ညီလင်းအိမ်
အသက် ၈၀ ပျှမ်းမျှအရွယ် အဘွားအိုတယောက်ရဲ့ မိသားစု ဘဝသိုက်မြုံကို အခြေခံပြီးရိုက်ပြတဲ့ ထိုင်းရုပ်ရှင်ကို ကြည့်ရတော့ ကျနော့်မှာ မျက်ရည်ဝဲရုံတင်မကဘဲ ငိုချမိတဲ့အထိ ဖြစ်သွားရပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်ဘဝ သုံးပုံနှစ်ပုံနီးပါးက အဖိုးနဲ့အဖွားအရိပ်အောက်မှာ ကြီးပြင်းခဲ့ရလို့ပါ။ ကျနော် လသားအရွယ်မှာတင် အဖေဖြစ်သူက ဆုံးပါးသွားတာမို့ မုဆိုးမဖြစ်သွားရတဲ့ အမေ့ကို အဖိုးနဲ့အဖွားက ပြန်ခေါ်ရာကနေ ကျနော်ဟာ အဖိုးအဖွားအရိပ်မှာ ကြီးပြင်းခဲ့ရတယ် ဆိုပါတော့။
အဲဒီလို နေထိုင်ရမှုက ကျနော့်အတွက် ကံကောင်းမှုတရပ်လို့ သတ်မှတ်နိုင်စရာရှိပေတဲ့ အမေလို သမီးမျိုးနဲ့ အတူတူနေထိုင်ပြီး ဘဝခရီးကို ဖြတ်သန်းသွားကြရတဲ့ အဖိုးနဲ့အဖွားအဖို့တော့ ကံသိပ်မကောင်းဘူးလို့ပဲ ပြောရမလား မသိပါဘူး။ သူတို့ရဲ့ သမီးသုံးယောက်ထဲမှာ ကျနော့်အမေဖြစ်သူက စကားအပြောဆို တုတ်ထိုးအိုးပေါက်နဲ့အတူ ကပ်စေးကုပ်ရာမှာလည်း ကပ်စေးအရမ်းကုပ်ပါတယ်ဆိုတဲ့ သူ့အဖေ ကျနော့်အဖိုးတောင် လက်လန်ရပါတယ်။ ဆိုပါစို့ အဝေးရောက်အဖွားရဲ့ သားသမီးတွေက သူတို့တွေစားဖို့ မုန့်ပဲသွားရေစာ၊ ဝက်အူတောင့် ဘာညာစတာတွေ ဝယ်ပေးလိုက် လည်း အမေက ရွှေဖွက်သလို ဖွက်ထားပြီး ကျွေးတာတွေ။ နောက် ဝက်အူတောင့်ဆိုလည်း ဘာရည်ရွယ်ချက်နဲ့ သိမ်းမှန်းလည်း မသိ။ သူလည်း စားတာမဟုတ်။ ကြောင်အိမ်ထဲမှာ ဇလုံအထပ်ထပ်နဲ့ အဆင့်ဆင့်ဖွက်ထားပြီး မှိုသမ်းကာမှ ထုတ်ယူ ကြော်ကျွေးတတ်တာလည်း အမေ့ရဲ့ အကျင့်ဆိုးထဲက တခုပါပဲ။
ဆိုတော့ အမေက ဒီလို ခွဲတမ်းနဲ့ကျွေးတာတောင် အဖွားမှာ အာသာပြေအောင် မစားရက်နိုင်။ မြေးကလေး ကျနော့်ကို လှမ်းဆွဲပြီး သူ့ခွဲတမ်းထဲက စားစရာလေးတွေကို အတင်းခွံ့ကျွေးတတ်တဲ့ ကျနော့်အဖွား။ အိမ်က အကြီးကောင် အကိုနဲ့ အမေတို့က ဆိုးလွန်းတဲ့ ကျနော့်ကို နှစ်ယောက်ပေါင်း ဆော်ပလော်တီးမယ်ပြုတိုင်း ချက်ချင်း ရှေ့ကနေ ဝင်ကာပေးတာလည်း အဖွားပါပဲ။
အဲတော့ ဒီရုပ်ရှင်ထဲက ထိုင်းတရုတ်ကပြား အသားဖြူဖြူ ပြုံးတုံ့ပြုံးတုံ့နဲ့ မြင်ရသူဘယ်သူမဆို ချင်ခင်နှစ်လိုရစေမဲ့ မျက်နှာထားကို ပိုင်ဆိုင်ထားတဲ့ အဖွားအိုသရုပ်ကို မြင်ရချိန်မှာတော့ ကျနော် ဘယ်လိုမှ စိတ်မထိန်းနိုင်။ တိမ်းပါးသွားခဲ့ပြီဖြစ်တဲ့ အဘွားကို သတိရပြီး ငိုမိတော့တာပေါ့။ ယခုရုပ်ရှင်ဟာ စကားပုံကြီးကြီးကျယ်ကျယ်နဲ့ ချင့်ထိုးပြောရရင် လူတယောက်အနေနဲ့ သူဖြတ်သန်းသွားခဲ့ရတဲ့ ဘဝခရီးမှာ ဘယ်လောက်အထိ ထမ်းပိုး အကျိုးပြုခဲ့သလဲဆိုတဲ့ စကားနဲ့ပဲ အနှစ်ချုပ် ရည်ညွှန်းရမယ် ထင်ပါတယ်။
မိမိတို့ မျိုးရိုးဂုဏ်အစဉ်အလာကို အင်မတန်မှ အလေးထားလွန်းလှတဲ့ ထိုင်း-တရုတ်ကပြား အဖွားအိုရဲ့ ဘဝခရီးလမ်းကို ပြန်ကြည့်လိုက်တော့ ခက်ထန်လွန်းလှတဲ့ ဘဝလောကဓံခရီးကို ထမ်းရွက် ဖြတ်သန်းခဲ့ရတာဖြစ်တယ်။ ဘိုးဘေးဘီဘင်ရဲ့ အမွေအနှစ်တွေ ရှိခဲ့ပေမဲ့ အကိုဖြစ်သူကပဲ သားယောက်ျားလေး ဖြစ်ရလေခြင်းဆိုတဲ့ အထူးအခွင့်အရေးဘဝမျိုးနဲ့ အမွေတွေကို မောင်ပိုင်စီးသွားတယ်။ မိဘတွေအလိုကျ သဘောတူထားတဲ့ ယောက်ျားတယောက်နဲ့ပဲ အိုးအိမ်ထူထောင်ခဲ့ရတယ်။ ဒီလိုနဲ့ သားသမီးသုံးယောက် ထွန်းကားပြီးချိန်မှာ ခင်ပွန်းသည်က လူ့လောကကြီးထဲကနေ အရင် စွန့်ခွာသွားတယ်။ မုဆိုးမ အဖွားအိုဟာ ဆန်ပြုတ်သည်ဘဝနဲ့ပဲ သားသမီးသုံးယောက်ကို လူလားမြောက်အောင် ကျွေးမွေး စောင့်ရှောက်လာခဲ့တာ ဖြစ်ပါတယ်။
သူ့အသက် ၇၉ ဝန်းကျင်အရောက်မှာတော့ မြေးတွေပါ ပိုင်ဆိုင်လို့နေပြီ။ အကြီးဆုံးသားကတော့ မိန်းမကောင်းကောင်းရပြီး သမီးကလေးတယောက်ပါ ရပြီးဖြစ်သလို အလုပ်အကိုင်ကောင်းတွေနဲ့ ကြီးပွားတင့်တယ်နေပြီ။ တဦးတည်းပါတဲ့ သမီးမှာတော့ သူ့လိုပဲ မုဆိုးမဘဝနဲ့ သားကလေးတယောက်ရှိတယ်။ ဘဝက အဆင်မပြေလှ။ အငယ်ဆုံး သားထွေးက ပိုဆိုး။ ခုအရွယ်အထိ ဘာအလုပ်အကိုင်မှ အတည်တကျမရှိ။ ပြေလည်တယ်လို့လည်း မရှိ။ အကြွေးဗလပွနဲ့။
အဲလိုနဲ့ အဖွားဖြစ်သူခမျာမှာ ဆန်ပြုတ်သည်ဘဝနဲ့ပဲ ချက်မြှုပ်အိမ်အိုကြီးထဲမှာ တကိုယ်တည်းပဲ ဖြတ်သန်းနေရတယ်။ သင်္ချိုင်းမြေမှာ ရိုးရာဓလေ့အရ မိသားစုတွေ ကန်တော့ကြရင်းနဲ့ အဖွားအို မူးလဲသွားတော့ ကျန်းမာရေး သွားစစ်ချိန်မှာ အစာအိမ်ကင်ဆာ ဖြစ်နေပြီတဲ့။ ဘဝတလျှောက်လုံး တနပ်တည်း အပြီးစားရမယ့် အစားအစာဆိုလည်း ပိုက်ဆံ အပိုမကုန်ပါစေတော့ဆိုပြီး မှိုသမ်း ချဉ်တူးနေပါစေ ဗိုက်ထဲဝင်ပြီးရော စားသောက်လာခဲ့တဲ့ ရလဒ်တွေကြောင့်လား မဆိုနိုင်။ အခုတော့ အစာအိမ်ကင်ဆာ ဖြစ်နေပြီတဲ့။
ရယ်တော့ရယ်ရတယ်။ တသက်လုံး မိခင်ဖြစ်သူကို တယောက်တည်းပဲ ရှိစေပြီးတော့ ပေယျာလကန် ပြုလာခဲ့တဲ့ သားသမီးတွေက အမေဖြစ်သူ သေခါနီးကျမှ အတင်းပြုစုဖို့ ကြိုးစားကြပါသတဲ့။ ပြုစုချင်တာကလည်း အကြောင်း မဟုတ်။ လက်ကျန်အိမ်ကြီးကို ပြန်ရောင်းရင် ဘတ်လေးငါးသန်း အနည်းဆုံးရမှာလေ။ အဲဒါကို သမီးဖြစ်သူက အာလျသိပ်မရှိပေမဲ့ စီးပွားရေးအတောင့်တင်းဆုံးဖြစ်တဲ့ သားကြီးဩရဿကပဲ မောင်ပိုင်စီး ပိုင်ဆိုင်ချင်နေတာ ဖြစ်တယ်။ အကြွေးဗလပွနဲ့ အငယ်ကောင်ကတော့ အရင်တုန်းကတည်းက အမေ့အိမ်ကို ခွေးဖြစ်မှ ပြန်ကပ်တဲ့ကောင်ဆိုတော့ ထူးထွေပြောစရာ မရှိပါဘူး။ ဆိုင်ကယ်ပြင်ဆရာယောင်ယောင်၊ အရောင်းသမားယောင်ယောင်နဲ့ သားအငယ်ကောင် အကျင့်ကတော့ အမေ့အိမ် ပြန်ရောက်တာနဲ့ အရမ်းအလိုက်သိတဲ့ သားတယောက်ပုံစံနဲ့ပဲ အိမ်က တောက်တိုမယ်ရလေးတွေ လျှောက်လုပ်ပြသွားပြီး စုဘူးထဲက ပိုက်ဆံတက်နှိုက်လို့ ရတာနဲ့ အိမ်ကလစ်ပြေးတဲ့ သားလိမ္မာ အငယ်တုံးလေးဆိုပါတော့။
အဖွားကတော့ ပြောပါတယ်။ သူ့ကို အိမ်ပြန်မလာစေချင်ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ပြန်မလာနေရင် အဆင်ပြေနေတယ်ဆိုတာ သိလို့၊ ပြန်လာရင် ဒုက္ခရောက်နေရတာမှန်း သိနေတာမို့ သားအတွက် စိတ်မကောင်း ဖြစ်ရလွန်းလို့တဲ့။
ဒီလိုအချိန်မှာပဲ မြေးကလေး အမ်မ်က အဖွားဖြစ်သူဆီက အမွေလက်မှတ်ရဖို့ ကြိုးစားတော့တာလေ။ ကောလိပ်ကျပြီး Game Streamer လိုလို Blogger လိုလို ဝေလေလေဖြစ်နေတဲ့သူက သူ့သူငယ်ချင်းမလေးတယောက်ရဲ့ လမ်းပြမှုနဲ့ အဖွားဖြစ်သူကို သတိရသွားတာ။ လက်ရှိအချိန်မှာ အဘွားရဲ့ လက်ကျန်အချိန်တွေက သိပ်မရှိတော့ဘူး။ ဒါပေမဲ့ အဖွားအနားမှာ ပြုစုမယ့်သူလည်း မရှိဘူး။ သူသာ လက်ကျန်ကာလလေးမှာ အဖွားဆီက အမှတ်တွေယူနိုင်ရင် သူ့ကို အမွေပေးခဲ့မှာမို့ ပွပေါက်ပဲ ဆိုတဲ့အတွေးနဲ့ အဖွားအနားကို ချဉ်းကပ်တော့တာ ဖြစ်တယ်။
ဒါပေမဲ့ မြေးကလေး အမ်မ်တယောက် သိလာတာက ချစ်ခြင်းမေတ္တာဆိုတာနဲ့ ယင်းကတဆင့်မှ ဆင့်ပွားပေါက်ဖွားလာတဲ့ ကြင်နာယုယမှုတွေ၊ ဂရုစိုက်နွေးထွေးမှုတွေ ဆိုတာတွေဟာ တမင်လုပ်ယူလို့ မရတဲ့အကြောင်းနဲ့ သူတို့ရဲ့ အဘွားဖြစ်သူဟာ သစ်ပင်ကြီးတခုလုံးက ရေသောက်မြစ်သဖွယ် ဒီမိသားစုကြီးတခုလုံး စိမ်းလန်းမြဲမြံနေစေဖို့အတွက် ပွားစည်း ရှင်သန်ပေးခဲ့တဲ့သူ ဆိုတာကို နားလည်လာတာပါပဲ။ အဘွားဖြစ်သူဟာ ဘယ်လောက်ပဲ ကပ်စီးကုတ်စကားတွေ၊ ရှေးရိုးဆန်တဲ့စကားတွေ ပြောနေပါစေ၊ အငယ်ကောင် သားဆိုးလေး အိမ်ကိုရောက်လာပြီး စုဆောင်းထားတဲ့ ချွေးနှဲစာကလေးတွေကို ယူငင်သွားလည်း အပြစ်မှ မတင်တာဘဲလေ။ မလာရင် စိတ်အရမ်းချမ်းသာတာပဲ လို့ နှုတ်ဖျားက တတွတ်တွတ်ပြောနေလည်း မျက်မှန်ထူထူလေးနောက်က မျက်ပေါက်ကျဉ်းကျဉ်းလေးတွေကနေ အိမ်ရှေ့ဘက်လမ်းမကို မျှော်နေတတ်စမြဲလေ။ တဦးတည်းသာ ရှိရစ်တော့တဲ့ သူ့ထံကို သားသမီးတွေ၊ မြေးမြစ်တွေ ပေါက်များလာလေမလားပေါ့။ သို့ပေတဲ့လည်း သူမ ကွယ်လွန်ခါနီးချိန်မှ သားကရော၊ မြေးကရော အကဲတွေ ပိုလွန် ပြနေတာဟာ အဖွားအတွက် ဘယ်လောက်ရင်နာဖို့ ကောင်းသလဲ။
အမ်မ်လည်း အစကတော့ ယင်းစိတ်သက်သက်နဲ့ပဲ ဆယ်ကျော်သက်ဘဝ တလျှောက်လုံးနီးပါး မေ့ထားခဲ့တဲ့ အဖွားအနားကို ခုမှ အမွေလေးဘာလေး ပေးသွားမလား ချဉ်းကပ်ခဲ့မိတာ။ သူရို့တရုတ်မျိုးရိုးစဉ်ဆက်တွေမှာက အဲသလို ကြည်ဖြူသဒ္ဓါမှဆိုတဲ့ ဆက်ဆံရေးမျိုးကလည်း ရှိကြတာကို။ ဒီလို မှတ်ထင်ထားပေမဲ့ အဖွားဖြစ်သူရဲ့ သားသမီးတွေ အားလုံးအပေါ်မှာ ရှိနေတဲ့ ချစ်ခြင်းမေတ္တာက အပိုအလိုမရှိ တသမတ်တည်းဆိုတာကို အမ်မ်သိလာတယ်။ သူ စိတ်ရင်းနဲ့ ဖေးမနွေးထွေးတာပဲဖြစ်စေ၊ ဟန်ဆောင်တာပဲဖြစ်စေ အဖွားဖြစ်သူရဲ့ ရှိရင်းစွဲ စိတ်သဘောထားအပေါ်ကို ပြောင်းလဲပေးဖို့ မရနိုင်ပါဘူး။
သူ့ဦးလေး၊ အဖွားရဲသားထွေး လူဆိုးကောင်က အိမ်ရှေ့က သလဲသီးပင်ကို ဆွတ်စားမယ် လုပ်တော့ အတင်း ရန်လုပ်သတဲ့။ အဖွားက လုံးဝ အထိမခံ။ မြေးကလေး သူ့ကိုပဲ ခူးစေပြီး စားခိုင်းသတဲ့။ အဖွားက သူ့ရဲ့ ကျန်းမာရေးတွေ၊ ဘဝတိုးတက်ရေးတွေအတွက် အောင်အတိတ် အောင်နိမိတ်ဖြစ်စေအောင် ရည်သန်ပြီး ရိုးရာဓလေ့အရနဲ့ သူမွေးပြီးစမှာ ဒီအပင်ကို စိုက်ခဲ့တာပါတဲ့။ ဘယ်လောက် ချစ်စရာကောင်းလှတဲ့ အဖွားပါလဲ။
ဒါပေမဲ့လည်းဗျာ။ သူ့ရဲ့ မျိုးဆက် သားသမီးတွေကတော့ ငါးတန်ကြီးတွေနောက်က မျိုးဆက်သားပေါက်လေးတွေ ပမာပါပဲ။ မြွေပွေးမကြီးရဲ့ ဗိုက်ကနေ ထွင်းဖောက်ကြီးပြင်းကြတဲ့ မြွေငယ်များရဲ့ ဘဝဖြစ်တည်မှုလိုမျိုးပါပဲ။ ငါးကလေးတွေ စားပါစေတော့ဆိုပြီး ငါးတန်ဖခင်တွေဟာ သဘာဝရဲ့ စေ့ဆော်မှုအရနဲ့ သူတို့ကိုယ်မှာ အညှီအနှောက်တွေကို ရှာဖွေကပ်ငြိစေပြီးမှ အစာကျွေးလေ့ရှိပါတယ်။ ဒါပေမဲ့ ငါးကလေးတွေရဲ့ ပါးစပ်လေးတွေနဲ့ တွတ်ပါများလာတဲ့အခါမှာ သူတို့ခန္ဓာက အသားတွေပါ ပါကုန်ပါတယ်။ အဲသလို ပါသွားပေမဲ့လည်း အစာကျွေးမပျက်ကြဘဲ အသက်ကုန်သွားတဲ့အထိ ကျွေးမွေးသွားကြတယ်။ ကိုယ်ဝန်ဆောင်ရတဲ့ မြွေပွေးမတွေရဲ့ ဘဝကလည်း သူတို့မှ သန္ဓေတည်လိုက်တာနဲ့ ဘဝအဆုံးသတ်ခန်းကို အလိုလို ရောက်သွားရတာပဲ မဟုတ်လား။
အမ်မ်ရဲ့ အဘွားမှာလည်း သားသမီးတွေဆီက ဘယ်လိုနွေးထွေးမှုတွေ ရခဲ့လို့လဲ။ ဒီလို စွန့်ပယ်ထားကြပေမဲ့လည်း နာကျင်မှုမပြ။ ဘဝတသက်တာလုံး ဆန်ပြုတ်ကလေးရောင်းရင်း ပေးဆပ်သွားခဲ့တာ။ သေခါနီးတော့လည်း သူ့အတွက် မိခင်တယောက်အတွက် ကိုယ်ချင်းစာနားလည်ဖို့ ဝေးစွ။ မုဆိုးမ မိခင်အိုကြီးရဲ့ ကျန်ခဲ့တဲ့ အိမ်ကလေးကိုပဲ အလုအယက် လိုချင်နေကြပါသတဲ့။
တရုတ်တို့ရဲ့ လူနေမှုနဲ့ထိစပ်တဲ့ ရုပ်ရှင်တွေကို ကြည့်ရတိုင်း ဒီရုပ်ရှင်ထဲက အဖြစ်သနစ်မျိုးတွေကို မြင်ရတတ်ပါတယ်။ ဥပမာ ထိုင်ဝမ် ဒါရိုက်တာ ဟိုက်ရှောင်ရှင်း လက်ရာ The Time to Live and the Time to Die (1985) မှာဆိုလည်း ခုရုပ်ရှင်ထဲကလို ချစ်စရာကောင်းတဲ့ အဖွားတယောက်ကို မြင်ခဲ့ရပါတယ်။ ဒါရိုက်တာရဲ့ ငယ်ဘဝတုန်းက အဖွားကို ပြန်ပြောင်းသတိရပြီး ပြန်လည်ဖော်ညွှန်းတာလို့ ဆိုပါတယ်။ နောက် ဖူချန်တောင် အိမ်ရာထဲမှာလည်း ဒီရုပ်ရှင် ဇာတ်အိမ်မျိုးပါပဲ။ အသက်ကြီးရင့်လာတဲ့ မိခင်အိုကြီးကို ပြုစုစောင့်ရှောက်ဖို့ ပျက်ကွက်ကြတဲ့ သားသမီးများနဲ့ ခေတ်သစ်လူနေမှုမှာ အထီးကျန် ထိတ်လန့်ဖွယ်ကောင်းတဲ့ သက်ကြီးရွယ်အိုများရဲ့ သနားနာကျင်စရာ ဘဝနိဂုံးများအကြောင်းကို ဖော်ပြတာမျိုး ဖြစ်ပါတယ်။ ဥရောပဘက်ကဆို မိုက်ကယ်ဟန်နေကန်းရဲ့ Amour လို ရုပ်ရှင်မျိုးပေါ့။
ကျနော့်မှာတော့ ဒီဇာတ်လမ်းလေးလည်း ပြီးရော ရုပ်ရှင်ထဲက အဖွားရော၊ နောက် ဘဝထဲက အဖွားဖြစ်သူရော ကျနော့်အနားကို ရောက်လာသလို မှတ်ထင်သွားခဲ့ရပါတယ်။ မရှက်တမ်း ဝန်ခံရရင်ဖြင့် ကျနော်လည်း ယခု ရုပ်ရှင် ဇာတ်အိမ်ထဲက လူတွေနဲ့ ဘာမှ မထူးခြားနားခဲ့ဘူးလေ။ ငယ်ငယ်ကလေးထဲက ဒုတိယမိခင်အဖြစ် မြေးကလေး ကျနော့်ကို အမြဲယုယပေးခဲ့တဲ့ အဖွား။ ဆောင်းညတွေတိုင်း မီးဖိုနံဘေးမှာ ပုံပြင်လေးတွေနဲ့ ချော့သိပ်ပေးတတ်သူ။ သနားစရာကောင်းလှတဲ့ အရူးကြီး ကိုဖိုးတုတ်အကြောင်းကို စီကာပတ်ကုံး ပြောပြတတ်သူ။ ထန်းပင်မြစ်တွေ ပေါ်လို့ မီးဖုတ်စားကြတော့လည်း သွားမရှိတော့တဲ့အဖွားက သူကျ အနာခံစားပြီး ကျနော့်အတွက်ကျ သွားနာမယ်စိုးလို့ ငရုတ်ကျည်ပွေ့လေးနဲ့ ထုပြီး ကျွေးရှာသူ။ အမေက ဝက်အူတောင့်တွေ ခွဲတမ်းနဲ့ ကျွေးတော့လည်း ကျနော့်ကို သူ့ရှေ့မှာ ထုတ်ကျွေးရင် ဆူခံထိမှာစိုးလို့ ထမင်းတွေအောက်မှာ လာမြှုပ်ပေးသွားတဲ့ အဖွား။
အဖွားဖြစ်သူ တိမ်းပါးချိန်ရောက်တော့ ဇရာရဲ့ နှိပ်စက်မှုနဲ့ ညာဘက်က ခြေချောင်းတွေကို ဖြတ်ပစ်ရတယ်။ အဲဒီက ကိုက်ခဲမှုဒဏ်တွေကို မခံနိုင်လို့ ညညဆို အော်ဟစ်ငိုကြွေးရှာသူ ကျနော့်အဖွား။ လူပျိုပေါက် မြေးကလေး ကျနော်ကတော့ သွားပြုစုဖို့ ဝေးစွ။ နားမှာ နားကြပ်တပ်ပြီး ပျော်အောင် ဆက်အိပ်ခဲ့တာပါတဲ့။ ဒီလိုနဲ့ပဲ သားသမီးခြောက်ယောက်ကို လူမွှေးလူတောင်ပြောင်အောင် ပွားစီးအုပ်ထိန်းမှုပေးခဲ့တဲ့ အဖွားဖြစ်သူဟာ ခုရုပ်ရှင်ထဲက အဖွားလိုပဲ ဆိတ်ငြိမ်တဲ့ နွေလယ်လရဲ့ မနက်ခင်းထဲမှာပဲ ဘဝကြီးထဲက ထွက်ခွာသွားခဲ့ပါတယ်။
ရုပ်ရှင်ရည်ညွှန်း – How To Make Millions Before Grandma Dies – Thai Movie (2024)
Be the first to comment