
“အပြီးတိုင် ငြိမ်းသင့်သော မီး”

တိမ်အိုတိမ်မည်းတွေ ပြိုဆင်းခဲ့သော်လည်း မြေသင်းရနံရယ်လို့ ထုံသင်းခြင်း မရှိခဲ့။ မြေပြင်တလျှောက် ရေအိုင်ကြီး ရေအိုင်ငယ်နဲ့ စိုထိုင်း ပျော့အိနေသော မြေသားတွေအပေါ် စစ်ဖိနပ်ရာများ စွဲထင်ကျန်ရစ်ခဲ့။ မီးစွဲလောင်နေသော အသံများ၊ စိုထိုင်းနေသော သစ်သားအပိုင်းအစများကို တဖျစ်ဖျစ်လောင်ကျွမ်းနေသံဟာ ဒီမြို့ ဒီရွာလေးထဲ လူသူတဦးတယောက်မျှ မရှိတော့ဟုဆိုသော လက္ခဏာ၊ လောင်မြိုက်နေသံများဟာ ဆုံးရှုံးနစ်နာခြင်း၊ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်းဆိုသော ခံစားမှုတွေရဲ့ ပြယုဂ်အသံ၊ ခိုကိုးရာမဲ့ ဖြစ်နေရသော သန်းပေါင်းများစွာ ပြည်သူများထဲကတချို့ ဓာတုလက်နက် အဆိပ်သင့်နေရဲ့၊ နီးစပ်ရာ တောထဲမှာ အသံမထွက်ရဲ စစ်ဖိနပ်သံများ ပျောက်ကွယ်လွင့်ပါးသွားမှ ဦးမော့လာရဲတဲ့ မိသားစုဝင်တွေဟာ မျက်ရည်မှအပ ကိုယ်ပိုင်ဥစ္စာဓနရယ်လို့ မည်မည်ရရ ချပြစရာ မရှိတော့။
ခန္ဓာကိုယ် အပိုင်းပိုင်း ဖြတ်တောက်ခုတ်ပိုင်းခံထားရတဲ့ ပြည်သူအချို့ရဲ့ ရုပ်အလောင်များ ဝန်းနံရံတခုမှာ ချိတ်ဆွဲခံထားရပုံတွေ၊ အရှင်လတ်လတ် မီးရှို့ခံရသော ဖြစ်အင်တွေဟာလည်း ခိုကိုးရာမဲ့ ပြည်သူကြားမှာ သရဲသဘက် ဝင်စီးခံရသလို တုန်တုန်ယင်ယင်။
အကြောက်တရားတွေ ဖူးပွင့်စေလိုတဲ့ အာဏာရှင်ဟာ ဝိုင်သောက် မပျက်ခဲ့၊ အမျိုးကောင်းသမီးလေး တချို့လည်း စစ်ဖိနပ်သံတွေရဲ့အောက်မှာ ဘဝနဲ့ရင်း နစ်မွန်းခဲ့ရပြီး လောကကို နှုတ်ဆက် ထွက်ခွာသွားခဲ့ကြရတယ်။
အမျိုးသမီးတဦး (သို့မဟုတ်) နှစ်ဦးကို ပြိုင်တူ အုပ်စုဖွဲ အနိုင်ကျင့်မှုတွေ၊ အိုးအိမ်ဖျက်ဆီးမှုတွေ၊ ဓာတုလက်နက် အဆိပ်သင့်မှုတွေ၊ လေယာဉ်များရဲ့ ဆိုးဆိုးဝါးဝါး ဗုံးကျဲတိုက်ခိုက်မှုတွေ၊ ခိုကိုးရာမဲ့သွားခဲ့တဲ့ ကလေးတွေ၊ ပကတိ အကောင်းကနေ ဒုက္ခိတဘဝကို ရောက်ရှိသွားရတဲ့ အပြစ်မဲ့ ပြည်သူတွေ၊ ဒါဟာ အာဏာ လွဲမှားသုံးစွဲခြင်းကနေ ဖြစ်ပေါ် ပေါက်ဖွားလာတဲ့ စစ်ပွဲကပေးတဲ့ ဒဏ်ရာတွေ၊ အာဏာ လွဲမှား သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ရလဒ်။လူတစု ကြီးပွားချမ်းသာလိုမှုကနေ ဆင့်ပွား ဖြစ်ပေါ်လာတဲ့ ဖြစ်အင်။ ဒါကြောင့် ပြည်ထောင်စုဟာ လှချင်တိုင်းလည်း မလှနိုင်၊ တင့်ချင်တိုင်းလည်း မတင့်နိုင်ရှာခဲ့။
ခေတ်အဆက်ဆက် အာဏာ လွဲမှား သုံးစွဲမှုကြောင့် ပေါက်ဖွားလာတဲ့ ပဋိပက္ခကြားမှာ ပြည်သူ့ဘဝပေါင်းများစွာ လောင်ကျွမ်းပျက်စီးခဲ့ကြရ။ စစ်မှန်တဲ့ ငြိမ်းချမ်းမှုနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုသစ်တခုကို ပြည်သူများ လိုချင်တောင့်တနေခဲ့လို့ အားလုံးရဲ့အသံဟာ တသံတည်း ကြွေးကြော်ခဲ့တယ်။ နိုင်ငံကို ဘယ်အလျင်နဲ့ သွားမယ် ဆိုတာ ကမ္ဘာကို အော်ပြောခဲ့ကြ ပြီးပြီ။ အာဏာလွဲမှား သုံးစွဲမှုကြောင့် ဖြစ်ပေါ်ခဲ့သော စစ်မီးကို အပြီးတိုင် ငြိမ်းသတ်လိုခြင်းသည်သာ ပြည်သူတို့၏ ဆန္ဒတခု ဖြစ်ပေတော့သည်။
Be the first to comment