အပြာရောင်အဖြစ် ပြန်လည် ဖြစ်တည်ခြင်း

အိမ့်ဘုန်းစစ်သော်

by The Call
‘အပြာရောင်အဖြစ် ပြန်လည် ဖြစ်တည်ခြင်း’
◼️ အိမ့်ဘုန်းစစ်သော်
မြောနေကြတာပဲ။ ရူးနေခဲ့တာပဲ။ ဘယ်သူ့ကိုမှအပြစ်တင်မရတော့တဲ့နောက်မှာ ကိုယ့်ကိုယ်တိုင်သာ အပြစ်တင်လိုက်ပါတော့တယ်။
ပင်လယ်ရေနဲ့အတူတူ မြောချချင်ခဲ့တယ်။ တဖျက်ဖျက်လက်နေတဲ့ ကျောက်စလစ်ခဲအကြည်ရောင်လေးကို ကိုယ်တွေ့လိုက်တယ်။ ဝါးတားတားအနာဂတ်တွေက ခုလေးတင် ကိုယ့်ခေါင်းပေါ်ဖြတ်ပျံသွားတဲ့ငှက်တွေနဲ့တူတယ်။ အနည်းဆုံးတော့ အမှတ်တရဖြစ်ခဲ့ပါတယ်။
နှလုံးသားရဲ့အနက်နဲဆုံးတနေရာမှာ နူးညံ့နေတဲ့လှုပ်ခတ်ခတ် အပြာရောင် အစအနလေးတခုရှိတယ်။ မွေးဖွားလာတဲ့အချိန်ကနေစပြီး ခုချိန်ထိအခက်ခဲဆုံးရှင်သန်နေထိုင်မှုတွေဟာ အဆုံးအစမဲ့ ဆက်လက်တည်ရှိနေခဲ့တာမျိုး။ သဲကန္တာရထဲဖြတ်သန်းသွားလာနေတဲ့ လူတယောက်လို ကိုယ်ဟာ ရေကိုအငမ်းမရသောက်ပစ်ချင်ခဲ့တယ်။ အဲ့လိုမျိုးသောက်ပစ်ချင်ခဲ့ပေမယ့် မရှိခဲ့ဘူး။ ဘာရေမှရှိမနေဘူး။
ကဗျာအဆန်ဆုံး နှလုံးသားရဲ့အောက်ခြေမှာ သွေးသံတရဲရဲသတ်ဖြတ်လိုစိတ်တွေရှိတယ်။ အထူးခြားဆုံးဖြစ်တည်မှုက ကြင်နာတတ်တဲ့စိတ်။ ဒါပေမယ့် ကိုယ်ဟာအကြင်နာတရားမဲ့လာခဲ့ပြီမလို့ ဖြစ်တည်မှုဟာမရှိနေတော့ဘူး။ ကိုယ်တိုင်လဲမရှိတော့ဘူးလို့ယူဆတယ်။ ကိုယ့် ယူဆချက်ဟာမှန်ကန်ခဲ့ပါတယ်။
ကိုယ့်ရဲ့တာ၀န်ခံကိုမေးကြည့်တဲ့အခါ ကိုယ်ဟာရှိမနေခဲ့ဘူးလို့ပြန်ဖြေတယ်။ နုနုယွယွစကား‌လုံးတွေထွက်မလာနိုင်တော့တဲ့အခါ၊ လူတွေကိုလူတွေ‌လို့ မမြင်နိုင်တော့တဲ့အခါမှာ ကိုယ်ဟာ ဘောင်အပြင်ဘက်က နတ်ဆိုးတကောင်ဖြစ်လာခဲ့တယ်။ သိပ်ကိုကျေနပ်ဖို့ကောင်းခဲ့ပါတယ်။
ဘ၀ရဲ့ ငယ်ရွယ်မှုတွေဟာ မြစ်ရေနဲ့တိုက်စားခံလိုက်ရပြီး အဲ့မြစ်ရေကသန့်စင်မနေခဲ့ဘူး။ မထူးမခြားနားနဲ့အခြေနေတွေမှာ ကိုယ်ဟာ စောက်ရူးတယောက်ဖြစ်ခဲ့တယ်။ ရီရီစိုးမဟုတ် မြမဟုတ် ယုမဟုတ် မနှင်းဆီမဟုတ် မထားမဟုတ် စင်ဒရဲလားမဟုတ် စနိုးဝှိုက်မဟုတ်တဲ့ ကိုယ်က နတ်သမီးပုံပြင်တွေလို လှပဖို့အကြောင်းမရှိသလို သီချင်းထဲကဇာတ်ကောင်တွေလို အချစ်မခံရဘူး။ ဖက်တွယ်စရာလူမရှိတော့တဲ့ အချိန်မှာ ဘုရားမကြိုက်နတ်မကြိုက်လို့
အဘွားပြောပေမယ့် ကိုယ်သိပ်ကြိုက်နှစ်သက်တဲ့ ခါးသက်သက်အရည်တွေက ဘ၀တခုပါပဲ။ ဒါမှမဟုတ် တချက်ရှူလိုက်တိုင်းမှာ လောကကြီးအကြောင်းမတွေးမိလောက်တော့မယ့် အငွေ့ဖြစ်ဖြစ်ပေါ့။
ကောင်းကင်ကြီးဘာကြောင့်ပြာရသလဲလို့ တွေးကြည့်မိဖူးတယ်။ ဒါမှမဟုတ် အဲ့လုံး၀န်းနေတဲ့ အရောင်ဖျော့ဖျော့အရာကိုရော ဘာကြောင့်”လ”လို့ခေါ်ကြသလဲ။ လှုပ်လှုပ်ခတ်ခတ် ခပ်ပါးပါးအရာတွေကို ဘာကြောင့်အရွက်လို့ခေါ်ကြသလဲ နဲ့ ကိုယ်ကရော ဘာကြောင့် လူဖြစ်နေရသလဲ။
လောက၊ စကြာ၀ဠာ၊ နေအဖွဲ့အစည်း။ အားလုံးက ရူးစရာကောင်းတယ်။ ရှင်သန်ခြင်းကလဲရူးစရာကောင်းခဲ့လို သေဆုံးခြင်းကလဲရူးစရာကောင်းခဲ့တယ်။ ကိုယ် ကိုယ်တိုင်ကလဲရူးစရာကောင်းခဲ့ပြီး အရာအားလုံးကရူးစရာတွေကြီး။ ရူးနေကြတာကြီးပါပဲ။
မျှော်လင့်ချက်တွေ၊ လိုအင်ဆန္ဒတွေအားလုံးက ရှင်သန်ခြင်းကိုပံ့ပိုးပေးနေတဲ့ အရာတွေလို့ ခံယူတယ်။ ချစ်ခြင်းမေတ္တာကတော့ အကြောင်းပြချက်။ အဲ့သည့် ဖြစ်တည်မှုသေးသေးကလေးဟာ ကိုယ့်အတွက်တော့ အရာအားလုံးဆိုမှန်ပါလိမ့်မယ်။ မျှော်လင့်ချက်တွေရော၊ လိုအင်ဆန္ဒတွေကိုရော အဲ့အရာတွေအားလုံးကို ကိုယ်လွှတ်ချနိုင်တဲ့တနေ့ကျ ကိုယ်ဟာအရာအားလုံးကို သိမြင်နိုင်တဲ့ လောကနိယာမတွေ၊ ဒဏ္ဍာရီလာပုံပြင်တွေကို မလိုအပ်တော့ဘဲ သေဆုံးသွားလိုက်နိုင်မယ်ထင်ပါရဲ့။ ဒါမှမဟုတ် နောက်ထပ်တဖန်​​ မွေးဖွားလာနိုင်ခဲ့တာပဲဖြစ်ဖြစ်။ နောက်ထပ်တခါ ရှင်သန်ထမြောက်ခြင်းပဲဖြစ်ဖြစ်ပေါ့။
ခရီးအရှည်ကြီးကမပြီးဆုံးခဲ့ပါဘူး။ ကိုယ်ဟာသေဆုံးချင်ခဲ့ပြီး လွတ်မြောက်နိုင်ဖို့ တောင့်တခဲ့တယ်။ ရှင်သန်ခြင်းကိုမုန်းတီးခဲ့ပြီး အကောင်းမွန်ဆုံးလွတ်မြောက်မှုဟာ သေဆုံးခြင်းပဲလို့ ထင်မှတ်ခဲ့မိတယ်။ ဒါပေမယ့် ကိုယ့်အပြာရောင်အစအနလေးက အမှန်တကယ်လွတ်မြောက်မှုကိုရှာတွေ့သွားချိန်မှာ ကိုယ်သိခဲ့တယ်။ လွတ်မြောက်ခြင်းအစစ်အမှန်ဟာ ကိုယ့်နှလုံးသားထဲမယ်ရှိတယ်။ ကိုယ့်ရဲ့အတွင်းစိတ်တနေရာမယ်ရှိတယ်။ ဦးနှောက်သွေးကြောမျှင်တိုင်းမယ်ရှိနေခဲ့ပြီး အလှပဆုံးပန်းကလေးတို့ ပွင့်ဖူးနေတဲ့နေရာတခုမှာရှိနေခဲ့တယ်။
ပန်းကလေးဟာလှပတယ် အဲ့ဒါက ကိုယ့်ဘ၀သာဖြစ်မယ်ဆိုရင် သိပ်ကောင်းလောက်မယ်ထင်ပါတယ်။ ပြီးတော့ အကောင်းဆုံးရှင်သန်ရင်းနဲ့ နက်နက်နဲနဲ သေဆုံးသွားလိမ့်မယ်။ ဒါကအနူးညံ့ဆုံးအမှတ်တရတခုဖြစ်နိုင်ပါတယ်ကွယ်။ ဖြစ်နိုင်ပါတယ်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment