“အပြောနည်းနည်း အလုပ်များများ”
■ အယ်ဒီတာ့စကား
ဗမာစကားတွင် “လူပြောမသန် လူသန်မပြော” ဟူသည့် ဆိုရိုးတခုရှိသည်။ “အပြောကြီးသူသည် လက်တွေ့ မဆောင်ရွက်တတ်သကဲ့သို့ လက်တွေ့ ဆောင်ရွက်တတ်သူသည်လည်း အပြောမကြီး တတ်ပေ” ဟု အဓိပ္ပါယ်ရသည်။ တနည်းအားဖြင့် လက်တွေ့ လုပ်ဆောင်နေသူများသည် စကား အပိုမပြော၊ အလုပ်သာ အားစိုက်လုပ်သည်။ မလိုအပ်သည့်စကားများ ပြောဆိုနေသူဖြစ်လျှင် ထိုသူသည် လက်တွေ့ လုပ်ဆောင်နေသူမဟုတ်ဟု ဆိုရမည်ဖြစ်သည်။
ယနေ့ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးတွင် နေရာပေါင်းစုံ ကဏ္ဍပေါင်းစုံမှ အင်တိုက်အားတိုက် ပါဝင်နေသူ အမြောက်အများရှိသည်။ အထူးသဖြင့် ငယ်ရွယ် နုပျိုသည့် လူငယ်များမှာ ၎င်းတို့၏ အသက်ခန္ဓာကို မငဲ့ကွက်ဘဲ စစ်မြေပြင် နေရာအသီးသီးတွင် သန္နိဋ္ဌာန်ခိုင်မာစွာဖြင့် တိုက်ပွဲဝင်နေကြသည်။ ထိုလူငယ်များထဲမှ များရာစုကြီးသည် အပိုဆာဒါးစကားများ ပြောမနေကြ၊ ပြောဖို့လည်း အချိန်မရှိကြ။ နွေဦးတော်လှန်ရေး အောင်မြင်ရန် နိစ္စဓူဝ အားစိုက် တိုက်ပွဲဝင်နေကြသည်။ လေးစားဖွယ် ဂုဏ်ယူဖွယ် လူသားများပင်။
အခြားတဘက်တွင်မူ ဗုံးသံ၊ အမြောက်သံ၊ သေနတ်သံများနှင့် လွတ်ကင်းဝေးလံရာတွင် နေထိုင်ပြီး နွေဦးတော်လှန်ရေးအတွက် ကျရာတာဝန်အသီးသီး ထမ်းဆောင်နေသူများရှိသည်။ ထိုသူများထဲမှ များရာစုကြီးမှာလည်း အသံကျယ်ကျယ်မထွက်၊ လုပ်ဆောင်စရာရှိသည်များကို နိစ္စဓူဝ ကြံစည် ကြိုးကုတ် အားထုတ် လုပ်ဆောင်နေကြသည်။ လေးစား အသိအမှတ်ပြုဖွယ်ပင်။
သို့သော် လူသိရှင်ကြား တာဝန်ကြီးများယူထားပြီး ဘာလုပ်နေသည်ကိုလည်း အများပြည်သူသိအောင် ပွင့်လင်းမြင်သာစွာ တင်ပြခြင်းမရှိ၊ နိစ္စဓူဝ လုပ်ဆောင်ချက်များလည်း မြင်သာ ထင်သာခြင်း မရှိသူများ ဒုနှင့်ဒေးရှိနေသည်။ ဤသူများသည် အသံအထွက်ဆုံးသူများ ဖြစ်သည်ဟု ဆိုရမည်။ အော့နှလုံးနာဖွယ်ပင်။
ယခု နွေဦးတော်လှန်ရေးသည် အုပ်ချုပ်သူ အပြောင်းအလဲ သက်သက်အတွက်မဟုတ်။ မြန်မာ့ လူ့ဘောင်တခုလုံး၏ အပြောင်းအလဲအတွက်ဖြစ်သည်။ စစ်အာဏာရှင်ကို အမြစ်ပြတ် ခြေမှုန်း ပြီးနောက် တည်ဆောက်ကြမည့် နိုင်ငံသစ်သည် မြန်မာနိုင်ငံဟု ဖြစ်တည်လာသည်မှစ၍ သမိုင်း တလျှောက် မည်သည့်အခါကမျှ မရှိခဲ့ဖူးသည့် နိုင်ငံမျိုးဖြစ်မည်။
ထိုသို့သောနိုင်ငံမျိုး တည်ဆောက်ရေးတွင် အလုပ်နည်းနည်း အပြောများများ ဆိုသူများကို အလိုမရှိ၊ အလုပ်များများ အပြောနည်းနည်း ဆိုသူများကိုသာ လိုအပ်သည်။ သက်ဆိုင်ရာအလုပ်ကို အားစိုက်လုပ်သူ များနိုင်သမျှများမှသာလျှင် နှစ်ပေါင်းများစွာ အောက်ကျနောက်ကျ ဖြစ်ခဲ့သည့်နိုင်ငံ ခေါင်းမော့ ရင်ကော့နိုင်မည်၊ ဆင်းရဲတွင်း နက်နေသည့်နိုင်ငံ ချမ်းသာကြွယ်ဝနိုင်မည်။
သို့အတွက်ကြောင့် အလုပ်နည်းပြီး အပြောများသောသူများကို ယခုကတည်းက ဖယ်ရှားကြရမည်၊ အများပြည်သူအပေါ် တာဝန်ယူမှု တာဝန်ခံမှု မရှိသောသူများကို ယခုကတည်းက ဘေးထုတ်ထားရမည်၊ လူထုမျက်နှာ မကြည့်သောသူများကို ယခုကတည်းက အသေဝနာစ ဗာလနံ လုပ်ပစ်ရမည်။
ထိုသို့သောသူများကြောင့် အပြောနည်းနည်း အလုပ်များများ ဆိုသူများ စိတ်ပျက် ယိမ်းယိုင် မသွားသင့်၊ မူလမျှော်မှန်းချက်မှ သွေဖည်မသွားသင့်။ ပို၍ပင် အားစိုက်ထုတ်၍ လုပ်ဆောင်ကြရမည်။ အလုပ်ဖြင့်ပင် သက်သေထူရမည်။
အသံထွက်လွန်းသည့် အနည်းငယ်မျှသော လူတစုကြောင့် အသံမထွက်ဘဲ အားစိုက် တွန်းထိုး ရုန်းကန် တိုက်ပွဲဝင်နေသူများ မည်သည့်နည်းနှင့်မျှ လှုပ်ခတ်သွားစရာမရှိကြောင်း The Call က မီးမောင်းထိုး ရေးသားလိုက်ရပါသည်။
Be the first to comment