဘူးကွာလို့ပြောတယ်။ ကိုချောက ဆက်မေးတာက ရှားပါးတွေက စျေးကြီး၊ အဖတ်နည်းနဲ့ ဘာလို့အပိုတွေပါထားတာလဲ၊ တအုပ်က တကယ်ဆာလောင်သူဖတ်ဖို့၊ တအုပ်က ခိုးချင်တဲ့ကလေးအခိုးခံဖို့။
ကိုချောကလေးစားတဲ့အကြည့်နဲ့ ကြည့်၊ ဘာမှ မပြောဘူး၊ ဒါပေမဲ့ အဲလိုလူတွေပဲ ထင်ရှားတဲ့ ကဗျာဆရာ၊ စာရေးဆရာတွေ ဖြစ်လာတတ်လို့ အခိုးခံဖို့ပါ၊ စပယ်ယာဆောင်တာလို့ပြောတော့ ကိုချောမျက်နှာ အောင့်သွားသလိုဖြစ်သွားသလို နောက်တော့ သူ့ကိုဖက်နမ်း၊ စာကြောင်းပေကြောင်းတွေ တရစပ်ပြော၊ တွေ့တွေ့ချင်းအခေါက်မှာ ဖိုးချစ် ငါ့ညနေခင်းလေးကို ဒီနေ့ မင်းဝယ်ကွာ၊ လူတိုင်းဆီမရောင်းပါဖူးကွာတဲ့။
ချစ်ထွန်းရဲ့မံမွားကိုဖတ်ရင်း the dice up စကားပြေကဗျာပေါင်းချုပ်ထဲက အဖြစ်အပျက်ကိုမှတ်မိတယ်။ ရက်ကောက Ambroise Vollard Gallery ကို ဖြတ်သွားတဲ့အခိုက် ပီကာဆိုနဲ့ဆုံဖြစ်ကြတယ်။
ပီကာဆိုအသက်၂၀ မပြည့်သေးတဲ့အရွယ်၊ ရက်ကောက အသက်၂၅ ၊ ပီကာဆို့လက်ရာတွေကြည့်ပြီး လုံးဝ အသစ်ပဲ၊ ပန်းချီလောကတခုလုံးအတွက် ပီကာဆိုပဲဆိုတာ ရက်ကော့က သိတယ်။ သူကိုယ်တိုင် ပန်းချီသမား၊ ကဗျာသမား၊ ရက်ကော့က ကမ္ဘာစစ် ၁၉၁၄ အရိပ်အငွေ့ ရနေကြောင်းပြောတယ်၊ သူ့လက် ရာတွေ လုံခြုံတဲ့နေရာထားရကြောင်းပြောတယ်။ လက်ထဲရှိတဲ့ကဗျာတွေကို ပီကာဆို ဖတ်တဲ့၊ ခင်ဗျား ကဗျာပဲရေးပါလို့ ပြောတယ်။ ခင်ဗျား ကဗျာဆရာပါ။
အဲသည်နေ့မှာပဲ ရက်ကော့က သူနေတဲ့ ဘိကို ခေါ်သွားတယ်။ အခန်းက ကျဉ်း၊ တယောက်ကုတင်ကို တယောက်အိပ်ရင် တယောက်က ပန်းချီဆွဲ၊ ကဗျာရေးရတာကို။ ချစ်ထွန်းက ကျနော့်ထက် ဆယ်စုတစုလောက်ကြီးသူပါ။ ချစ်ထွန်းဟာ လူချစ်လူခင် ပေါပုံရတယ်။ လှသန်းနဲ့ အကန်သမားချင်းမတည့် တာကနေ အောင်ချိမ့်က ချစ်ထွန်းသောက်ဖို့ အကုန်အကျခံမယ် လို့ ဝိုင်းမှာပြောတော့ ကိုပြည့်တို့ က အံ့ဩကြတာမျိုး၊ ပိုင်သနဲ့သောက်ရင်း ဘေးနားက တူတချောင်းနဲ့ ပိုင်သကို လိုက်ထိုး ပွဲပျက်တာထိဖတ်ရတာတွေ အရသာရှိတယ်။
ဆရာတယောက်ပြောဖူးတာ အမှတ်ရတယ်။ ဘိုဝင်းရေ မာမာအေး အသံကောင်းတာ ပထမတန်းစားကွာ။ ငါဖြင့် သူ့အဆဲတောင် ခံချင်တယ် ဆိုပဲ။ ချစ်ထွန်းဆက်မူးပါ၊ ရမ်းကားပါ၊ ပြီးရင် စာတော့ ရေးခဲ့။ မံမွားနှစ်ပေါ့။
မူးနိုင်ပါစေ ချစ်ထွန်း။
“သားအဖ နှစ်ယောက်”
ဒီသားအဖနှစ်ယောက်က မတူဘူး၊ တယောက်က လမ်းပိတ် (အလှည့်)၊ တယောက်က အကောက်လို့ ယာယီဆိုစို့။
အတူတူ သူ့သားသမီး ညီတွေအတွက် အလုပ်လုပ်၊ သူက လင်းမြွေ၊ ကျနော်က မြွေပွေး။ ကျနော်က မထိသရွေ့အေးဆေး၊ ထိရင်တော့ ရွာကျောင်းမကျန် ကိုင် အဖေက နတ်နေကိုင်းဆိုလားထားတယ်။
ဒီသားအဖ အတွင်းစိတ်ချင်းကျ ညီပ။ သူ့သား ကျနော့်ညီတွေ၊ တောသားတွေ။ အသိနဲ့လုပ်စားတတ်တဲ့ ပညာတတ်ကြီးဖြစ်ဖို့၊ ဒါ တို့သားအဖရဲ့ အရေးကြီးရည်ရွယ်ချက်လေ။
အဖေခေါ်နေကျက သဘောထားကို ဟိုကောင်ကြီး ၊ ကျနော်က အဲ့အသံကို မုန်းသံပါလို့မကြိုက်၊ သားအဖချင်းမို့သည်းခံ၊ သူ့အသံမှာ မုန်းသံပါတယ်ထင်တယ်။
တနေ့ အရီးလေးကိုကြည် မြွေကိုက်ခံရတော့ ဆေးရုံအရေးပေါ်ပို့ဖို့ ကြုံတယ်။ကျနော်က သူငယ်ချင်းငမျောက်ပေးတဲ့ ထန်းရေလေးနဲ့ ငြိမ့်နေတုန်း မှောင်စပျိုးမှာ။ လူမမာ အရေးကြီး။ အဖေလည်း … သူ့ယောက်ဖစိုးရိမ်လို့ ၊ ကျနော်လည်း ခေါင်းတိုချက်ပလက် -/1225 ပေါ် အရီးလေးကိုကြည်နဲ့ အပေါင်းပါတွေ တင် မြို့ဆီသုတ်တာပေါ့။
အဖေလည်းခေါင်းခန်းထဲထိုင်၊ ယောက်ဖကိုစိုးရိမ်လို့လိုက်အလာ၊ ခါတိုင်း တနာရီခွဲ နှစ်နာရီမောင်းရတဲ့ခရီး လီဗာဖနောင့်ပိတ်ကြိတ်လာတာ နာရီဝက်သာသာနဲ့ ဆေးရုံရောက် အရီးလေးကြည်လည်း အသက်ရှင်တယ် ခုထိ။
အဖေက တလမ်းလုံး လူလေး လူလေး လူလေး ဖြည်းဖြည်း ဖြည်းဖြည်းနဲ့ လူလေးချင်းထွေးလို့။ ကျနော့်ကို ခေါ်ခေါ် သတိပေးတာ။ ကားကြီးကို ဂီယာကုန် လီဘာကုန်မောင်းရင်း အဖေ့အသံလေးဗျာ။
လူလေး လူလေး လူလေး ဖြည်းဖြည်း။ အဖေဗျာ – ကျနော်ချစ်တဲ့ အဖေဗျာ….။
Be the first to comment