အဖြေမရနိုင်သော မေးခွန်း

“အဖြေမရနိုင်သော မေးခွန်း”
◼️ရီဗော်တီ
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျနော်တို့မှာ ဒရုန်းလေးတစင်းရှိခဲ့တယ်။ ကိုယ့်နယ်မြေထဲမှာ ပထမဆုံးလို့ ပြောရမှာပဲ။ ပြောလို့သာပြောတာပါ၊ အဲဒီဒရုန်းကလည်း အလုပ်လုပ်ရတာနဲ့ ပျက်နေတာနဲ့ဆို ပျက်နေတာက ပိုများပါတယ်။ ဒီလိုနဲ့ ကျနော်တို့ ဒရုန်းလေး စမ်းသပ်ပျံသန်းတာ အောင်မြင်ချိန်မှာပဲ နယ်မြေခံတပ်ရင်းက စခန်းတစ်ခုကို ဒရုန်းနဲ့ချဖို့ ခေါ်ပါတော့တယ်။ နောက်ပိုင်းမှာတော့ အဲဒီစခန်းဟာ ကျနော်တို့ရဲ့ လေ့ကျင့်ရေးကွင်း ဖြစ်လာတယ်။ ဒရုန်းပျက်လို့ ပြင်ပြီးတိုင်း စမ်းကြတဲ့အခါ အဲဒီစခန်းကိုပဲ ဗုံးသီးကြဲရင်း စမ်းဖြစ်ပါတယ်။ စခန်းဆိုပေမယ့် ရဲစခန်းပါ။ ဒါပေမယ့် စစ်ကောင်စီရော၊ BGF ရော၊ ရဲရောထိုင်တဲ့ စခန်းတခုပဲဖြစ်ပါတယ်။ အင်အားကလည်း မနည်းလှပါဘူး။
တိုက်ပွဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ညလည်းချ နေ့လည်းချ ပျင်းတိုင်းချနဲ့ လက်တည့်စမ်းချင်သလို စမ်းနေခဲ့ကြပါတယ်။ ဒရုန်းတခါချပြီးတိုင်း စစ်ကောင်စီတပ်သား ဘယ်နှကောင်ထိတယ် ဘယ်အဆောက်အအုံပေါ်ကျတယ် ဘာညာဆို အလုပ်ဖြစ်တယ်ဟဆိုပြီး ဝမ်းသာတာပဲ။ တနေ့ကျ စနိုက်ပါနဲ့ထောက်ထားတဲ့ ဗိုလ်တဦးက ကျနော်တို့ရှိနေတဲ့ဆီ ရောက်လာပြီး မြေပုံညွှန်းတွေပေးပါတယ်။ ပြီးတော့ သူက တဆက်တည်း ပြောပြပါတယ်။ “ဒီကောင်တွေ လည်တယ်ဟ၊ ရေချိုးထွက်ထွက် ရေခပ်ထွက်ထွက် ကလေးတွေ ခေါ်လာတာကွာ၊ ပွေ့ထားတာရော လက်ဆွဲလာတာရော စနိုက်ပါကြီးချိန်ပြီး ပစ်ကို မပစ်ရပါဘူး၊ ကလေးတွေမြင်တာနဲ့ မောင်းခလုတ်ပေါ်ကလက်ကို လျှောချလိုက်ရတာချည်းပဲ” တဲ့။
အဲဒါနဲ့ ကျနော်လည်း “ဗျာ စခန်းထဲ ကလေးတွေရော ရှိတာလား” ဆိုတော့ “ဟုတ်တယ်ကွာ ဗိုက်ကြီးသည်တယောက်လည်းရှိတယ်” တဲ့။ အဲဒီအချိန်မှာ ကျနော့်အတွေးထဲကို ဝင်လာတခုရှိတယ်။ “ငါတို့ ဒရုန်းနဲ့ချလိုက်တိုင်း ဒီကောင်တွေ ဘယ်နှကောင်ထိတယ်ဆိုတာ သတင်းက ပြန်ရနေတာ၊ အဲဒီသတင်းထဲမှာ ငါတို့ချလိုက်လို့ စခန်းထဲက ကလေးတယောက်သာထိရင်” ဆိုတဲ့အတွေးပါပဲ။
စခန်းထဲမှာ ကလေးငယ်တွေ ရှိတယ်ဆိုတဲ့ သတင်းကိုကြားပြီး သိပ်မကြာခင်မှာပဲ တပ်ရင်းကတာဝန်ရှိသူက စခန်းရဲ့ဘယ်နေရာကို ကြဲပေးပါဆိုပြီး ညွှန် ကြားလာပါတယ်။ ကျနော်နဲ့ ဒရုန်းမောင်းတဲ့ အကိုတဦး မျက်နှာချင်းဆိုင်ကာ ကဲ သွားကြမယ် ချကြတာပေါ့ကွာ ဆိုပြီး လိုအပ်တဲ့ပစ္စည်းတွေယူ ကားနဲ့ထွက်ခဲ့ကြပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ တွေးနေခဲ့တာက စခန်းထဲက ကလေးလေးတွေပါပဲ။ ရန်သူရဲ့စခန်းထဲက ရန်သူရဲ့ သားသမီးတွေဆိုပေမယ့် သူတို့ဟာ ဘာမှ မသိနားမလည်သေးတဲ့ ကလေးလေးတွေပါ။
စခန်းအနီးရောက်လို့ လိုအပ်တာပြင်ဆင်ပြီး ကျနော်တို့ရဲ့မစ်ရှင်ကို အကောင်ထည်ဖော်ရပါတော့တယ်။ ဒရုန်းပျံတက်သွားပြီး သိပ်မကြာခင်မှာပဲ အုန်းခနဲမြည်သံနဲ့အတူ အောင်တယ်ကွ နောက်တခေါက် နောက်တခေါက်ဆိုပြီး နောက်တကြိမ် ချလိုက်ပြန်ပါတယ်။ ဒုတိယအကြိမ်လည်းအောင်တာပါပဲ၊ အုန်းခနဲမြည်သံဟာ လှိုဏ်ပြီးထွက်လာပါတယ်။ ကျနော်တို့ကိုလိုက်ပို့ပေးတဲ့ လူကြီးကတော့ မစ်ရှင်အောင်မြင်လို့ ပျော်နေတဲ့ပုံပါပဲ။ ကျနော့်စိတ်ထဲမှာတော့ ကလေးတွေ ဘေးကင်းရဲ့လားလို့ တွေးနေမိပါတယ်။ စခန်းပြန်ရောက်လို့ အိပ်ရာထဲနားနေချိန် ဒရုန်းမောင်းတဲ့အကိုက ဘေးနားရောက်လာတာနဲ့ “အထဲက ကလေးတွေ ဘေးကင်းမှာပါ စစ်ခွေးတွေကတော့ ထိချင်ထိဗျာ” လို့ဆိုတော့ သူကပြန်ပြောတယ်။ “ဟဲ့ကောင်ရ ငါချလိုက်တာ စခန်းဘေးက ဘောလုံးကွင်းထဲဟ” တဲ့။ ပြီးတော့ သူကဆက်ပြောပါတယ်။ “မအလအာဏာရှင်နဲ့ သူ့နောက်လိုက်တွေကို တော်လှန်တာက တော်လှန်တာပဲ ငါတို့ဒရုန်းချလိုက်လို့ ကလေးလေးတွေထိပြီး သေသွားတာသိရင် ငါ တသက်လုံး နောင်တရပြီး အဲဒီစိတ်ကြီးနဲ့နေရမှာ မနေချင်ဘူးကွာ” တဲ့။ သိပ်မှန်တာပေါ့။ ကျနော်ခံယူထားတာက တော်လှန်သူတွေဟာ ကိုယ်ချင်းစာစိတ်နဲ့ စာနာမှုတရားရှိလို့သာ တနိုင်ငံလုံး ခံစားနေရတဲ့ ဒုက္ခဆင်းရဲက လွတ်စေချင်လို့ တော်လှန်သူတွေ ဖြစ်လာခဲ့တာဆိုတဲ့ ခံယူချက်ပါပဲ။
ကျနော်တို့က စစ်ပွဲကိုသွားနေသော်ငြား စစ်ကိုတိုက်နေရသော်ငြား စာနာမှုနဲ့ ကြင်နာမှုကို လက်ကိုင်ထားကြပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့တိုက် နေကြရတဲ့ စစ်အာဏာရှင်ရဲ့ လက်ပါးစေ လေတပ်ကတော့ တိုင်းပြည်အနှံ့ ဗုံးကြဲသတ်ဖြတ်နေခဲ့တာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ သူတပြန် ကိုယ် တပြန် တိုက်ကြခိုက်ကြတာဟာ စစ်ပွဲရဲ့သဘောတရားပေမယ့် မဆိုင်တဲ့ပြည်သူတွေကိုပါ လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်နေတာက လက်ခံနိုင်စရာမရှိပါဘူး။
အာဏာရှင်လက်ပါးစေ စစ်ကောင်စီတပ်သားတွေဟာ တော်လှန်သူတဦးကို ရက်စက် ဖိနှိပ်ရတော့မယ်ဆိုရင် အမျိုးသမီး၊ အမျိုးသား မခွဲခြားသလို လူကြီးလူငယ်ကလေးမရွေးဘဲ တပြေးညီ နှိပ်စက်သတ်ဖြတ်လေ့ရှိပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ ဖက်ဆစ်သန္ဓေပါတဲ့ ယုတ်ညံ့တဲ့စိတ်ထားပါပဲ။
အာဏာသိမ်းစစ်ကောင်စီရဲ့ လေယာဉ်နဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက် အကြမ်းဖက်မှုကြောင့် သေဆုံးနေကြတဲ့အထဲမှာ ကလေးသူငယ်တွေ၊ ကိုယ်ဝန် ဆောင်သည်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ မနည်းလှပါဘူး။ မိုဆို၊ ပဇီကြီး၊ နန့်နိမ်၊ အနန့်ပါ၊ လက်ယက်ကုန်းကစလို့ လတ်တလော လေကြောင်းတိုက်ခိုက်ခံထားရတဲ့ သပိတ်ကျင်းလိုနေရာတွေမှာ အပြစ်မဲ့သေဆုံးခဲ့ကြတဲ့ ကလေးတွေ မနည်းလှပါဘူး။
ဒီလေကြောင်းတိုက်ခိုက်မှုတွေကို ကျူးလွန်ခဲ့ကြတဲ့ လေယာဉ်မောင်း စစ်ကောင်စီတပ်သား ပညာရှိတွေအနေနဲ့ သတင်းတွေကို ပြန်တွေ့မှာ အသေအချာပါပဲ။ သူတို့ကြဲချလိုက်တဲ့ အင်အားပြင်းဗုံးသီးတွေကြောင့် သေဆုံးသွားခဲ့ရတဲ့ အပြစ်မဲ့ ကလေး​ငယ်တွေရဲ့ ရုပ်ပျက်ဆင်းပျက် သေဆုံးနေကြပုံတွေကိုလည်း မြင်ရမှာ အသေအချာပါပဲ။ “ငါကြဲချလိုက်တဲ့ ဗုံးကြောင့် ဒီကလေးတွေ သေရတာပါလား” လို့ သူတို့တွေ တွေးမိပါ့မလား။ ဝမ်းနည်းစိတ်ရော ဖြစ်ကြပါမလား။ နောင်တရော ရကြပါ့မလား …။
About The Call 690 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*