အရာရာကို အကောင်းဆုံး ပြန်တုံ့ပြန်နိုင်ဖို့

“အရာရာကို အကောင်းဆုံး ပြန်တုံ့ပြန်နိုင်ဖို့”
◼️မြကေခိုင်
အတွေးတခုဟာ ကျမရဲ့ဦးနှောက်ထဲကို ဘယ်ကမှန်းမသိ ဝင်လာပြီး ပဲ့တင်ထပ်နေပြီဆိုရင် အဲဒီအတွေးထဲမှာပဲ သုံးလေးရက် ဒါမှမဟုတ် ပိုကြာရင် တပတ်ကနေ တလအထိ တွေးနေမိတတ်တဲ့အကျင့် ရှိပါတယ်။ အဲဒီလို ကြုံပြီဆိုရင်လည်း တိုက်ဆိုင်တာတွေကပဲ ပေါ်လာတာလား၊ ကျမကပဲ နစ်ဝင်နေတဲ့ ကျမအတွေးရှုထောင့်ကနေ ကြည့်နေလို့ပဲလား မသိပေမယ့် ဆက်စပ်ပြီးတွေးစရာတွေ ဆက်စပ်တိုင်ဆိုင်မှုတွေဟာ ဆက်တိုက်ဆိုသလို ပေါ်လာတတ်ပါတယ်။
ဒီရက်ပိုင်း အတွေးထဲမှာ ပဲ့တင်ထပ်နေတာကတော့ “အရာရာဟာ ကောင်းဖို့ ဒါမှမဟုတ် ပိုကောင်းဖို့ ဖြစ်လာတာမှ မဟုတ်တာ“ ဆိုတဲ့အတွေးပါ။ ဘဝမှာ ကံကောင်း အကြောင်းလှတဲ့သူတွေထဲမှာ ပါခဲ့ပုံထောက်လို့ ကောင်းအောင် မြင်ပေးနိုင်ခဲ့တာတွေလည်း များပါတယ်။ ဒါပေမယ့်လည်း အရာရာဟာ ကောင်းဖို့ ဖြစ်လာတာမှ မဟုတ်တာ။ ကျမတို့ အရင်ကဆိုရင် ကိစ္စတွေဟာ ကိုယ်စီစဥ်ထားတဲ့အတိုင်း မဖြစ်ဘဲ တခြားသော နည်းလမ်းတခုနဲ့ အဆင်ပြေအောင် လုပ်လိုက်ရရင် ဒါမှမဟုတ် ပိုပြီး အဆင်ပြေတဲ့ နည်းလမ်းနဲ့ ပိုအဆင်ပြေတဲ့ အကျိုးရလဒ်တခု ရလာခဲ့ပြီဆိုရင် “ကောင်းဖို့ဖြစ်လာတာ၊ ပိုကောင်းဖို့ ဖြစ်လာတာ“ ဆိုပြီး တွေးကြရပါတယ်။ ဒါဟာလည်း ကိုယ်လုပ်လိုက်တဲ့ကိစ္စဟာ တနည်းမဟုတ်တနည်းနဲ့ အဆင်ပြေသွားမှ တ’ နိုင်ကြတာပါ။ ဘာသာတရားရဲ့ အကူအညီကို ယူရရင်တော့ ကျမတို့ ဗုဒ္ဓဘာသာအရဆို ကံစီမံရာ၊ အခြားဘာသာရေးအရဆို ဘုရားသခင်အလိုအရ၊ ဘုရားသခင်ဟာ အခြားသောနည်းနဲ့ ကူညီစောင့်ရှောက်မှာ ဖြစ်လို့လို့ ယုံကြည်ရပါတယ်။
အဲဒီအတွေးတွေ ခေါင်းထဲမှာ တဝဲလည်လည် ဖြစ်နေတုန်းမှာပဲ ခါတိုင်းလို တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ကျမအခန်းဖော် ညီမလေးတယောက် သူ့မိသားစုနဲ့ ဖုန်းပြောဖြစ်ကြရင်း ကျမတို့ စကားစပ်မိကြပါတယ်။ အခန်းဖော် ညီမလေးတို့ မိသားစုဟာ ကယားပြည်ကနေ စစ်ရှောင်နေကြတဲ့သူတွေပါ။ ၂၀၂၄ ခုနှစ် အလယ်လောက်မှာ အိမ်အခွံပဲ ကျန်တော့လောက်အောင် ပျက်စီး ဆုံးရှုံးထားတဲ့ သူတွေပါ။ စစ်ကြီးမဖြစ်ခင်က အိမ်ခြံဝန်းကျယ်ကျယ်ထဲ အလယ်မှာ တိုက်ဖြူဖြူလေးနဲ့ ခြံဝန်းထဲမှာ မြက်ခင်းစိမ်းနုနုလေးတွေ၊ ပန်းပင်လေးတွေ အမျိုးမျိုးနဲ့ ဝေဆာနေခဲ့တဲ့ အိမ်လေးပါ။ အခုတော့ အဲဒီခြံလေးဆီ သူတို့တွေ ပြန်သွားခွင့်ရကြတယ်။ ခြံထဲမှာ လက်နက်ကြီးနဲ့ ကျည်ဆံအခွံပေါင်းစုံ ရှိနေခဲ့ပါတယ်။
ဦးလေးက အဲဒီအခွံတွေကို ရှင်းလင်းပြီး ပုံးလေးတပုံးထဲမှာ ထောင်ပြီး စုထည့်ထားတယ်။ ခြံအတွင်းထဲမှာတော့ ပန်းပင်လေးတွေ အရင်စိုက်နှင့်နေပါပြီ။ ပန်းပင်လေးတွေကတော့ ခရမ်းရောင်၊ ပန်းရောင် အရောင်စုံလို့ပါပဲ။ ကျမကတော့ ပန်းပွင့်တွေအကြောင်း သိပ်မသိတာမို့ လှတာပဲ သိလိုက်ပါတယ်။ ခြံအပြင်မှာလည်း 120 MM ကျခဲ့တဲ့ နေရာလေးမှာ စက္ကူပန်းပင်လည်း စိုက်ထားပါသေးတယ်။ ဦးလေးပြောတာက “ န်းပင်လေးတွေစိုက်ပြီး အရာရာကို အကောင်းဆုံး တုံ့ပြန်နေပါတယ်” တဲ့။ ဦးလေးရဲ့ စကားကို ကြားပြီးမှပဲ ကျမ ပိတ်မိနေတဲ့ အတွေးလေးဟာ တခန်းရပ်သွားပါတော့တယ်။ အရာရာဟာ ပိုကောင်းဖို့ ဖြစ်လာတာတော့ မဟုတ်ပေမယ့်လည်း အရာရာကို အကောင်းဆုံး တုံ့ပြန်ကြဖို့ပဲ။ ကျမတို့တွေဟာ အိမ်မှာ ပြန်စိုက်ရမယ့် ပန်းပင်လေးတွေအကြောင်း စဥ်းစားရင်း အရာရာကို အကောင်းဆုံး တုံ့ပြန်ဖို့ ကြိုးစားနေကြပါတယ် ဆိုတာပါပဲ။
၈၊ ၃၊ ၂၀၂၅
About The Call 690 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*