
“အမှောင်”

(၁)
လွမ်းသူ့ပန်းခွေသည် ဝမ်းနည်းစရာ အကောင်းဆုံးဖြစ်သည်။ ဆက်ရေး။ ထို့နောက် အမှောင်သည် တလှိမ့်ပြီးတလှိမ့် ရွာထဲဝင်လာတော့မည်။ နားထောင် ကြည့်စမ်းပါ။ အရိပ်တွေ အရောင်တွေရဲ့ ဆူညံသံကို။ ခါးကိုင်းနေတဲ့ အတင်းအဖျင်းတွေနဲ့ ဇာတ်လမ်းပမာ နားဆင်စရာတွေကို။ သည်းအူပြုန်းမျှ ရက်စက်ခံခဲ့ရသည့် မျက်ရည်စက်တွေကို။ ကိုယ့်ကိုယ်ကို မပျော်ရွှင်ရခြင်းထဲ ထည့်ဖျော်ခဲ့ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ တောင်ကျချောင်းလေးရေ ငါတော့ အိမ်ကိုလွမ်းနေပါပြီ။
(၂)
ထို့နောက် စေတီပျက်အဆူဆူများ။ စာသင်ကျောင်းလေးနဲ့ ရွာပျက် မြို့ပျက်များ။ ထို့နောက် အူကလီစာများ။ လူမမယ်လေးတွေရဲ့ ဦးရေပြားများ။ ခြေပြတ်လက်ပြတ်များ။ ခေါင်းပြတ်များ။ အရာအားလုံး အကောင်းအတိုင်းဖြစ်အောင် ဘယ်ဘုရားရှင်မှ ပြန်လည် ဖန်ဆင်းမပေးနိုင်ပါ။ ဒီလိုနှင့် အမှောင်သည် လှိုင်းလုံးတွေ တလုံးပြီးတလုံး ဘဝပေါင်းများစွာကို တိုက်စားဖြိုဖျက်ခဲ့တော့သည်။
(၃)
ကဗျာတပုဒ်က အိပ်ငိုက်နေသည်။ ဝတ္ထုတပုဒ်က ဆေးလိပ်ဖွာနေသည်။ အက်ဆေးတပုဒ်က သီချင်းညည်းနေသည်။ ရုပ်ရှင်တကားက ကျပ်မပြည့်ဖြစ်နေသည်။ဝတ္ထုတပုဒ်က သေနတ်မှန်ခံထားရသည်။ အက်ဆေးတပုဒ်က ကလီစာတွေ ထုတ်ခံထားရသည်။ ရုပ်ရှင်တကားက ဆွံ့အနားမကြား ဖြစ်နေသည်။ ကဗျာတပုဒ်က အရိုးပဲကျန်သည်။ အက်ဆေးတပုဒ်က မုဒိမ်းကျင့်ခံရသည်။ ကဗျာတပုဒ်က အလောင်းဖျောက်ခံရသည်။ ဝတ္ထုတပုဒ်က စစ်ဖြစ်နေသည်။ ရုပ်ရှင်တကားကတော့ ရူးချင်ယောင် ဆောင်နေဆဲဖြစ်သည်။
(၄)
မြို့ရွာများတွင် ခွေးအူသံတွေ သည်းလှိုက်နေအောင် ကြားရသည်။ ခွေးသေကောင်ပုပ်တွေ မြောင်းထဲချောင်းထဲတွင် ပြည့်နေသည်။ လောကတွင် မည်သည့်အရာမှ မသေချာပါ။ သေတပန် သက်တဆုံးများလည်း မသေချာပါ။ ဩဇာအာဏာ မျက်စောင်းများ၊ ဘုံဆောင်နန်းတမျှ အိပ်မက်တွေလည်း မသေချာပါ။ နောက်လာမည့် စက္ကန့်ကအစ မသေချာပါ။ ဘာဆိုဘာမှ မသေချာပါ။ လောကသည် မသေချာခြင်းများဖြင့် ပြည့်နှက် ဝဲလှည့်နေသည့် ဝဲဩဃတခုသာဖြစ်ပါသည်။ ထိုအထဲတွင် ကျနော်တို့သည် မြုပ်လိုက်ပေါ်လိုက်နှင့် ခဏလေး ပေါ်လာသည့်အခါ အသက်ခိုးရှူလိုက် လုပ်နေကြခြင်းသာဖြစ်ပါသည်။
(၅)
အရိပ်ခိုနေမိသည့် တောင်ပေါ်ရှိ စေတီတဆူ၏ ဆည်းလည်းသံလွင်လွင်ကြောင့် ကျနော့်စိတ်တွေ ခဏမျှ ငြိမ်းအေးသွားရသည်။ မြင်မြင်လေရာ လောင် နေသည့်မီးတွေ အလျင်အမြန် ငြိမ်းစေကြောင်း ဆုတောင်းမိပါသည်။
(၆)
ကျနော်တို့သည် မီးကိုတွေ့ရှိခဲ့သည်မှာ နှစ်ပေါင်းမြောက်မြားစွာ ကြာမြင့်ခဲ့သော်လည်း ယခုအချိန်ထိ စိတ်တွေ မလင်းနိုင်ကြသေးပါ။
၁၁၊ ၂၊ ၂၀၂၅
Be the first to comment