2
ညီလင်းအိမ်
‘အဖြူအမည်း ချုပ်စပ်ထားတဲ့ ရုပ်ရှင်’
နိုင်ငံရေး ဝိဝါဒ မတူညီတာကို နောက်ထား၊ မျက်မှောက်ခေတ် ကမ္ဘာ့အခြေအနေကို ရှု့မြင်ကြည့်ပါက အရိုင်းခေတ်ဆီကို ပြန်သွားနေတာကိုသာ တွေ့ကြရမယ် ထင်ပါတယ်။ အင်အားကြီးတိုင်းပြည်တွေဟာ အင်အားသေးသိမ်လှတဲ့ နိုင်ငံလေးတွေဆိုရင် နည်းလမ်းအမျိုးမျိုးနဲ့ နိုင်ထက်စီးနင်း ပြုမူလာတာ၊ လူသားချင်း ကိုယ်ချင်းစာနာရမယ်ဆိုတဲ့ စကားကို သိသိသာသာ လျစ်လျူရှု့လာကြတာတွေ၊ အသားအရောင်ခွဲခြားမှုကိစ္စတွေ ရွှေ့ပြောင်းနိုင်ငံသားတွေ အရေးမှာလည်း ပိတ်ပင်နှင်ထုတ်တာတို့ စသဖြင့် လက်ရှိကမ္ဘာကြီးဟာ ဆုတ်ကပ်ဖြစ်လာစေတဲ့ အခြေအနေကို ရောက်ရှိလာတာကို မြင်ရနိုင်တယ်။ စစ်အာဏာရှင်တွေနဲ့ မိမိတို့ တဘို့တည်းကိုသာ ကြည့်တတ်ကြတဲ့ လူတန်းစားတွေက နိုင်ငံရေးနယ်ပယ်မှာ ပိုလို့ နေရာရကြီးစိုးလာနေတာကို မြင်ရပြီး ယင်းသို့သော အခြေအနေများကနေ တဆင့် ကမ္ဘာ့နိုင်ငံနေရာဒေသတွေမှာ စစ်မက်တွေ ဖြစ်ပွားလာနေတာကို တွေ့ရပါတယ်။
အမေရိကန် ဒါရိုက်တာ ပေါလ်သောမတ် အန်ဒါဆင်ရဲ့ လက်ရာသစ် ဖြစ်တဲ့ ဒီရုပ်ရှင်မှာ ယင်းအရာတွေနဲ့ ပတ်သက်ပြီး သွက်ဝိုက်ပြဆိုထားတာကို တွေ့ရတော့ အံ့သြမိရပါတယ်။ အများအားဖြင့် သူ့လက်ရာတွေက လွတ်လပ်လွန်းလှပြီး လူအများစု သဘောကျစေတတ်တဲ့ တင်ပြမှုမျိုးတွေနဲ့ ရိုက်ကူးလေ့မရှိတဲ့ ဒါရိုက်တာတယောက်မို့လို့ပါ။ သို့ပေတဲ့ လက်ရှိကားသစ်မှာလည်း သူ့စတိုင်လ်အတိုင်းပါပဲ ကျနော်က အဲဒီလို မက်ဆေ့ချ် သဘောတရား ဘာညာပါတယ် ပြောလိုက်လို့ ဇာတ်ကောင်တွေဆီကနေ တိုက်ရိုက်အားဖြင့် မြင်ရကြားရမှာ မဟုတ်ပါဘူး။ ရုပ်ရှင်ထဲမှာ ပါရှိတဲ့ ဇာတ်ကောင်များရဲ့ ပြုမူဖော်ပြမှုကနေသာ အရသာခံရုံ ပြုံးတုံ့တုံ့ ဖြစ်ရစေရုံပါပဲ။
ဇာတ်လမ်းအစမှာ French 75 ဆိုတဲ့ အဖွဲ့ကို တွေ့ရမယ်။ သူတို့က ဘာတွေလဲ။ ကျနော်တို့တွေ ရုတ်ချည်းမသိနိုင်။ အကြမ်းဖက်အဖွဲ့အစည်းလား။ ခေတ်သစ် ဂျက်ဆီဂျိမ်း ဒါမှမဟုတ် ဇောရိုး ငတက်ပြားတို့လို မကောင်းသူပယ် ကောင်းသူကယ်ကြတဲ့ သူရဲကောင်းတပ်သားတွေလား။ မဟုတ်တန်ရာ။ လက်ဝဲစနစ် စကားလုံးတွေ ဖုံးလွှမ်းထားတဲ့ သူတို့ အဖွဲ့က အမေရိကန်ပြည်ထောင်စုမှာ ကြီးစိုးဖိနှိပ်နေကြတဲ့ အရင်းရှင် အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်ပုံ ယန္တရားတွေကို ဖျက်ဆီးတိုက်ခိုက်ဖို့ဖြစ်ပြီး အခြားတဖက်မှာတော့ နယ်စပ်ဒေသတွေမှာ ဖမ်းဆီးခံထားရတဲ့ ရွှေ့ပြောင်းတွေကို ကယ်ထုတ်တာမျိုးတွေကို ပြုလုပ်ကြပါတယ်။
သူတို့နဲ့ ဆန့်ကျင်ဘက်လို့ ပြောရမယ့် အခြားအဖွဲ့တခုကတော့ ၆၀ ခေတ်လွန်လောက်က Neonazi လို့ ခေါ်ကြတဲ့ ဂိုဏ်းမျိုးတွေနဲ့ ရည်ရွယ်ချက် အလားသဏ္ဍာန်ချင်း ဆင်တူကြတဲ့ Christmas Adventures Club ဆိုတဲ့ အဖွဲ့အစည်းပါ။ အမေရိကန်ပြည်ထောင်စုအတွင်းက လုပ်ပိုင်ခွင့်ရှိကြတဲ့ အုပ်ချုပ်သူနယ်ပယ်က လူတန်းစားတွေ၊ ကြေးရတတ်လူတန်းစား စတဲ့ သူတွေနဲ့ ဖွဲ့စည်းထူထောင်ထားတာ ဖြစ်တယ်။ ရည်ရွယ်ချက်ကတော့ လူဖြူလူတန်းစားတွေကပဲ နေရာတိုင်းကို ကြီးစိုးဖို့ဖြစ်ပြီး နိုင်ငံအတွင်းကို လူမည်းအလွှာက လူတွေ၊ ရွှေ့ပြောင်းတွေ ဝင်မလာနိုင်အောင် နည်းလမ်းမျိုးစုံ အသုံးပြုပြီး တားဆီး နှိမ်နင်းကြဖို့ ဖြစ်တယ်။
နှိုင်းယှဥ်ဝေဖန်ကြရရင် French 75 ရဲ့ ရီဗော်လူးရှင်း ခေါင်းစဥ်နဲ့ တိုက်ခိုက်ကြတာတွေဟာ ဖိနှိပ်သူလူတန်းစားတွေဘက်ကနေ ကြည့်ရင် သဘောကျထောက်ခံဖွယ်ရာ ဖြစ်ပေမယ့် ပြုမူအလုပ်လုပ်ပုံတွေဟာ စနစ်မကျတာ၊ အစွန်းရောက်ဆန်ဆန် ဖြစ်လာတဲ့အခါမျိုးမှာ နောက်ဆုံးမှာတော့ အာဏာပိုင်များရဲ့ နှိမ်နင်းမှုကို ခံကြရပြီး အလဲလဲအကွဲကွဲနဲ့ အဆုံးသတ်ကြရပါတယ်။ CAC အဖွဲ့ကတော့ ဘွားခနဲ ကြည့်ရင် ပေါတောတောလူတွေနဲ့ ဖွဲ့စည်းထားတဲ့ အုပ်စုတစုလို့သာ မှတ်ထင်စရာ ရှိပေမဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ အစွန်းရောက်လူတန်းစားတွေ အများအပြားပါရှိနေတဲ့အတွက် သူတို့ရဲ့ ပါဝါအာဏာ သက်ရောက်အင်အားကြီးလှတာကို တွေ့ရတယ်။ ၆၀ ခေတ်များတုန်းက မြင်ခဲ့ရတဲ့ လယ်ကွင်းပြင်လွတ်ကြီးထဲမှာ စုဝေးကြရင်း နာဇီတံဆိပ် ကြက်ခြေပုံကြီး တကားကားနဲ့ အောက်ခြေအလွှာလူမည်းကလေးတွေကို လိုက်လံပြဿနာရှာကြတဲ့ အဖွဲ့တွေထက် အဆမတန် သာလွန်ပြီး စနစ်ကျ အင်အားကောင်းနေတာကို မြင်ရတယ်။ ဒီလိုလူတွေသာ ဆက်လက်ပြီး အင်အားကောင်း နေရာအနှံ့ လွှမ်းမိုးလာနိုင်ခဲ့ရင် ဘာတွေဆက်ဖြစ်လာနိုင်မလဲ ဆိုတာတော့ ဒါရိုက်တာ ပေါလ်သောမတ်အန်ဒါဆင်က ပြောမထားပါဘူး။ လက်ရှိကျနော်တို့ရဲ့ ကမ္ဘာကြီးအခြေအနေကိုသာ အကဲခတ်ရင်း အဖြေထုတ်ရုံပဲ ရှိပါတယ်။
ရုပ်ရှင်ဇာတ်ကြောင်းကတော့ ဒီအဖွဲ့အစည်းနှစ်ခုအတွင်းမှာရှိတဲ့ ဇာတ်ကောင်တွေရဲ့ တွန်းကန်အားပြိုင်မှုကနေပဲ ဇာတ်အိမ်ကို ရုပ်လုံးပေါ်လာစေတာ ဖြစ်တယ်။ လီယိုရဲ့ ဇာတ်ကောင်က French 75 အတွင်းက တော်လှန်ရေး သမား။ ဒိုင်းနမိုက် ဖောက်ခွဲပေးရတဲ့သူ။ ရှောင်ပန်းနန် ဇာတ်ရုပ်ကတော့ အမေရိကန်စစ်တပ်အတွင်းက ရာထူးမြင့်ဇာတ်ကောင် စစ်ဗိုလ် အရာရှိရုပ်။ လူဖြူကြီးစိုးမှု ဝါဒကို ထောက်ခံသူတဦးဖြစ်ပြီး နယ်စပ်မှာပဲ အကျင့်ပျက်ခြစားနေတဲ့ ယူနီဖောင်း ဇာတ်ဆောင်ဖြစ်တယ်။
ဒီလို လူမှုအဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ရိုက်ပြလို့ ကြည့်ရှု့ရသူ ကျနော်တို့တွေမှာ ဇာတ်ကားရဲ့ အသွင်သဏ္ဍာန်ကို ထင်းခနဲ မြင်ရဖို့ မရှိနိုင်ပါဘူး။ ပါဝင်တဲ့ဇာတ်ကောင်တွေကနေ တဆင့်ပဲ ဆက်စပ်မြင်ကြည့်ရဖို့ရှိပါတယ်။ အဲဒါကပဲ ရုပ်ရှင်ကပေးတဲ့ အကောင်းဆုံး အရသာတရပ် ဖြစ်စေတာမျိုးပါ။ ဒီတော့ ကျနော်တို့တွေ ပါဝင်ဇာတ်ကောင်များကနေတဆင့် ဆက်စပ်ရှုမြင်ကြရအောင်။
ပထမဆုံး French 75 အဖွဲ့ဝင် Perfidia ရဲ့ ကာရိုက်တာကို ချဥ်းကပ်ကြည့်မယ်ဆိုရင် သူမအနေနဲ့ ခံယူထားတဲ့ တော်လှန်ရေးလမ်းစဥ်တွေမှာ တက်တက်ကြွကြွနဲ့ လုပ်ဆောင်သူလို့ သတ်မှတ်နိုင်စရာ ရှိတယ်။ အာဏာပိုင်စခန်းတွေကို မစ်ရှင်ဖော်ဆောင်ရာမှာ ဦးဆောင်ပြီး တိုက်ခိုက်တယ်။ လီယိုရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ Bob နဲ့အတူ ဖြတ်သန်းရင်း တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ကြတယ်။ ဒီလိုနဲ့ပဲ အမေရိကန်ဘက်က အာဏာပိုင် အရာရှိ ကိုလိုနယ် Lockjaw နဲ့ ဆုံရတယ်။ ဆုံကြချိန်မှာ သူမရဲ့ ညှို့ငင်အား အပြည့်ရှိတဲ့ အလှတွေကို တပ်မက်သွားတယ်။
နောက်မစ်ရှင်တခု မအောင်မြင်ချိန်မှာတော့ အဖမ်းခံရတယ်။ ယင်းကာလမှာပဲ Lockjaw နဲ့ အတူအိပ်ခဲ့တယ်။ ကိုယ်ဝန်ရသွားတယ်။ သူမအနေနဲ့ ဒီကိုယ်လေးလက်ဝန်ဟာ Bob နဲ့ ရခဲ့တာလား။ အရာရှိစုတ် Lockjaw ရခဲ့သလား အရေးစိုက်ပုံလည်း မရှိပါ။ သမီးကလေး Willa မွေးလာတဲ့တိုင်အောင် ဂရုစိုက်တာမျိုး မရှိ။ ဖခင်ဖြစ်သူ Bob မှာပဲ သမီးကလေးကို စောင့်ရှောက်ခဲ့ရတယ်။ တော်လှန်ရေးအတွက် ဘာကိုမှ သံယောဇဥ်ထားဖို့ မလိုဆိုတဲ့ သဘောမျိုး အထင်ရောက်နေတဲ့ သူမက အဖမ်းခံရချိန်မှာတော့ သစ္စာဖောက်ပြီး ဖော်ကောင်လုပ်ခဲ့ပါတယ်။
ဒီဇာတ်အိမ်ကြီးထဲမှာ အားလုံးက လီယိုကို ပင်မဇာတ်ဆောင်လို့ ထင်ကြနိုင်ပေမဲ့ ကျနော်တော့ မထင်ပါဘူး။ ရှောင်ပန်းန်ရဲ့ ဇာတ်ကောင်ကသာ အဓိက အခရာ အဖြစ် ခံစားရပါတယ်။ ဒါရိုက်တာ အနေနဲ့လည်း သူ့ဇာတ်ရုပ်ကနေ တဆင့်ပဲ လက်ရှိ မြင်နေရတဲ့ အုပ်ချုပ်သူအဖွဲ့အစည်း ဆိုတာတွေအပေါ် လှောင်ပြောင်ချင် သရော်ချင်တယ်လို့ပဲ မှတ်ယူမိပါတယ်။ အထက်ကခိုင်းစေရင် ကိုယ့်အမေကိုယ်တောင် မုဒိန်းပြန်ကျင့်ချင် ကျင့်မယ့် ဘရိန်းဝှက်ရှိ ခံထားရတဲ့ ယူနီဖောင်းဝတ် လူတန်းစား တယောက်ပုံပန်းကို ပြပါမေးရင် သူ့ကိုပဲ လက်ညှိုးထိုးပြရမှာပဲ။ စက်ရုပ်တယောက် မျက်နှာလို ခက်ထန်အဆီပြန်နေတဲ့ ဒီဘိုးတော်က လမ်းလျှောက်ရင်လည်း စစ်သားစစ်စစ် တယောက်လို့ သိစေချင်တဲ့ အထာမျိုး အားမာန်အပြည့်နဲ့ ဟန်ရေးပြ လမ်းလျှောက်သူ။ အာနိုး ရုပ်ရှင်ထဲက အရည်ပျော်လူသား စက်ရုပ်ကို ပြင်ပဘဝမှာ မြင်ရတဲ့ ပုံပန်းမျိုးပေါ့။ သူ့ခေါင်းထဲမှာက အိပ်စားကာမအတွက်လည်း စိတ်လွတ်ကိုယ်လွတ်နဲ့ ခွေးသတ္တဝါတွေ တော်သလင်းလမှာ မိတ်လိုက်ကြတဲ့ အားကျမှုလိုမျိုး။ တာဝန်အရ အရေးယူ ဖမ်းဆီးရမှာ သိနေတာကိုလည်း French 75 အဖွဲ့က ကောင်မလေး တိုက်ခိုက်ရန်ပြုနေတာကို ကားထဲကနေ မှန်ပြောင်းနဲ့ ထောက်ကြည့်ပြီး သူ့ဘာသာသူ လိင်မဖွယ်မရာ လုပ်နေတဲ့သူ။ ဆိုလိုချင်တာက အများအမြင်မှာတော့ သူ့ပုံပန်းဟာ တိုင်းပြည်တာဝန်ကိုပဲ ဘဝတွေ အသက်တွေပေးထားပြီးတော့ ထမ်းရွက်လာခဲ့တဲ့ လေးစားကြည်ညိုဖွယ်ရာ အပြည့်ရှိတဲ့ စစ်ဗိုလ်မှုးကြီး ဆိုပါတော့။ လက်တွေ့ဘဝထဲမှာတော့ သူ့အတ္တအတွက်ပဲ သင့်တော်သလား မသင့်တော်သလား မစဥ်းစားဘဲ ရထားတဲ့ လုပ်ပိုင်ခွင့်ကိုသာ အပြည့်အဝ ချနင်းပြီး လုပ်ကိုင်တတ်သူ ဖြစ်တယ်။ ဒိလိုစိတ်မျိုး ရှိတဲ့အတွက်လည်း သူက အစွန်းရောက် လူဖြူကြီးစိုးရေး အဖွဲ့အစည်းထဲကို ဝင်ရောက်ခဲ့တာပဲ ဖြစ်တယ်။ သူဟာ အဖွဲ့က ချမှတ်ထားတဲ့ အရာရာတိုင်းကို လူဖြူတွေပဲ ကြီးစိုးရေး၊ ရွှေ့ပြောင်းလူတန်းစားများနဲ့ လူမည်းတွေကို နှိပ်ကွပ်အရေးယူရေး စလို့ အဲဒါတွေကို လုပ်ဆောင်ဖို့သာ တက်ကြွနေသူ ဖြစ်ပါတယ်။ နောက်ဆုံး ဘယ်လောက်
အထိ အစွန်းရောက်နေခဲ့သလဲ ဆိုရင် ဒီအဖွဲ့အစည်းထဲမှာ မြဲမြံနေရာရဖို့အတွက် လူမည်းသွေး သန့်စင်ရမှာ ဖြစ်တာမို့ သူနဲ့ပတ်သက်ခဲ့ဖူးတဲ့ Frech 75 က အရွယ်ရောက်နေပြီဖြစ်တဲ့ Willa တို့ မိသားစုကိုပါ လိုက်လံရှင်းလင်းဖို့အထိ လုပ်ဆောင်နေသူ ဖြစ်တယ်။
သရုပ်ဆောင် ရှောင်ပန်းန်ဟာ ဤမျှအထိ ဆိုးဝါးရွံရှာစက်ဆုပ်ဖွယ် ဖြစ်တဲ့၊ ကျနော်တို့ လက်ရှိကမ္ဘာသစ်မှာ မြင်တွေ့နေကြရတဲ့ ယင်းသို့သော လူစုတ်များရဲ့ အသွင်သဏ္ဌာန်ကို အပြည့်အဝ မြင်သိခံစားရစေအောင် အကောင်းဆုံး ဝင်စားပြီးဖော်ပြသွားခဲ့တယ်။ ဗီလိန်ဇာတ်ရုပ်ဆိုတာ ဟောလိဝုဒ် ဖလင်အများစုမှာ မြင်ရတဲ့ စကားကြီးစကားကျယ်တွေ ပြောဆိုပြီး ဟိတ်ဟန်အပိုနားဆားကြီးနဲ့ သေနတ်တွေ တဒိုင်းဒိုင်း ပစ်ပြ ခုတ်ထစ်ပြနေမှ မဟုတ်တာပဲလေ။
ဒါကတော့ ဘာကြောင့် ဖန်တီးသူ ပေါလ်သောမတ် အန်ဒါဆင်ဟာ ဟောလိဝုဒ်က အကောင်းဆုံး ဒါရိုက်တာတွေကို စာရင်းပြုစုကြတိုင်း ထိပ်ဆုံးနားတွေမှာ မြင်ကြရသလဲဆိုတာကို ကျနော်တို့တွေ နားလည်သွားမိစေတာမျိုး ဆိုပါတော့။ ကျတော်တို့တွေ လူသားအပြည့်အဝဆန်တဲ့ ဗီလိန် လူစုတ်တွေအကြောင်း ပြောကြတိုင်း ရှောင်ပန်းန်ရဲ့ ဒီဇာတ်ရုပ်က အမြဲထည့်ဝင်ပြောကြရမဲ့ စခဇာတ်ရုပ် ဝါ မဘသဇာတ်ရုပ်တရုပ် ဖြစ်လာခဲ့ပါပြီ။
လီယို ဇာတ်ရုပ် Bob ကို မြင်ရတော့ ဟောလိဝုဒ်က နာမည်ကျော် ကြောင်ပျောက် ဇာတ်ကောင် Lebowski ကို မြင်ယောင်မိရပါတယ်။ တော်လှန်ရေးမစ်ရှင်တွေမှာ ချစ်သူ Perfidia နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့သူမို့ သေနတ်ပစ်တာတို့၊ တိုက်ရေးခိုက်ရေးတွေမှာ ထူးချွန်ကျွမ်းကျင်လှတဲ့ ဂျေဆွန့်ဘွန့်တို့လိုလို Brave Heart ထဲက ဝီလီယံ ဝေါလေ့စ်တို့လို မြင်ကြရရမယ်လို့ တွေးထားမိကြသလား၊ ယစ်ထုပ်ကြီးရုပ်ရည်နဲ့ အချိန်ပြည့် ဆေးကွဲနေတဲ့မျက်နှာ၊ မိန်းမဖြစ်သူရဲ့ နှစ်ပြားမတန်အောင် အပြောခံရရှာတဲ့ ဆရာသမား။ တော်လှန်ရေး ကုဒ်တွေတောင်းတော့လည်း ဆေးကွဲနေတော့ မေ့လိုမေ့နဲ့ ဖလံထည် ညဝတ်အင်္ကျီကြီးတကားကားနဲ့ ကိုင်ထားတဲ့ သေနတ်ကိုလည်း တချက်မှလည်း မှန်အောင် မပစ်နိုင်ခဲ့တဲ့သူဟာ သူပေါ့။
ကျနော့်မှာတော့ ဒီထဲက လီယိုရဲ့ သရုပ်ဆောင်ပုံကို မြင်ရတော့လည်း ချစ်ရ ကြွေမိရပြန်တာပဲ။ ဟောလိဝုဒ်ထိပ်တန်း မင်းသား၊ ပျိုတိုင်းကြိုက်နှင်းဆီခိုင်အဖြစ် ထင်ရှားလှတဲ့သူဟာ နောက်ပိုင်းနှစ်တွေမှာ သူလို့ထင်မှတ်စရာ မရှိတော့တဲ့ ကာရိုက်တာမျိုးတွေကို သရုပ်ဆောင်လာခဲ့တယ်။ ရုပ်ရှင်ထဲတွေမှာ သူရဲ့ပင်ဂိုအားသာတဲ့ ပုံသဏ္ဌာန်မျိုးတွေကို လုံးဝအားပြုမခံ။ မသိရင် ဘာမှအရေးမပါသလို၊ ရုပ်ရှင်ထဲမှာ သူ့ရဲ့တည်ရှိမှုက ဘာမှရှိမနေတဲ့ မထင်ရှားနေတဲ့ ပါဝင်ရမှုလိုမျိုး။ ဒီထဲမှာလည်း အစွန်းရောက် ပြုမူမှုတွေနဲ့ ကြွတက်နေတဲ့ ဇာတ်ဆောင်နှစ်ယောက်အကြားမှာ သူက လုံးဝ မှိန်ဖျော့လို့ နေပါတယ်။ အဲဒါကပဲ ဒီရုပ်ထဲက ဇာတ်ကောင် ကွန်ဖလစ်များအတွက် အဓိက ချိတ်ဆက်မှုအဖြစ် ထင်ရှားလာစေခဲ့တယ်။ လီယိုရဲ့ အနုပညာဝင်စားမှု မည်မျှအထိ သိပ်သည်းလေးနက်နေသလဲဆိုတာကို သိသာခံစားလို့ ရစေခဲ့ပါတယ်။
ပေါလ်သောမတ် အန်ဒါဆင်ရဲ့ လက်ရာဖြစ်တာနဲ့လျော်စွာ ကျနော်တို့တွေမှာ ဟောလိဝုဒ် Blockbuster ဖလင်တွေမှာ မြင်ရတတ်တဲ့ ဇာတ်ကွက်မျိုး တွေကို မမြင်ခဲ့ရပဲ ရုပ်ရှင်က ကျနော့်လက်တွေ့ကမ္ဘာကြီးထဲက မပြီးဆုံးတော့တဲ့ လူသားကမ္ဘာ မပျက်မသုဥ်း မချင်း ပြီးဆုံးဖွယ်ရာမရှိမဲ့ အခြင်းအရာမျိုးနဲ့ပဲ ဇာတ်လမ်းကိုအဆုံးသတ်ခဲ့တယ်။
အစွန်းရောက်ဖိနှိပ်ခွဲခြားရေးနဲ့ အမျိုးသားရေးကိစ္စကိုပဲ ဇောင်းတင်ပြီး လုပ်ဆောင်ကြတဲ့ အဖွဲ့ကတဖွဲ့၊ နောက် ဖိနှိပ်သူတွေဘက်မှာ တွန်းလှန်တိုက်ထုတ်မှသာလျှင် ဒီလို လူတန်းစားတွေကို အပြီးတိုင် ပျောက်ကွယ်စေနိုင်မှာ စလို့ ဒီလို ကိုင်စွဲမှုများနဲ့ တော်လှန်နေကြသူတွေက တဖွဲ့နဲ့။ ကျနော်တို့တွေဟာ ဘယ်လူတန်းစားထဲမှာ ရှိနေကြသလဲ၊ ဘယ်လိုမျိုး နိုင်ငံရေးဝါဒကို ကိုင်စွဲထားကြသလဲ ဆိုတာကိုတော့ ဒါရိုက်တာက ဒီအတိုင်းပဲ ဖော်ပြသွားပါတယ်။ သူကလည်း ဘယ်ဘက်မှာ ရှိနေသလဲ ဆိုတာကိုလည်း မမြင်ခဲ့ရပါဘူး။ ရုပ်ရှင်ကြည့်ပြီးတဲ့အချိန်မှာ ကျနော်တို့တွေ ကိုယ့်ဘာသာကိုယ် ဝေဖန်ရှုမြင်ကြရုံပဲ ရှိပါတယ်။
နာမည်ကြီး ရုပ်ရှင်ဝေဖန်ရေးဆရာတယောက်ကတော့ ဒီဇာတ်လမ်းဟာ ဖိနှိပ်ခံ လက်ဝဲ တော်လှန်ရေးစနစ်ကို အားပေးအားမြှောက်ပြုထားတဲ့ ရုပ်ရှင်လို့ ဝေဖန်ပြောဆိုထားတာကို ဖတ်ရပါတယ်။
ရုပ်ရှင်ရည်ညွှန်း – One Battle After Another Movie ( 2025 )
