SWN
အဖွားက မျက်လုံးတဘက် မကောင်းဘူး။ သူငယ်ငယ်က ယောကျာ်းလေးတွေနဲ့အပြိုင် မြင်းစီးတာတို့၊ သစ်သားတုတ်ကို လှံတံလိုပစ်တဲ့ ကစားနည်းလိုမျိုးတွေ ဆော့တယ်။ တဘက်ကပစ်တဲ့ တုတ်က သူ့မျက်လုံးကို ထိမိပြီး မျက်လုံးတဘက် အားနည်းသွားတာ။
အဖွားက နတ်မောက် ဇာတိ၊ သူ့ရွာနာမည်ကို ကျနော်ငယ်ငယ်တုံးက ပြောပြဖူးတယ်။ ရွာနာမည် အတိအကျကိုတော့ ကျနော် မမှတ်မိဘူး။ ဘာကြောင့် သူ့ကို သတိရတာလဲဆိုရင်
(၁) ပုံပြောကောင်းလို့ပဲ။
(၂) အစားအသောက် ချက်ကျွေးတာ ကောင်းလို့ပဲ။
(၁) ဘာကြောင့် ပုံပြောကောင်းသလဲဆိုရင် နဂါးနိုင်ပေါက်ကျိုင်းလို ပုံပြင်ကို တလလောက် ပြောပြတာပဲ။ သူပုံပြင်ပြောတဲ့ အသံနဲ့ဌာန်ကို အခုထိ နားထဲ ကြားမိတယ်။ ပုံပြင်ထဲမှာပါတဲ့ *ရာပေးလို့ဆုတ်၊ ထောင်ပေးလို့ချုပ်၊ ချစ်တဲ့သူအရိုး ဆံထိုးလုပ်* ဆိုတဲ့ စာသားကို ရွတ်ပြရင် သူ့နားရွက်မှာ ပန်ထားတဲ့ နားကပ်လေးလှုပ်သွားတာက အတော်ကြည့်လို့ကောင်းတာ။
အဖွားပြောပြတဲ့အထဲမှာ ကျနော်ကြိုက်တဲ့ နောက်ပုံပြင်တပုဒ် ရှိသေးတယ်။ ပုံပြင်နာမည်ကို ကျနော်မမှတ်မိလို့ ကိုယ့်ဘာသာ နာမည်ပြန်ပေးထားတာ *ဇီးကွက်ကြီးဖင် လောက်စာလုံးဝင်တဲ့*။ ပုံပြင်ဇာတ်လမ်းအကျဉ်းချုပ်က နွားကျောင်းသားပစ်လိုက်တဲ့ လောက်စာလုံးက ဇီးကွက်ဖင်ထဲ ဝင်သွားတဲ့အချိန် မှာ ဇီးကွက်ကြီးက သူ့ဖင်ကြီးကို ချောင်းရေထဲစိမ်ပြီး လောက်စာလုံးကို ရေနူးစေအောင်လုပ်တဲ့ ဖြတ်ထိုးဉာဏ်ကို ဖော်ပြတဲ့ပုံပြင်ပဲ။
(၂) သူချက်ကျွေးတဲ့ အစားအသောက်ထဲမှာ အကြိုက်ဆုံးနဲ့ ဘယ်သူပဲ ပြန်ချက်ကျွေးကျွေး မမီတဲ့ အကြော်နှစ်ခုရှိတယ်။
– အာလူးကက်သလိပ်ကြော်
အာလူးကို ပြုတ်၊ ငရုတ်ဆုံထဲ ထည့်ထောင်း၊ အာလူးကြေသွားချိန်မှာ ကုလားလေး မဆလာနဲ့ နှံ့အောင် လက်နဲ့နယ်ပြီး အပြားလေးတွေ လုပ်၊ ကော်မှုန့်ထဲ ကပ်ပြီး ကြော်ကျွေးတာ တော်တော်အရသာရှိတာ။ သရေစာလိုမျိုး လုပ်ကျွေးတာဆိုတော့ ရှယ်ပဲ။
– ပုစွန်ကက်သလိပ်ကြော်
ပုဇွန်ဆိုလို့ ဘော့ချိတ်တွေ၊ ပုဇွန်အကြီးကြီးတွေ မဟုတ်ပါဘူး။ လယ်ထဲ၊ ချောင်းထဲ ကွန်ပစ်ဖမ်းလို့ ကွန်မှာ ကပ်ငြိပြီး ပါလာတဲ့ ပုစွန်ဆိတ်သေးသေးလေးတွေပါ။ ဈေးချိုတယ်။ အဟာရရှိတယ်ဆိုပြီး အဖွားက ပုစွန်ဆိတ်တွေကို ရေစင်အောင် ဆေး၊ ကျောက်ငရုတ်ဆုံထဲ ထည့်ထောင်း၊ ကြေသွားတဲ့ ပုစွန်ဆိတ် အနှစ်တွေကို ကော်မှုန့်နဲ့ ကပ်ကြော်တာပါပဲ။ ကြော်ပြီးတဲ့အချိန်မှာ မြေးတယောက် ဘယ်နှစ်ခုဆိုပြီး ဝေပုံကျစားရတယ်။ တခါတလေ သူစိတ်ပါရင် ကြော်ပြီးသား ပုစွန်ကက်သလိပ်ကြော်ကို မန်ကျီးသီးအနှစ်နဲ့ ချဉ်ချဉ်လေး ချက်ကျွေးပါသေးတယ်။
အဆိုပါ ပုံပြောကောင်း၊ ဟင်းချက်ကောင်းတဲ့ အဖွား ဒေါ်တင်ဟာ သူကွယ်လွန်ခါနီးမှာ ကျနော် ထိခိုက်ဒဏ်ရာရတယ်လို့ အိပ်မက်မက်ပြီး ဖုန်းဆက်ခဲ့ပါသေးသတဲ့။
မြန်မာစကားမှာ အဘွားသေရင် မြေးတွေပျော်ကြတယ်လို့ နှုတ်ပြောစကားအရ ကြားဖူးပါတယ်။ လူတယောက်ကွယ်လွန်လို့ ကျနော် ပထမဆုံးငိုခဲ့ဖူး၊ရယ်မော ပျော်ရွှင်ခဲ့ရဖူးသူဟာ အဖွားဒေါ်တင် ဖြစ်ခဲ့သလို ကွယ်လွန်သူရဲ့ နောက်ဆုံးအချိန်ကို အမှတ်တရအဖြစ် ပထမဆုံးနဲ့နောက်ဆုံး ဓာတ်ပုံမှတ်တမ်းယူဖြစ်ခဲ့သူဟာလည်း အဖွားဒေါ်တင်ပါပဲ။
အဖွား ကောင်းမွန်ရာမှာ ရောက်နေပါစေ။
Be the first to comment