အဖြူရောင် မြူလွလွ

◼️ညီလင်းအိမ်
ကမ္ဘောဒီးယားပြည်နဲ့ ကျနော်တို့ ပြည်သူပြည်သားတွေရဲ့ ဘဝနွံ နစ်ရပုံတွေက ထူးမခြားနား ဘဝတွေလို့ပဲ ဆိုရပါမယ်။ ခမာနီအရေးအခင်းလို ရင်နင့်စရာတွေ ကြုံခဲ့ရတယ်။ ဒီအဖြစ်အပျက်တွေ ပြီးဆုံးသွားပြန်တော့လည်း တိုင်းပြည်က အာဏာရှင်စနစ်ဆိုးကနေ မလွတ်မြောက်ခဲ့ပြန်။ စေတနာနဲ့ အမြော်အမြင် မရှိတဲ့လူတွေရဲ့ အုပ်ချုပ်ခံဘဝကို ရောက်ရတဲ့ အဆုံးရလဒ်က ပြည်သူပြည်သား မျိုးရိုးစဉ်ဆက် ဘဝအနာဂတ်တွေ ပျောက်ဆုံးသွားကြရတာပါပဲ။
အခု ဒီရုပ်ရှင်က ကျနော်တို့လို ဘဝတွေကနေပဲ ရုပ်ရှင်ပညာကို သင်ယူလေ့လာပြီး ဒါရိုက်တာဖြစ်လာတဲ့ ကမ်ပူးရ်ချားလူမျိုး အသက် ၃၅ နှစ်အရွယ် Neang Kavich က သူ့ဘဝ‌တလျှောက် ဖြတ်သန်းခဲ့ရတဲ့ အနာတွေကို ဖော်ထုတ်တင်ပြမှုလို့ပဲ မှတ်ယူလို့ရပါတယ်။ ဒီရုပ်ရှင်ရဲ့ Title ဖြစ်တဲ့ White Building ဆိုတာက ဖနွမ်းပင်မှာရှိတဲ့ သူရို့ ကျင်လည်ဖြတ်သန်းရင်း ကြီးပြင်းလာခဲ့ရတဲ့ အဖြူရောင်တိုက်ခန်းတွဲ အဆောက်အဦးဟောင်းကြီးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲက ဇာတ်ဆောင် လူငယ်လေးတွေဟာ သူဖော်ထုတ်ပြလိုတဲ့ တိုင်းပြည်အနာဂတ် ပျောက်ဆုံးရမှုတွေကို ရွယ်စူးလိုရင်း ဖြစ်တယ်။
Samnang တို့ သူငယ်ချင်းသုံးယောက်ဟာ ဒီတိုက်ခန်းတွဲကြီးမှာပဲ မွေးဖွား ကြီးပြင်းလာခဲ့ကြတဲ့ လူငယ်လေးတွေဖြစ်တယ်။ သူတို့သုံး‌ယောက်မှာ တူညီတဲ့ ရည်မှန်းချက်တခု ရှိကြတယ်။ ဘာလဲဆိုတော့ ပရော်ဖက်ရှင်နယ် Dancer သမားတွေ ဖြစ်ချင်ကြတာ။ ဒီအတွက်လည်း သူတို့မှာ ဇွဲနပဲကြီးကြီးနဲ့ အားထုတ် လေ့ကျင့်နေကြတယ်။ စိတ်ကူးထားကြတာက Talent Show တခုခုမှာ ဆုရအောင် ဝင်ပြိုင်ကြမယ်၊ ပြီးရင် အသက်မွေးဝမ်းကြောင်း အလုပ်တခုအဖြစ် ထူထောင်ကြမယ်ပေါ့။
သူရို့တွေရဲ့ ပြောစကားတွေအရ တိုင်းပြည်အတွင်းမှာ အဆင်ပြေကောင်းမွန်တဲ့ အလုပ်အကိုင်တခု ရဖို့ဆိုတာ မလွယ်လှဘူး။ ဒါကြောင့်လည်း မိသားစုထဲက အနည်းဆုံး ဆွေမျိုးရင်းချာ တယောက်ယောက်လောက်ကတော့ ထိုင်းနိုင်ငံဖြစ်ဖြစ်၊ ပြင်သစ်ဘက်ကိုပဲဖြစ်ဖြစ် အလုပ်လုပ်ထွက်ကြရတယ်။ Samnang တို့ သူငယ်ချင်းတစုမှာ အရွယ်ရောက်လာတဲ့တိုင်အောင် အလုပ်အကိုင် မည်မည်ရရရယ်လို့ မရှိသေး။ ဒါပေမဲ့လည်း အကသမားတယောက်ဖြစ်ဖို့ အိပ်မက် ကတော့ အားကောင်းမောင်းသန် ဖြစ်နေကြတုန်းပေါ့။
သို့ပေတဲ့လည်း အာဏာရှင်တွေ စီမံခန့်ခွဲတဲ့ တိုင်းပြည်မျိုးမှာ ကျနော်တို့လူငယ်တွေရဲ့ မျှော်လင့်ချက် ပန်းတိုင်တွေဟာ ဘယ်တုန်းက တဖြောင့်တည်း ဖြစ်ခဲ့ရလို့လဲ။ အများစုသော မျိုးဆက်သစ် လူငယ်များရဲ့ အနာဂတ် ရည်ရွယ်ရာလမ်းတွေဟာ တနည်းမဟုတ်တနည်း ကျိုးပျက်ရတာပဲ မဟုတ်ပါလား။ Samnang တို့ဟာ စိတ်ကူးကြံဆစ ပြုနေတုန်းမှာပဲ မမျှော်လင့်တဲ့အရာတွေ ထိုးဖောက် နှောင့်ယှက်လာခဲ့ပြီ။ သူရို့မိဘတွေ လက်ထက်သာမက ဘိုးဘေးဘီဘင်၊ ကိုလိုနီခေတ်ကတည်းက ရှိလာခဲ့တာဖြစ်တဲ့ ဒီနေရာကြီးကို ဟောင်းမျဉ်း ဆွေးမြေ့နေပြီ ဆိုတဲ့အမိန့်နဲ့ ဖျက်ချပြီး အသစ်ဆောက်လုပ်ဖို့ အမိန့်အာဏာသံတွေ ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။
ဒီအခါမှာတော့ သူတို့သူငယ်ချင်းသုံး‌ယောက်ရဲ့ စိတ်ကူးယဉ် အိပ်မက်တွေဟာလည်း ဖြိုဖျက်ခံရတော့မယ့် အိမ်ရာကြီးနဲ့အတူ တပါတည်း ပျက်စီးသွားရတော့တယ်။ ဆိုတော့ ရုပ်ရှင်ရဲ့ Focus ကို ပြန်ကောက်ရရင် ဒါရိုက်တာဟာ ပျက်စီးရတော့မယ့် တိုက်တာအခန်းတွဲတွေရဲ့ မြင်ကွင်းတွေ၊ နေထိုင်ကူးလူးမှု လူမှုဝန်းကျင်တွေကို တစိမ့်စိမ့် ပြန်ပြပါတယ်။ ခေတ်မီ မိုးမျှော် တိုက်သစ်ကြီးတွေအကြားမှာ ထုံးဖြူရောင် လွင်လွင်နဲ့ တိုက်ခန်းအိုကြီး‌ဟာ မြင်ရချိန်မှာ ဆွေးမြေ့ လွမ်းဆွေးဖွယ်အသွင်ကို ဆောင်နေပါတယ်။ ခေတ်အဆက်ဆက်က ဘဝအနာတွေကို ကိုယ်တိုင်ကိုယ်ပါ ထမ်းပိုးသယ်ယူလာခဲ့တဲ့ ဒီနေရာကြီး အခုလို အပြီးတိုင် ပျောက်ကွယ်ရတော့မယ့်အရေးဟာ သမိုင်းတခုပါ ပျောက်ဆုံးသွားတာနဲ့ တူမနေတော့ဘူးလား။ ပြီးတော့ ဒီလမ်းဒီအခန်းမှာပဲ မျိုးရိုးစဉ် ဆက် ဓားမဦးချ နေလာခဲ့ကြသူတွေလည်း ဒုနဲ့ဒေး။
ယင်းအဆောက်အဦကြီးနဲ့ ပတ်သက်ပြီး ယခု ရုပ်ရှင်ဒါရိုက်တာရဲ့ ကနဦးထွက်ရှိထားတဲ့ မှတ်တမ်းဖလင်မှာဆိုလည်း ခေတ်အဆက်ဆက် အတီတီအတာတာကတည်းက လူပေါင်းစုံ ဘဝပေါင်းစုံ ကူးလူးရောက်ရှိခဲ့ကြတဲ့ သမိုင်းဇာတ်ခုံအသွင်မျိုးကြီး ဖြစ်နေခဲ့တာ။ ဆိုတော့ ခုလို မဖြစ်စလောက် လျော်ကြေးငွေ အနည်းအပါးလောက်သာပေးပြီး သူတို့တွေမှာ ထွက်ခွာသွားရမယ်ဆိုတော့ ဘယ်လောက် နာကျင်ခံစားရမလဲ။ အဲဒါတွေကို ဒါရိုက်တာဖြစ်သူဟာ ဒီရုပ်ရှင် မှာတော့ အသေးစိတ် မြင်အောင် ပြသခဲ့တယ်။
လူငယ်အများစုရဲ့ ဘဝပျောက်မှုတွေသာမက အဲဒီက ရှေးရိုးစွဲမိဘများရဲ့ တွေးခေါ်ရှင်သန်မှုတွေကိုပါ တပါတည်း ပြသထားတဲ့ ရုပ်ရှင်ဖြစ်တာမို့ ဘဝရေမြေအခြေခံချင်း ဆင်တူညီနေတဲ့ စာရေးသူ ကျနော့်မှာလည်း ဒီရုပ်ရှင်ထဲက ဆေးကုစရာ ပိုက်ဆံမရှိလို့ ဆေးမြီးတိုနဲ့သာ ဘဝကို အသက်ဆက်ပုံ၊ လူငယ် သဘာဝ အပျိုလူပျို ပိုးစကားပန်းစကား ပြောမိတာတောင် နင်တို့လို ဆိုင်ကယ်အစုတ် စီးနေတဲ့ကောင်ကို ကြိုက်စရာလား စလို့ ပြောခံကြရတာတွေကို မြင်ရတဲ့အခါမှာ ကိုယ်ကိုယ်တိုင်ပါ ထပ်တူ ခံစားရသလို ဖြစ်လာလို့ ရုပ်ရှင်ကို ဆက်တိုက်တောင် ဆက်မကြည့်နိုင်။
ရုပ်ရှင်ဟာ ရုပ်ရှင်နဲ့ တူမလာတော့တဲ့အခါ ခုလိုပဲ ထပ်တူ မွန်းကြပ်လာတာ၊ အဲဒီထဲက ဘဝထဲကို လိုလိုနေရင်း ပြုတ်ကျသွားရတာဟာ အံ့အားသင့်စရာ မဟုတ်တော့။ ကျနော်တို့ ကိုယ်တိုင်ကလည်း ဒီရုပ်ရှင်ထဲက လူငယ်တွေဘဝနဲ့ ဘာတွေများ ကွာခြားနေလို့ပါလဲ။ လူရယ်လို့ ဖြစ်လာတာကနေ လက်ရှိဘဝအနေအထားအထိ ကိုယ်တွေဖြစ်ချင်ခဲ့တဲ့ ရည်မှန်းချက် အိပ်မက်တွေ ထပ်တူထပ်မျှ အကောင်အထည်ပေါ်ခဲ့လို့လား။
လက်ရှိအခြေအနေဆိုရင် ကျနော့်မှာ ပြန်စရာအိမ်ရယ်လို့လည်း မရှိ။ အိမ်က မွေးသမိခင်ကစလို့ လွတ်ရာပယ်စား ထွက်ပြေးနေရတာ။ လက်ရှိကိုယ့်ပြည်မှာ ကျနော်တို့ထက် ပိုမိုခါးသီးတဲ့ဘဝကို ပိုက်ထွေးရင်း ရှင်သန်ရမှု ဒုက္ခကို ရင်ဆိုင် ဖြတ်သန်းနေကြရသူတွေ ဒုနဲ့ဒေး။
ရုပ်ရှင်ထဲက ဇာတ်ဆောင်လူငယ်လေးဖြစ်တဲ့ Samnang ရဲ့ ဘဝကပေးတဲ့ ဒဏ်ရာများစွာကြောင့် ညှိုးငယ်တဲ့ မျက်နှာပေးလေးနဲ့ ဖြတ်သန်းနေရတာကို မြင်ရတဲ့အခါမှာ ကျနော့်မှာလည်း ရင်နင့်ရ။ ဒီ အဖြူရောင်အိမ်ရာတွဲကြီး ပြိုကျ ပျက်သုဉ်းရခြင်းဟာလည်း သူ့စိတ်ကူးယဉ်အိပ်မက်တွေ ပြိုပျက်သွားရတာနဲ့ ထပ်တူထပ်မျှပဲ မဟုတ်ပါလား။
ကမ္ဘောဒီးယား လူငယ်ခြေတက်ဒါရိုက်တာ Neang Kavich ရဲ့ ယခုရုပ်ရှင်ကို ကြည့်ရှုပြီးချိန်မှာတော့ ခင်ဗျားတို့ ကျနော်တို့ဆီကို မေးခွန်းတခု ပေးသွားသလိုတောင် ခံစားလိုက်ရပါတယ်။ ဘာမေးခွန်းလဲဆိုတော့ –
“ခင်ဗျားတို့ဘဝတွေမှာရော အဲဒီလို ပြိုကျပျောက်ကွယ်သွားပြီဖြစ်တဲ့ White Building တွေ ဘယ်လောက်တောင် ရှိခဲ့ကြပြီးပြီလဲ”
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*