5
ညီညီ
‘အမှောင်ခေတ်ထဲက ကျနော့်ရွာကလေး’
အာဏာသိမ်းစတုန်းက ကျနော်က မြို့ပေါ်မှာ။ အဲ့ဒီအချိန်ကတည်းက အိမ်ကို တခေါက်ပဲ ပြန်ရသေးတယ်။ အာဏာသိမ်းပြီး ငါးနှစ်လောက်ကြာလာတော့ စစ်ကိုင်းတိုင်းထဲက အမေ့အိမ် ရှိတဲ့ ရွာကလေးကို ပြန်ချင်စိတ်ဖြစ်လာလို့ မဖြစ်မနေ ပြန်ဖြစ်ခဲ့ပါတယ်။ ရွာမှာတော့ စစ်တပ်ရဲ့မတရားအုပ်ချုပ်မှုအောက်မရှိတော့ပေမယ့် တခါတခါ စစ်ကြာင်းထိုးပါတယ်။ ရွာကို ပြန်ရောက်တော့ မှောင်စပြုနေပါပြီ။ ညဘက် အလည်မထွက်တော့ဘဲ အမေတို့ အဖေတို့နဲ့ စကားပြောပြီး ည စောစောအိပ်ရာဝင်လိုက်ပါတော့တယ်။ အမေ့အိမ်ရောက်တော့ ဘာမှ ပူပင်စရာမရှိလို့ လားမသိ ခေါင်းပြားအောင် အိပ်ရပါတယ်။
မနက်မိုးလင်းတော့ ထုံးစံအတိုင်း ထမင်းဆီဆမ်းနဲ့ အကြော်ကို ရေနွေးကြမ်းနဲ့ ဆွဲပြီး လူက ရွာထဲကို ထွက်ဖို့ ဖင်တကြွကြွဖြစ်နေပါပြီ။ ညက မိုး ရွာထားတော့ ယာတောထဲ ဘယ်သူမှ ဆင်းမှာ မဟုတ်ကြဘူး။ ရွာထဲ လူစုံရှိမယ့် သဘောပါ။ ထမင်းစားပြီးလို့ မီးဖိုဆောင်ဘက် သေချာ ကြည့်မိမှ မီးဖိုဆောင်က မီးရှို့ခံထားရတာပဲ။ မီးခိုးမှိုင်းစွဲပြီး တဝက်တပျက် လောင်ထားတာပါ။ ဘာလို့ မပြုပြင်ကြလဲ မသိပါဘူး။
ကျနော့်စိတ်ကူးထဲမှာ ဘယ်အိမ်ကို သွားမယ်၊ ဘယ်သူ့ဆီသွားမယ်လို့ စိတ်ထဲမရှိပါဘူး။ စိတ်ကူးပေါက်ရာ အလည်ခေါ်ရာ အိမ်မှာပဲ လည်ဖို့ ဆုံးဖြတ်ထားတာပါ။
“လာ…မောင်ထွန်း။ ထိုင်အုံး ရေနွေးကြမ်း သောက် လက်ဖက်ဝါးကွာ… မနက်ဖြန် မြေပဲခင်း အမှိုက်တိုက်မလို့ ထွန်သွားပြင်နေတာ… မိုးကကောင်း ပြေးလိုက်လွှားလိုက်နဲ့ဆိုတော့ ပေါင်းပင်တွေ ထူနေတာ။ ထယ်ကြီးဝင်နိုင်အောင်ကို မနည်းလုပ်ယူရမယ်” လို့ ဘကြီး ကျော်ရင် က နှုတ်ဆက်စကားပြောတယ်။
“ဘကြီး ကျော်ရင် နွားတရှဥ်းတည်း ခိုင်းတော့တာလား။ မောင်တူး က ဘယ်သွားလို့လဲ”
“ဘယ်သွားရမှာလဲ။ မင်းညီက လက်နက်ကိုင် တော်လှန်ရေးလုပ်မယ်ဆိုပြီး PDF ထဲဝင်သွားတယ်။ အဲ့ဒါနဲ့ ငါတယောက်တည်း တောင်သူလုပ်နေတာ”
“ကောင်းပါတယ်ဗျာ။ ဘကြီးက လုပ်နိုင်ကိုင်နိုင်တုန်းပဲ ” ဆိုပြီး ကျနော် အားပေးမိတယ်။
“အော်…မောင်ထွန်းရောက်နေတာလား။ ဘာစားခဲ့ပြီလဲ… မောင်ထွန်း။ အရီး ပဲကြော်ထားတယ်။ စားသွားမလား ပြင်လိုက်မယ်”
“တော်ပြီ အရီး။ ကျနော် စားလာပါပြီ။ အကြော်စားလာတယ်”
“နို့ဆို… မောင်တူးက အိမ်ပြန်မလာဘူးလား”
“တခါတခါ ခွင့်ရရင် ပြန်လာပါတယ်။ တခါတခါလဲ မလာဘူးကွာ၊ မလာချင်ဘူးတဲ့။ အိမ်ကို အပြီးတိုင်မှ မဟုတ်ရင်မပြန်ခဲ့ ချင်ဘူးတဲ့ကွာ။ တို့များ မိဘတွေကတော့ ကိုယ့်သားလေး သာလား၊ မာလား မျှော်ရတာပေါ့”
“ခေတ်နဲ့ ဖြတ်သန်းနေတော့ မကောင်းဘူးလား ဘကြီး။ သူတို့ ခေတ် သူတို့ ကြိုက်သလို ဖြတ်သန်းပါစေ”
“ဒီနှစ်ရော သီးနှံတွေ အထွက်ကောင်းလား ဘကြီး”
“သီးနှံကတော့ ကောင်းပါတယ်။ စျေးတွေကလဲ ကုန်စျေးနှုန်းနဲ့ ဘာမှ မကိုက်ဘူး။ ဟိုအိတ်… မနေ့က ဝယ်လာတာ။ တသိန်းခွဲတဲ့ကွာ ဘာလုပ်လို့ ရမှာလဲ” လို့ ညည်းညူရင်း လယ်ထဲသုံးတဲ့ ပုလဲဓာတ်မြေသြဇာအိတ်ကို လက်ညှိုးထိုးပြတယ်။
ကျနော် တောင်သူလုပ်ခဲ့စဥ်က အဲ့လို တအိတ်ကို နှစ်သောင်းခွဲသာ ရှိသေးတာ။ အခုတော့ ငါးဆ ခြောက်ဆ များနေပြီ။ တောင်သူတွေဘဝ ဘယ်လို လုပ်ရပါ့မလဲ။ တုံးအောက်က ဖားတွေလို ပြားမြဲ ပြားမြဲဆိုသလိုပေါ့။
“ဘကြီးရေ ကျနော်သွားအုံးမယ်။ ဘဒွေးထူးတို့ အိမ်ဘက်ဆီကို”လို့ ပြောကာ ထရပ်မိတယ်။
“အေး… သွားကွ။ အဲ့ကောင် ညက ဝက်ပေါ်တယ်။ အမြည်းလေး ဘာလေးစားရတာပေါ့” လို့ ဘကြီး ကနှုတ်ဆက်ရင်း ပြောတယ်။ ထယ်သွားပြင်နေတဲ့ ဘကြီးကျောပြင်ကိုကြည့်ရင်း တောထဲ ရောက်နေသည့် မောင်တူးကို ကျနော် သတိရမိသည်။ မောင်ထူးက လူကောင် ထွားထွား၊ ဗလ တောင့်တောင့်နဲ့။ ကိုယ့်အောက်မှာ ကြီးခဲ့ကြတဲ့ ကလေးတွေ။ အခုတော့ နိုင်ရာဝန် ထမ်းဆောင်နေကြပြီ။
ကျနော် မြို့ကို ကျောင်းသွားတက်ရင် ဘဒွေးထူးကလိုက်ပို့နေကျ။ ကျနော်တက်တဲ့ ကျောင်းက ရွာနဲ့ ၃၂ မိုင်ဝေးတယ်။ ကားစီးရဖို့ အရေး ရွာကနေ ၅ မိုင်လောက် ကားလမ်း ဆီကို သွာရသေးးတယ်။ မိုးရွာတဲ့အခါ ဆိုင်ကယ်ထွက်မရ၊ ကားထွက်မရရင် ဘဒွေးထူးက လိုက်ပို့နေကျ။ သူက စာမတတ်ပေမယ့် သူများ သားသမီးရော ကိုယ့်ကလေးပါ ပညာတတ်စေချင်သူ။
ရွာလယ် လမ်းမကနေ ညာဘက် လမ်းကြားထဲ ချိုးဝင်ပြီး နှစ်မိနှစ်လောက်နေတာ့ ကလေးတွေကို ငေါက်ငမ်းနေသံကြားရတယ်။ သူရှိနေတာ သေချာပြီမို့ အနည်းငယ်တော့ ပြုံးလိုက်မိတယ်။
ဘဒွေးတို့ အိမ်က ရိုးရိုးအိမ်။ ကပ်ကာ ဇလီသတ် ကြမ်းခင်းနဲ့။ အိမ်တလင်းမှာက ဝက်ပေါ်ထားတဲ့ ရေနွေးအိုးဒယ်ကြီးက အငွေ့တထောင်းထောင်း ထနေတုန်း။ ငုံ့ကြည့်လိုက်တော့ အထဲမှာ အသည်းတခြမ်းနဲ့ အူစုံပြုတ်ထားတာကို တွေ့ရတယ်။
ကျနော်က စ နေကျအတိုင်း “အဟမ်း…အဟမ်း”နဲ့ အသံပေးလိုက်တော့ ဘဒွေးထူး သားအငယ်ဆုံးကောင် မောင်ပုလေးက “အကိုလေးထွန်း ပြန်လာတယ်အဖေ” ဆိုပြီး အော်တယ်။
နွားတဲမှာ နွားစာထည့်နေတဲ့ ဘဒွေးက “ဟိုတလောက မင်းတို့ အိမ်ဘက်ရောက်တယ်။ မင်းအမေက မင်းလာမယ်ဆိုတာတောင်မပြောဘူး” ဟု အစချီကာ နှုတ်ဆက်တယ်။ ကျနော်လည်း အမေတို့ကို လာမယ်လို့ ပြောမထားဘူး။ လမ်းမှာအသက်ကို ဖက်နဲ့ ထုပ်လာ ရတာဆိုတော့ မပြောဖြစ်ဘူး။ ရောက်ကာမှ ရောက်ပါစေတော့ ဆိုပြီး ထွက်လာလိုက်တာ”
“သားငယ်… မင်းအကို စားဖို့ အမြည်း သွားခပ်ချေ” ဆိုပြီး အငယ်ကောင်ကို မျက်စ ပစ်ပြလိုက်တယ်။ ရေနွေးကြမ်းသောက်ရင်း စကားပြောကြတော့ ဘဒွေးထူးကတော့ နည်းနည်း ထွေနေပုံပါ။
“မင်းအောင်လှိုင်ကတော့ကွာ” ဆိုသော စကားကို စကားပြောချိန် တနာရီအတွင်း အခါနှစ်ဆယ်လောက် ကြားလိုက်ရတယ်။
“ဘာတွေထူးလဲ ဘဒွေး”ဆိုပြီး လမ်းဖွင့်ပေးလိုက်တော့ ရွာအရှေ့ခြမ်းထဲက ဒေါ်အေးသမီး လင်ယူတာက စလို့ ရွာလယ်က ဖိုးထောင် အိမ်တက်မှု ဖြစ်တာအစဆုံး စုံစီနေ အောင်ပြောပါတယ်။ သူ မပြောတာကတော့ ဘယ်သူတွေတော့ ဆုံးသွားပြီ။ ဘယ်သူ့သားက ဘယ်သူကတော့ တိုက်ပွဲကျသွားပြီ ဆိုတာကိုတော့ မပြောပါဘူး။ ကျနော် ရေနွေးကြမ်းသောက်ရင်း အိမ်ခါးပမ်းမှာ ချိတ်ထားတဲ့ ဓာတ်ပုံကို လှမ်းကြည့်မိတယ်။ အနီ အောက်ခံမှာ ကြယ်ဖြူတပွင့်ပါတဲ့ ပြောက်ကြား ဦးထုပ်ကိုယ်စီနဲ့ ညီအကို နှစ်ယောက်ပုံ။ သူတို့က မောင်းပြန်သေနတ်ကိုယ်စီနဲ့။ ဒါကို ကျနော် တွေ့တော့ ကျနော် အနည်းငယ်ပြုံးမိပြန်တယ်။ ရဲရင့်ထူးနဲ့ မြင့်မြတ်ထူးတို့ ညီအကို နှစ်ယောက်။
ဒီကောင်တွေက ကိုဗစ်ကြောင့် ကျောင်းနားပြီး ကျောင်းပြန်တက်ဖို့ စောင့်နေကြတဲ့သူတွေပါ။ အာဏာသိမ်းတော့ ဆယ်တန်းကို boycott လုပ်ပြီး ကျောင်းဆက်မတက်ကြတော့ပါဘူး။
သူတို့တွေ တော်လှန်ရေးတပ်တွေထဲ တာဝန်ထမ်းဆောင်နေကြတယ်၊
ဘာလုပ်နေကြတယ်။ ဘယ်တပ်မှာ ဘာတာဝန် ထမ်းဆောင်နေကြတယ်ဆိုတာကိုတော့ ဘယ်သူမှ မပြောပြကြဘူး။ ကျနော်က အလိုက်ကမ်းဆိုး မသိ မေးမိတယ်။
“ဟိုကောင်တွေ နှစ်ကောင်ရော အဆင်ပြေနေရဲ့လား။ ဘယ်မှာလဲ ဦးလေး”
“မင်းညီအကြီးကောင်က မနှစ်ကပဲ တိုက်ပွဲမှာ ကျသွားတယ်။ အငယ်ကောင်ကတော့ ရင်း (၃ ) ထဲမှာ”
ကျနော် ဘာပြန်ပြောရမှန်းမသိပါ။ ကျနော် မဆက်သွယ်ခဲ့မိတဲ့ ကာလတွေအတွင်း အများကြီး ပြောင်းလဲခဲ့ပြီ။ သူတို့ နှစ်ယောက်ရဲ့ နိုင်ငံရေးခံယူချက်ကိုတော့ လေးစား ချီးကျုးမိတယ်။ ကျနော် ဘာမှ ဆက်မမေးတော့ ဘဒွေးကတော့ နွားတဲထဲ နွားစာထည့်ဖို့ ထသွားတယ်။ ကျနော် တန်းလျားခုံမှာ လှဲချလိုက်တယ်။ နဖူးပေါ်လက်တင်ပြီး ရဲရင့်ထူးတို့ ညီအကို နှစ်ယောက် ပုံရိပ်က မျက်လုံးထဲမှာဝိုးတဝါးပေါ်တယ်။ ဒီကောင်တွေ ငယ်ငယ် ကျနော်လည်း ငယ်စဥ်အခါက ကျနော် ယာတောသွားရင် လိုက်နေကျ။ ကြွက်တူး၊ ငါးပက်၊ တောလိုက် အကုန်လိုက်ကြတဲ့ကောင်တွေ။ တိုက်ပွဲကျသွားတဲ့ မြင့်မြတ်ထူးကို ဆိုရင် ကျနော် ဆူပူမိဖူးတယ်။
“မင်းကညံ့လိုက်တာ။ ကြောက်လိုက်တာ။ ချစမ်းပါ”လို့ အော်ငေါက် ခဲ့ဖူးတယ်။ အခုတော့ ဒီကောင်ကသတ္တိရှိရှိနဲ့ လွတ်မြောက်ရေးအတွက် အသက်ပေးသွားပြီ။ ကျနော် ဆက်ပြီးမတွေးချင်တော့။ ကျနော် ဘဒွေးအိမ်ကနေ အမြန်ထွက်သွားချင်ပြီ။ ပြန်ခါနီး ဘဒွေးက “မင်းသူငယ်ချင်း သော်ဒီပြန်ရောက်နေတယ်။ သွားတွေ့လိုက်အုံး” လို့ ပြောတာနဲ့ သော်ဒီကို သတိရမိလာတယ်။
ရွာလယ်လမ်းမကြီးကို ထွက်ပြီး အရှေ့ဆီကို သွားမိတော့ ရွာလယ်ခေါင်က ကျနော် တက်ခဲ့တဲ့ အလယ်တန်းကျောင်း ကိုမြင်ရတယ်။ အရင် အဆောင်ဟောင်းကြီးကတော့ မရှိတော့။ ပြာပုံကြားက လူးလွန့်ရုန်းထထားပုံပါပဲ။ စာသင်ကျောင်းအပေါက်ထွက်မှာ ကိုကျော်နိုင်ဦးနှင့် တွေ့တယ်။
“ကိုကျော်နိုင်ဦးဘယ်သွားမလို့လဲ။ လာဗျာ။ ရွာအရှေ့ဖျားသွားရအောင်”
“ငါမအားသေးဘူးကွာ။ လုပ်စရာရှိသေးတယ်။ ထွန်စက် ခေါ်ရအုံးမယ်” ဆိုကာ ငြင်းတယ်။
“လာပါ ကျွန်တော် အိမ်ရာက်တော့ ပြောလိုက်မယ်။ လယ်ကြီးတောအတွက်လား။ မြောက်ကုန်းအတွက်လား”
“လယ်ကြီးတောအတွက်။ မင်းသေချာ ပြောလိုက်ကွာ။ သွားကြစို့” ဆိုပြီး ကျနော်တို့ ရွာအရှေ့ခြမ်းကို ထွက်ခဲ့လိုက်ကြတယ်။
ရွာအရှေ့ခြမ်း ရောက်တော့ ကိုမောင်ချာတို့အိမ် ရေနွေးဝင်သောက်ကြတယ်။ ပြောင်းဖူးပြုတ်နဲ့ပါ ဧည့်ခံသေးတယ်။ ကျနော်က ကျော်နိုင်ဦးကို “ မင်း… ငါနဲ့လိုက်ခဲ့လို့ ပြောင်းဖူးပြုတ်စားရတာ” လို့ စမိတယ်။
“ကိုချာ ဘယ်လိုလဲ။ သီးနှံတွေ အထွက်ကောင်းရဲ့လား” လို့ စားရင်းသောက်ရင်းနဲ့ အခြေအနေလေးတွေ တီးခေါက်ကြည့်မိတယ်။
“အေး… အထွက်ကတော့ ကောင်းတယ်ကွာ။ ဓာတ်မြေသြဇာစျေးနဲ့ မင်းရေနံက တဂါလံ ၃ သောင်းလောက်ပေါက်နေတာ။ အလွယ်တကူ ဝယ်လို့ ရတာမဟုတ်ဘူး။ ထွန်းစက်က တဧကကကို ၈ သောင်းကွာ လုပ်အားခနဲ့ ဘာနဲ့ နှုတ်လိုက်တော့ ဖင်မွှေးပဲ ကျန်တာကွာ” လို့ ဟာသနှောပြီးပြောတော့ ရီမိတယ်။
“ဘယ်နှယ့် သီးနှံစျေးတွေ ကောင်းတယ်မလား” လို့ မေးတော့ “ငါတို့ လက်ထဲ သီးနှံမရှိတော့ရင် ကောင်းတယ်ကွာ။ ငါတို့ ရောင်းရင်တော့ ပွဲစားပါးစပ်ထဲက စျေးပဲ။ အခု ခေတ်က မကောင်းတော့ လာဝယ်တဲ့ ပွဲစားကို ရောင်းရတာ။ လာဝယ်တာကို ကျေးဇူးတင်နေရတာမောင်ထွန်းရေ”
“အေး… တောင်သူ လုပ်ချိန်ဆိုလဲ ငနဲတွေက စစ်ကြောင်းထိုးရတာနဲ့။ လေယာဥ်နဲ့ ကျဲရတာနဲ့။ ပြေးရလွှားရနဲ့။ တောင်သူ လုပ်ရတာကို အရသာမရှိပါဘူးကွာ” လို့ ကိုချာက ညည်းညူတယ်။
ရေပက်မဝင်အောင် စကားပြောနေကြရင်း ရွာထိပ်ကလက်တောက်ခုံ ဝိုင်းအကြောင်း သတိရမိတယ်။ အခုလို မိုးအေးတဲ့ရက်တွေဆို လက်တောက်ခုံက လူစည်တတ်တယ်။ ကျနော် လက်တောက်ခုံကို သွားချင်လာတယ်။ လည်ရင်းပတ်ရင်း စကားပြောရင်းနဲ့ နေလဲ အတော်ချိုလာပြီ။ ဒါနဲ့ ကျနော်တို့ နှစ်ယောက် ရွာထိပ်က ကင်းတဲကို မချီတက်မီလက်တောက်ခုံရှိရာကို ဦးတည်ခဲ့ကြတယ်။
အတော်လေးလျှောက်ပြီးတဲ့အခါမှာတော့ တောင်ကမူကလေးပေါ်မှာ ထန်းရွက်မိုး ထားတဲ့ တဲလေးအောက်က ဇယ်တောက်ဝိုင်းကို တွေ့ရတယ်။ ကာလသားလေးတွေ စုဝိုင်းပြီးဇယ်တောက် ငြင်းခုံသံများ ပျံ့လွင့်နေတယ်။ တဲတိုင်ဒေါင့်မှာ ထောင်ထားတဲ့ ချိုင်းထောက်တစုံကိုလဲ မြင်ရတယ်။ ကျနော် ရောက်သွားတော့ သူတို့ ပွဲကောင်းနေတုန်းပါပဲ။ အဲဒီထဲက တယောက်က ကျနော့်ကို စတင်နှုတ်ဆက်တော့ အားလုံးက ကျနော့်ကို တချက်လှည့်ကြည့်ကြတယ်။ အဲ့ဒီထဲမှာ ကျနော့် သူငယ်ချင်း သော်ဒီလဲပါတယ်။ သော်ဒီက ကျနော့်ကို ပြုံးပြီး နှုတ်ဆက်တယ်။ တက်တက်ကြွကြွ မရှိ။ ကျနော်လည်း ပြုံးပြ နှုတ်ဆက်မိတယ်။ တဲတိုင်ထောင့်မှာ မှီထားတဲ့ ဂျိုင်းထောက် ကဘယ်သူ့ဟာလဲ ကျနော် စူးစမ်းမိတယ်။ အားလုံးက ထိုင်နေတော့ မရိပ်မိသေးဘူး။ ခဏနေမှ ချိုင်းထောက်က သော်ဒီ့ ချိုင်းထောက် ဆိုတာသိလိုက်တယ်။ ကျနော် ဘာစကားမှ မဆိုနိုင်တော့။ ဆို့နင့် ကြေကွဲပြီး သော်ဒီ့ကို တွေတွေကြီး ကြည့်နေမိတယ်။ ကျနော် ဘာပြောရမလဲ။ အားတင်းထားကွာလို့ ပြောရမလား။ ဘာကြောင့်ဖြစ်တာလဲ လို့ရော ကျနော် မေးဖို့ လိုအုံးမလား။ ကျနော် မသိချင်တော့ပါ။ တဲထဲကနေ ထွက်ပြေးချင်စိတ်သာ ဖြစ်မိတယ်။ နောက်တော့ ကျနော့်စိတ်ကို ပြန်ထိန်းလိုက်ပြီး သော်ဒီ့ကို နှုတ်ဆက် ကာထွက်လာမိတယ်။
ကျနော့် တနေ့တာကား ကုန်ဆုံးလုလု ရှိပြီ။ ကျနော် စကား စချင်တယ်။ သော်ဒီဘယ်လို ဖြစ်တာလဲ။ သူ့စိတ်အခြေအနေ ပုံမှန်ဖြစ်ရဲ့လား၊ ဘဒွေးထူးရဲ့သား ဘယ်လိုကျဆုံးသွားလဲ။ တော်လှန်ရေးတပ်ထဲဝင်သွားတဲ့ မောင်တူးရောအဆင်ပြေနေရဲ့လား စသဖြင့် မေးခွန်းတွေတန်းစီနေတယ်။ ဘာကိုမှ မမေးဖြစ်ဘဲ အိမ်ကို သာတန်းတန်းမတ်မတ် ပြန်ခဲ့တော့တယ်။ ကျနော့် ရွာသူရွာသားတွေက တော့ ဒီအခြေအနေ၊ ဒီအဖြစ်အပျက်တွေကို နေသား ကျနေပြီ။ သူတို့အတွက် နာကျည်းစရာများ ရှိနေတဲ့တိုင် သူတို့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ရှေ့ဆက်နေကြပြီ။
တကယ်တော့ ကျနော့်ရွာကလေးဟာ အမှောင်ခေတ်ထဲမှာနေသာသလို မနေရစ်ခဲ့ပါ။ မကျန်ရစ်ခဲ့ပါ။ သူတို့ယုံကြည်မှုများနဲ့ မကြောက်မရွံ့ ရှေ့ဆက်နေဆဲဖြစ်ပါတယ်။ ။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
