
“အမေရိကန်အလှည့်အပြောင်း”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
ဒီလဆန်း ထရမ့်-ဇာလင်းစကီး တွေ့ဆုံပွဲမှာ ထရမ့်၊ ဒုသမ္မတ ဂျေဒီဗင့်စ်နဲ့ ဇာလင်းစကီးတို့ရဲ့ ဆွေးနွေးပွဲဟာ တကမ္ဘာလုံးကို အံ့အားသင့်စေခဲ့တယ်။ ထရမ့်ရဲ့ ဒုတိယသက်တမ်းအစမှာပဲ စစ်၊ ဒီပလိုမေစီ၊ ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာဆက်ဆံရေး စတဲ့ နယ်ပယ်တိုင်းမှာ အပြောင်းအလဲ လျင်မြန်လာတာ တွေ့ရတယ်။
‘ဘတ်ဂျက်လိုငွေနဲ့ ကုန်သွယ်ရေးလိုငွေ’
အမေရိကန်မှာဖြစ်နေတဲ့ အပြောင်းအလဲတွေကိုလေ့လာရင် နိုင်ငံရေးပိုင်းနဲ့ စီးပွားရေးပိုင်းဆိုပြီး ၂ ပိုင်းခွဲပြီး ကြည့်ရမှာဖြစ်တယ်။ လက်ရှိ အမေရိကန်စီးပွားရေးရဲ့ အဓိကအကျဆုံးပြဿနာက ဘတ်ဂျက် လိုငွေပြမှုဖြစ်တယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းအရ လက်ရှိအချိန်မှာရှိတဲ့ ဘတ်ဂျက်လိုငွေက ဒေါ်လာ ၈၄၀ ဘီလီယံရှိနေတယ်။ ဒါဟာ မနှစ်က ဒီအချိန် (အောက်တိုဘာ ၂၀၂၃ ကနေ ဇန်နဝါရီ ၂၀၂၄) စာရင်းဖြစ်တဲ ၅၃၂ ဘီလီယံထက် ဘီလီယံ ၃၀၀ ကျော် ပိုများနေတယ်။ မနှစ်ကတနှစ်လုံး ဘတ်ဂျက်လိုငွေက ၁.၈၃ ထရီလီယံ (အဝင် ၄.၉၂ ထရီလီယံနဲ့ အသုံး ၆.၇၅ ထရီလီယံ) ဖြစ်တယ်။ ဘတ်ဂျက်အဝင်က တိုင်းပြည်ထဲကောက်ခံရရှိတဲ့ အခွန်ငွေတွေဖြစ်ပြီး အထွက်ကတော့ အစိုးရ (ဝန်ကြီးဌာန) တွေရဲ့ အသုံးစရိတ်ဖြစ်တယ်။
ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချဖို့ သမားရိုးကျ စဥ်းစားမယ်ဆိုရင် အဝင်များလာအောင် လုပ်မလား (အခွန်ပိုတိုးကောက်မလား) နဲ့ အထွက်နည်းအောင်လုပ်မလား (အသုံးစရိတ် လျှော့ချမလား) ဆိုတာပါပဲ။ ဒါမှမဟုတ် ဒီနှစ်နည်းကို မျှပြီးသုံးရမှာဖြစ်တယ်။ ကမ္ဘာပေါ်မှာ ဘယ်အစိုးရကမှ အခွန်တိုးကောက်တာမျိုး မလုပ်လိုဘူး။ လူထုထောက်ခံမှု ကျမှာစိုးလို့ပါ။ လူထုကငြိုငြင်ရင် အစိုးရတရပ်ဟာ နိုင်ငံရေးအရ နစ်နာတယ်။ နောက်တကြိမ် ရွေးကောက်ပွဲမှာ ထိခိုက်ကြရဖို့ရှိတယ်။
အခု ထရမ့်လည်းပဲ အခွန် တိုးမကောက်လိုဘူး။ သူကိုယ်တိုင်လည်း အခွန်ရှောင်လို့ အစစ်ခံရဖူးတယ်။ ပြည်တွင်းအခွန် တိုးမကောက်ချင်တော့ ပြည်ပကသွင်းတဲ့ကုန်တွေကို ပိုပြီး အခွန်စည်းကျပ်ဖို့လုပ်တယ်။ ဒါက ခုမှမဟုတ်ဘူး။ ပထမသက်တမ်းမှာလည်း လုပ်ခဲ့တယ်။ ဒီနည်းက ကုန်သွယ်ရေးစစ်ကို ဦးတည်ခဲ့တယ်။ (မှတ်ချက် – ပြည်ပကုန်တွေကို အခွန်ကောက်ရတဲ့ နောက်ထပ်အချက်တချက်က ကုန်သွယ်ရေး လိုငွေပြမှုကြောင့်ဖြစ်တယ်။ ဆိုလိုတာက အမေရိကန်က တရုတ်ကို ပစ္စည်း ၁၀၀ ဖိုးရောင်း (export) ပြီး ၃၀၀ ဖိုးပြန်ဝယ် (import) ရင် ဒါကို ကုန်သွယ်ရေးလိုငွေ ၂၀၀ ပြတယ်ခေါ်တယ်။ အိတ်စ်ပို့က အင်ပို့ထက်နည်းနေရင် လိုငွေပြတယ်သုံးတယ်။ ဒါကိုညီမျှဖို့ တရုတ်ဘက်က ပစ္စည်းသွင်းတာတွေလျော့ဖို့ ဒီပစ္စည်းကို စျေးကြီးအောင်လုပ်ရတယ်။ အခွန်ကောက်ခံရတော့ တရုတ်ပစ္စည်းတွေ စျေးကြီးလာတယ်။ အသွင်းကျလာမယ်။) လက်ရှိမှာ အရင်က အခွန်မရှိတဲ့ (လွတ်လပ်တဲ့ ကုန်သွယ်စနစ်ဖြစ်တဲ့) ကနေဒါနဲ့ မက္ကစီကိုကို ၂၅% အခွန် တိုးကောက်လိုက်ပြီး တရုတ်ကို အရင်အခွန်ထက် ၁၀% တိုးလိုက်တယ်။
‘အစိုးရ စွမ်းဆောင်ရည်ဌာန’
ထရမ့်လုပ်တဲ့ နောက်တနည်းက အစိုးရအသုံးစရိတ်တွေကို လျှော့ချဖို့လုပ်တာဖြစ်တယ်။ ဒီအပိုင်းမှာ ထရမ့်ကို အဓိက အကူအညီပေးနေသူကတော့ အီလွန်မတ်ပါ။ အီလွန်မတ်ဟာ ထရမ့် အစိုးရအသစ် ဖွဲ့စည်းလိုက်တဲ့ အစိုးရစွမ်းဆောင်ရည်ဌာန (DOGE – Department of Government Efficiency) ကို မောင်းနှင်တယ်။ တကယ်တော့ အီလွန်မတ်ဟာ ထရမ့်ရဲ့ အကြီးတန်းအကြံပေး (Senior Advisor) ပါ။ ဒီရာထူးကို အမေရိကန်သမ္မတတွေက တရားဝင် ခန့်ထားပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် ဝန်ကြီးလို ဌာနတခုရဲ့အကြီးအကဲ (Administrator) ရာထူးတွေကတော့ သမ္မတသဘောတခုထဲနဲ့ မခန့်နိုင်ဘူး။ ဆီးနိတ် ထောက်ခံချက်ကို ယူဖို့လိုတယ်။
အီလွန်မတ်ဟာ ထရမ့် ဒီသက်တမ်း သမ္မတတာဝန်မယူခင် ၂၀၂၅ ဇန်နဝါရီထဲက သူ့ရဲ့လူမှုကွန်ယက် X ကနေ အမေရိကန်ကွန်ဂရက်မှာ မဲခွဲဖို့ရှိတဲ့ အစိုးရအသုံးစရိတ်တွေကို သူ့ထင်မြင်ချက်တွေ စ ပေးပြီး ကန့်ကွက်ခဲ့သူဖြစ်တယ်။ သူပြောတာအားလုံးကို တထပ်တည်းနီးပါး ထရမ့်က လိုက်လုပ်တဲ့အတွက် လက်ရှိ ထရမ့်အစိုးရမှာ ထရမ့်ပေါ် သြဇာလွှမ်းမိုးမှုအရှိဆုံးလို့ သတ်မှတ်ထားကြတာဖြစ်တယ်။ ဒါပေမယ့် သူဟာ ဆီးနိတ်က ထောက်ခံဖို့လိုတဲ့ ဘာရာထူးတခုမှ ယူထားသူမဟုတ်။ ခုရက်ပိုင်းအတွင်းမှာ DOGE ရဲ့ အကြီးအကဲအဖြစ် အေမီဂလေဆန် (Amy Gleason) ဆိုတဲ့ အမျိုးသမီးကို တရားဝင် စတင်ခန့်ထားလိုက်တာ တွေ့ရတယ်။
အေမီဂလေဆန်ဟာ အရင်က အိမ်ဖြူတော်ရဲ့ ကိုဗစ်အဖွဲ့မှာ ဒစ်ဂျစ်တယ်နဲ့ ဒေတာအချက်အလက်တွေကို ကိုင်တွယ်ခဲ့သူဖြစ်လို့ DOGE ဟာ ရှေ့မှာ ပိုပြီး တိတိကျကျနဲ့ ဖိဖိစီးစီး လုပ်လာလိမ့်မယ်လို့ ယူဆရတယ်။ DOGE ရဲ့ လတ်တလော လုပ်ရပ်တွေဖြစ်တဲ့ အစိုးရဝန်ထမ်း ၂ သောင်းကျော် အလုပ်ဖြုတ်လိုက်တာနဲ့အတူ အစိုးရအသုံးစရိတ်တွေ (ဒီနေရာမှာ အစိုးရအသုံးစရိတ်ဟာ ဘတ်ဂျက်နဲ့အတူတူမဟုတ်၊ ကျောင်းပညာသင်စရိတ် ချေးငွေတွေ၊ ကျန်းမာရေးအစောင့်အရှောက် အာမခံတွေ၊ သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးတွေနဲ့ လူပြောများတဲ့ USAID လိုဟာတွေကို ဆိုလိုတယ်) ကို အကြီးအကျယ် လျှော့ချဖို့ လုပ်နေတဲ့အတွက် နာမည်ဆိုးထွက်နေတဲ့ သဘောဖြစ်တယ်။
‘အစိုးရကြွေးမြီ’
အမေရိကန်ဘတ်ဂျက် လိုငွေလို့ပြောရင် တဆက်တည်း တွဲပြီးနားလည်ဖို့ လိုလာတာက အမေရိကန်အစိုးရရဲ့ ကြွေးမြီ (Debt) ဖြစ်တယ်။ တနှစ်ကို ဘတ်ဂျက်လိုငွေ ၁ ထရီလီယံ ရှိတယ်ဆိုတဲ့သဘောက ဒီလိုငွေ ထပ်မတိုးသွားဘူးဆိုရင်တောင် ၁၀ နှစ်မှာ ၁၀ ထရီလီယံ ဖြစ်လာမယ်။ အဲဒီလိုငွေတွေအားလုံးဟာ ယေဘုယျအနေနဲ့ အမေရိကန်အစိုးရရဲ့ ပေးဆပ်စရာကြွေးမြီတွေ ဖြစ်လာတယ်။
ဘတ်ဂျက်လိုငွေပြတဲ့အခါ ဘဏ္ဍာရေးဝန်ကြီးဌာနက အစိုးရဘွန်း (ဘွန်း၊ ဘေလ် – bills နဲ့ အခြား အာမခံစာချုပ်) တွေ ထုတ်ရောင်းရတယ်။ ဒီစာချုပ်တွေကို အရောင်းအဝယ်လုပ်တဲ့အခါမှာ ဗဟိုဘဏ်က ဝင်ပါတယ်။ ဒါကြောင့်မို့ အစိုးရရဲ့ ဘဏ္ဍာရေးပေါ်လစီဟာ ဗဟိုဘဏ် ငွေကြေးပေါ်လစီရဲ့ ထိန်းချုပ်မှုအောက်ကို အနည်းနဲ့အများ ရောက်ရတယ်။ ဗဟိုဘဏ်ဟာ ဒီအရောင်းအဝယ်မှာဝင်ပါပြီး တိုင်းပြည်ထဲမှာရှိနေရမယ့် ငွေပမာဏနဲ့ ဘဏ်တိုးနှုန်းတွေကို ထိန်းချုပ်တယ်။ ဗဟိုဘဏ်ဥက္ကဋ္ဌရဲ့ သီးခြားလွတ်လပ်တဲ့ ငွေကြေးပေါ်လစီဟာ ထရမ့်ပထမသက်တမ်းမှာ ကသိကအောက်ဖြစ်ရတဲ့ အချက်တချက်ပဲဖြစ်တယ်။ ဗဟိုဘဏ်ဥက္ကဋ္ဌကို သမ္မတကလျာထားပြီး ဆီးနိတ်က အတည်ပြုတယ်။ ဒါပေမယ့် သက်တမ်းမကုန်မချင်း သမ္မတက ထုတ်ခွင့်နဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်လို့မရဘူး။
လက်ရှိ အမေရိကန်အစိုးရ ကြွေးမြီဟာ အမေရိကန်ဒေါ်လာ ၃၆.၂၂ ထရီလီယံ (၂၀၂၅ ဖေဖော်ဝါရီ ၂၈ စာရင်းအရ) ရှိနေတဲ့အတွက် ဒီငွေတွေကနေ တနှစ်ကို အတိုး ၁ ထရီလီယံလောက် ပေးဖို့ရှိနေတယ်။ (၂၀၂၅ အတွက် တွက်ထားတဲ့အနေအထားအရ ဘီလီယံ ၉၅၂ ကျော်ရှိတယ်။) တချိန်မှာ အမေရိကန်စီးပွားရေးဟာ ဘရိတ်ပေါက်သွားနိုင်ခြေ ရှိနေတယ်။ ဒါကြောင့် အီလွန်မတ်က အမေရိကန်ဟာ အခြေအနေမပေးရင် ကြွေးမြီတွေ မဆပ်နိုင်တဲ့ဘဝကို (bankrupt) ရောက်သွားနိုင်ခြေ ရှိနေတယ်လို့ သတိပေးခဲ့တာဖြစ်တယ်။ အမေရိကန်ဒေါ်လာဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ နိုင်ငံခြားအရန်ငွေ ဖြစ်နေသမျှတော့ ဒီအခြေအနေကို တဖြည်းဖြည်းချင်း ကုစားနိုင်မလားပဲ၊ သိပ်တော့မသေချာဘူး။ ဒါကြောင့် ထရမ့်က အမေရိကန်ဒေါ်လာကို နန်းချဖို့ကြံစည်တဲ့ နိုင်ငံမှန်သမျှ အမေရိကန်နဲ့ ကုန်သွယ်ခွင့်ပိတ်မယ်လို့ ခြိမ်းခြောက်တာဖြစ်တယ်။
‘စစ်ပွဲတွေ မကြာခင် ရပ်နိုင်မလား’
ထရမ့်အစိုးရဟာ သေနတ်တွေနဲ့ပစ်တဲ့ စစ်ပွဲတွေကိုရှောင်ပြီး ပိုက်ဆံတွေနဲ့ပစ်တဲ့ (ကုန်သွယ်စစ်) နဲ့ နည်းပညာယှဥ်ပြိုင်မှုတွေကို ပြောင်းဖို့ ကြိုးစားနေတာ တွေ့ရတယ်။ တပြိုင်နက်တည်းမှာ အမေရိကန်စက်မှုလုပ်ငန်းနဲ့ ကော်လာပြာ အလုပ်သမားတွေကို မမျှော်လင့်ဘဲ ထိခိုက်နစ်နာစေခဲ့တဲ့ ဂလိုဘယ်လိုက်ဇေးရှင်းကို ပုံစံပြောင်းဖို့ ကြိုးစားနေတယ်။ အမေရိကန် တဖန် ပြည်လည်ကြီးမြတ်စေဖို့ဆိုတာ ဒီသဘောကို ဆိုလိုတာဖြစ်တယ်။
ဒါပေမယ့် တဘက်မှာ ပထဝီနိုင်ငံရေးတင်းအားတွေနဲ့ စစ်ပွဲတွေကိုလည်း မျှမျှတတဖြစ်ဖို့ဆိုရင် လွယ်လွယ်နဲ့ မြန်မြန် ရုပ်သိမ်းနိုင်ဖို့ မဖြစ်နိုင်တာ တွေ့ရတယ်။ ကမ္ဘာ့လုံခြုံရေးနဲ့ တည်ငြိမ်မှု (World Order) ဟာ စပြီး ပြောင်းနေပြီဖြစ်တယ်။ နွေဦးကို ဘယ်လိုသက်ရောက်မလဲ၊ ဆက်လက် လေ့လာကြည့်ပါမယ်
Be the first to comment