“အမြဲမှတ်မိနေမယ့် ရန်သူတဦး”
ရဲချမ်းအောင်
သူ့အဆင့်က ဗိုလ်ကြီး၊ ဒုစစ်ကြောင်းမှူးလည်းဖြစ်တယ်။ တရက်မှာ သူတို့စစ်ကြောင်းက ကျနော်တို့ဘက်က ကင်းပုန်းတွေကိုကျော်ပြီး ရွာထဲဝင်သွားတယ်၊ စီစဉ်ထားတာက ရွာပြင်ကနေ စောင့်တိုက်ဖို့ပဲ၊ စည်းပေါက်ပြီး ရွာထဲရောက်သွားတာကို သတင်းအတိကျရတဲ့ ကျနော်တို့ဘက်က တပ်စိတ်သုံးစိတ်ခွဲပြီး ဝင်စီးဖို့ ကြိုးစားတဲ့အခါ အမှားလေးတခုသာ မလုပ်မိလိုက်ရင် ကြက်ကလေးငှက်ကလေးဖမ်းသလို ဖမ်းနိုင်မှာ။ အဲဒီအမှားကြောင့် ထိတွေ့ဖြစ်တယ်၊ ရုတ်တရက်ဆိုတော့ ဒီကောင်တွေ ဟိုပြေးသည်ပြေးတွေ ဖြစ်ကုန်တယ်၊ ကြောက်ပြီး ပုန်းတဲ့သူက ပုန်းပေါ့။
ဗိုလ်ကြီး အိမ်ထဲကနေ ပြေးထွက်လာတယ်၊ အိမ်ထဲကနေ ပြေးထွက်လာတဲ့သူ့ကို ပစ်မလို့လုပ်နေတဲ့ ရဲဘော်ကို ရွာသားနဲ့မှားမှာစိုးလို့ မပစ်အောင်တားလိုက်တယ်၊ သူ့မှာလက်နက်မပါဘူး၊ ဘုန်းကြီးကျောင်းက အမြင့်ပိုင်းမှာ ဆောက် ထားတာမို့ အဲဒီမှာတပ်စွဲထားတဲ့ဆီ ပြေးတက်သွားတယ်၊ သူတို့ဘက်က ၁၀ ယောက်လောက် ထိတဲ့လူထိ ကျတဲ့လူကျပေါ့။
လက်နက်အင်အားချင်းမမျှ ရွာလည်းနာမှာစိုးလို့ ပြန်ဆုတ်ရတော့တာပေါ့။ ဘုန်းကြီးကျောင်း ကုန်းပေါ်မှာ ကျနော်တို့ ရဲဘော်တယောက်ကို ဖမ်းပြီး တိုင်မှာချည်ထားတယ်၊ ကျနော်တို့ဘက်က မသိဘူး၊ နောက်တော့ သူတို့ပြန်ဆုတ်တဲ့အချိန် အဲဒီရဲဘော်ကို ကြိုးဖြေပေးဖို့ မှာထားခဲ့တယ်လို့ ရွာလူကြီးတယောက်က ပြန်ပြောပြတယ်။
သူတို့အထင်က ဒီရဲဘော်ကိုလာကယ်ဖို့ ဝင်တိုက်တယ်ထင်သွားကြတာ၊ အဲဒီညမှာပဲ ရွာလူကြီးကိုခေါ်ပြီး အရက် သောက်ကြတယ် သောက်ရင်းပြောတယ်။
“ကျနော်တို့ရှိတာ သိသိကြီးနဲ့ ဝင်တိုက်ရဲတဲ့သတ္တိကို ကျနော်အံ့သြတယ်၊ ဒီကလေးတွေရဲ့’ ဇ’ က တော်ရုံမဟုတ်ဘူးဗျ။”
“ဖြစ်နိုင်ရင် ကျနော် ဒီကလေးတွေနဲ့ မတိုက်ချင်ဘူးဗျာ၊ အထက်အမိန့်အရသာ ကျနော် ဒီနယ်မြေကိုလာရတာ၊ သူတို့ရှိမှန်း ကျနော်တို့သိပါတယ်။”
ရွာလူကြီးက ပြန်ပြောပြတယ်။ ရွာက PDF တွေကို ထောက်ခံတာလည်း သိတယ်၊ သတင်းပေးမှန်းလည်းသိတယ်၊ ဒါပေမယ့် ရွာကိုမရမ်းသွားဘူး။
တိုက်ပွဲဖြစ်တုန်းက သူတို့က ဘုန်းကြီးကျောင်းပေါ်ကနေ ပစ်တာဆိုတော့ ကျနော်တို့ပြန်ပစ်ရင်း ကျောင်းဆောင် ဟောင်းတဆောင် မီးလောင်သွားတယ်။ အခြေအနေငြိမ်သွားတော့ ဆရာတော်လည်း ပြန်ကြွလာပြီဆိုတော့ စစ်ကြောင်းမှူးရယ် ကျနော်ရယ်သွားပြီး ဝတ်ပြုရင်း ကျောင်းဆောင်အတွက် တောင်းပန်ကြောင်း၊ တပည့်တော်တို့ဘက်က တတ်နိုင်သလောက် ပြန် မတည်ပေးမယ့်အကြောင်း ဆရာတော်ကို လျှောက်ထားခဲ့တယ်။ နောက် မီးလောင် ထားတဲ့ ကျောင်းနေရာကို သန့်ရှင်းရေးလုပ်ကြတယ်။
အဲဒီနယ်မြေမှာက ဆန်ဝယ်ရတာ အရမ်းခက်တယ်။ ကျနော်တို့လည်းခက် ရွာလည်းခက် ဒီကောင်တွေလည်း ခက်တယ်။ ဒုတိယတခါ ကျနော်တို့နဲ့ ထပ်တည်ကြပြန်တယ်။ သူက တာဝန်နဲ့လာရင်း ဆန်သယ်လာတယ်၊ ရွာကို တအိမ် ဘယ်နှပြည်ပေါ့ သူဝေပေးတယ်၊ ဆရာတော်က ကျောင်းဆောင်ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ လှူမယ့်အကြောင်း၊
နေရာကိုလည်း ကျနော်တို့ဘက်က လာရှင်းသွားတဲ့အကြောင်း။ ပြောပြတော့ သူက –
“တပည်တော်တို့လည်း တာဝန်ရှိပါတယ်ဘုရား” ဆိုပြီး ၇ သိန်း ချက်ချင်းထုတ်လှူခဲ့တယ်။
အရင်ရက်က ရွာလူကြီးတယောက်ကိုလည်း ကျနော်တို့ဆီလွှတ်လိုက်ပြီး အရပ်ဝတ်နဲ့ ဆွေးနွေးရအောင်၊ ရွာလူကြီးအိမ်မှာ၊ သူလည်း အရပ်ဝတ်နဲ့လာမယ်ပေါ့။ ကမ်းလှမ်းချက်တွေက များပါတယ်၊ ကျနော်တို့အတွက် အများကြီးအကျိုးရှိတယ်။ ကျနော်တို့ရဲ့ ရိက္ခာလမ်းကြောင်းကို ပိတ်တာမျိုး ဖမ်းတာမျိုး မလုပ်ပါဘူး ဆိုတာအထိပါတယ်။ ရွာထဲ သူတို့ဝင်လာတဲ့အချိန် ကျနော်တို့ ရဲဘော်တယောက်က ဈေးသွားဝယ်တယ်၊ သူ့ကိုခေါ်စစ်တယ်၊ ဟိုကလည်း ဘူးခံငြင်းတယ်။
“ခင်ဗျားလူတွေပါလား၊ ခင်ဗျားဘယ်သူလဲ ကျနော်သိတယ်၊ ကျနော်တို့ကို ရန်မလုပ်ပါနဲ့၊ ကိုယ့်ဖာသာ အေးဆေးသွားပါ” ဆိုပြီး လွှတ်ပေးလိုက်တယ်။
ရွာလူကြီးကိုတော့ပြောတယ် – “လွှတ်သာပေးလိုက်ရတာဗျာ၊ သူ့လူတွေခေါ်ပြီး ပြန်လာဆော်မှာလည်း လန့်ရသေးတယ်ဗျာ။” သူတို့အင်အားက ကျနော်တို့ထက် နှစ်ဆရှိပါတယ်။
ရွာထဲမှာဆွေးနွေးဖို့ကိစ္စက “၁၀ နာရီထိုးတာနဲ့ ရွာထဲမှာရှိတဲ့တပ်တွေ အကုန်ဆုတ်ပေးပါ၊ ဒါဆိုရင်ဆွေးနွေးမယ်၊ မထွက်ဘူးဆိုရင်တော့ ဒီစကားက အတည်မဟုတ်တော့ဘူး” လို့ ကျနော်တို့ဘက်က စကားပြန်လိုက်တယ်။ စကားက ပြန်မရောက်တော့ သူတို့ကလည်း ဆရာတော် ပြန်ကြွလာမှာကိုစောင့်ရင်း ၁၀ နာရီကျော်သွားရော၊ ၁၁ လောက် ကျ သူတို့မထွက်ဘူးဆိုတာ သိရတာနဲ့ ချက်ချင်း အားလုံးပြင်ဆင်ပြီး ၆၀ ပြောင်းပါထမ်းပြီး ရွာဆီဆင်းလာတယ်။လူ အင်အား ၂၆ ယောက်ကို တပ်စိတ် ၃ စိတ် ခွဲလိုက်တယ် ရွာအထက်ဘက်က တပ်စိတ်က သူတို့ကင်းပုန်းကို ချိန်ထားကြပြီ၊ ၆၀ တပ်စိတ်က ၆၀ လွှတ်တာနဲ့ အထက်ဘက်အဖွဲ့က ကင်းပုန်းကိုတွယ်ပြီး ဘုန်ကြီးကျောင်း ကုန်းထဲကို ဝင်မယ်၊ ကျနော်တို့တပ်စိတ်က ရွာအောက်ဘက်ကနေ ဝင်မယ်၊ နှစ်ဘက်ညှပ်မယ်ပေါ့။
ရွာသားတယောက် လာတာတွေ့တာနဲ့ စကားပါးလိုက်တယ်။
“ရွာသားတွေရော တပ်ကိုရောပြောလိုက်၊ ၃ နာရီထိုးလို့မှ စစ်တပ် ရွာထဲကမထွက်ရင် ရွာသားတွေထွက်ပေးပါ၊
ကျနော်တို့ဝင်တိုက်မယ်။”
အချိန်က ၂ နာရီကျော်ပြီ၊ ရွာသားလည်း ချက်ချင်းသွားပြောတယ်။ ၃ နာရီကျော်တဲ့အထိ ရွာသားတွေထွက်လာတာ မတွေ့ရတော့ နှစ်ချက်စဉ်းစားရတယ်၊ သူတို့ထွက်သွားတာလား ရွာသားတွေကို ပေးမထွက်တာလားပေါ့။
၃ နာရီခွဲလောက်ကျ ရပ်မိရပ်ဖတယောက် ရောက်လာပြီး “ရွာသားတွေမထွက်ပါနဲ့၊ သူတို့ထွက်သွားပေးပါမယ်” ဆိုပြီး ထွက်သွားတဲ့အကြောင်း လာပြောတယ်။ ရွာလူကြီးကိုတော့ ငေါက်သွားတယ်၊ “ခင်ဗျား ဘယ်လို သွားပြောလိုက် တာလဲ” ဆိုပြီး။
သူ့အနေနဲ့ ကျနော်တိုကို ဒုက္ ခအကြီးကျယ်ပေးချင်ရင် ရွာကိုဖျက်လိုက်ရုံပဲ၊ ဒါပေမယ့် ရွာကို လက်ဖျားနဲ့တောင် မတိုခဲ့ဘူး။
ကျနော်တို့ကို ထိုးစစ်ဆင်ဖို့တော့ သူလည်း ပြင်ဆင်ဖူးတယ်။ ယုတ်မာတဲ့နည်းလမ်းနဲ့တော့ မဟုတ်ဘူး။ ဒါကြောင့်မို့လည်း သူ့ကို ကျနော့်ရဲ့ အတွေ့အကြုံ အသေးမွှားလေးတွေထဲက အမြဲမှတ်မိနေမယ့် ရန်သူတဦးရယ်လို့ မှတ်တမ်းတင်ထားအပ်ပါတယ်။
Be the first to comment