
‘အရိပ်ကလေးရဲ့ မနက်ဖြန်’

(၁)
အမှန်တရားအတွက် အသက်ပေးတိုက်ကြတာပဲ၊ ချစ်သူနဲ့အတူ သေအတူ ရှင်မကွာပေါ့။ သူတို့လက်ထဲ ညိုတို့ဘဝတွေဆုံးရရင် နောင် ဒီရွာဒီနယ်တကြောမှာ ညိုတို့ချစ်သူနှစ်ဦးတို့ တော်လှန်ရေးအတွက် အသက်ပေးခဲ့ကြရတယ်ဆိုတဲ့ သမိုင်းကမ္ဗည်း တင်ကျန်လိမ့်မယ်။
(၂)
ဖုန်းစခရင်ပေါ်က ချစ်သူမျက်နှာကို ညို ငေးကြည့်ရင်း ရုတ်တရက် ဖုန်းခေါ်သံများ မြည်လာမလား ညို စောင့်နေမိတယ်။ ဒီနေ့နဲ့ဆို ခေါ်နေကျအချိန် သူ ဖုန်းခေါ်မလာတာ သုံးရက်ရှိပြီ။ နေမကောင်းတာတော့ မဖြစ်နိုင်၊ သူက တော်ရုံ ဖျားတာနာတာမျိုး သိပ်မရှိ။ ဖျားရင်လည်း ဖုန်းမပြောနိုင်တောင် စာတော့ပို့မှာ၊ အခု ဘာအဆက်အသွယ်မှ မရတဲ့အထဲ မနက်ကကြားခဲ့ရတဲ့ သတင်းဆိုးတခုကြောင့် ညို ပိုပြီး စိုးထိတ်နေမိတယ်။ မောင့်သူငယ်ချင်း ငပွေးကို သူတို့ တနေ့က မိသွားပြီလို့ ကြားတယ်။ ငပွေး သူတို့လက်ထဲ ရောက်သွားပြီ ဆိုတဲ့သတင်းနဲ့ မောင်နဲ့ အဆက်အသွယ်ပြတ်တာကလည်း ကွက်တိဆိုတော့ ညို ဒီသုံးရက်လုံး စိတ်အဆင်မပြေတော့။
တနေရာမှာ အေးအေးဆေးဆေး ထိုင်နေပြီဆိုလည်း စိတ်ပူလွန်းလို့ ညို ငြိမ်ငြိမ်မထိုင်နိုင်၊ ဟိုးအဝေးအထိ ဖမ်းမရအောင် ပျံ့လွင့်နေတဲ့ အတွေးတွေနောက်ကို အမီလိုက်ကြည့်တော့လည်း စိတ်ခြောက်ခြား တုန်လှုပ်ဖွယ်ကြီး။ ငပွေးက ညိုတို့ မောင်တို့ရဲ့သူငယ်ချင်း၊ မောင့်ရဲ့ ဆိုးတူကောင်းဖက် မောင့်စံပြ အိုင်ဒေါဆိုလည်း မမှား။ ညိုတို့ရွာရဲ့ လူငယ်လက်သစ် ခေါင်းဆောင်လေး ငပွေးက ရွာနီးစပ်လူငယ်တွေစု မြို့က တော်လှန်ရေးအင်အားစုတွေနဲ့ ပေါင်းပြီး ဒီလအတွင်း ပွဲလှလှတွေကလို့ ညိုတို့ အားရ ကြိတ် ဝမ်းသာမိခဲ့တာမှ မကြာသေး။ အခုတော့ သတင်းဆိုးကြီးက တရွာလုံး အုပ်အော်သောင်းနင်း။ ဒီဝန်းကျင်မှာလည်း ငပွေးရဲ့ အရှိန်အဝါ ကမသေးဘူးလေ။ သူတို့တွေ ပွဲကဖို့ နှုတ်ခမ်းနီဖိုးလိုတယ်ဆိုရင် အားလုံးက တက်တက်ကြွကြွပါကြတာ။ မောင့်အမေ ဒေါ်လေးကြည်ဆို နားကနားကပ်တောင် ချွတ်ပေးတာ။ ဒေါ်လေးကြည် ဆိုတာကလည်း ရွာမှာက မဟုတ်မခံ ဇတ်ဇတ်ကြဲလေ။ ညိုတောင် သူ့သားနဲ့ ချစ်သူဖြစ်စမှာ သူက ဇိုးဇိုးဇတ်ဇတ် ပြောတတ်ဆိုတတ်ဆိုတော့ အရင်ကလို မျက်လုံးချင်းဆုံအောင်တောင် မကြည့်ရဲ ဖြစ်ခဲ့ရသေးတယ်။ ဒါပေမဲ့ မောင်က ညိုနဲ့ ချစ် သူတွေဖြစ်နေပြီလို့ ဒေါ်လေးကြည်ကို ပြောလိုက်ပြီဆိုတော့လည်း ညို့အပေါ် ဒေါ်လေးက သူ့သမီး မရွှေတို့နဲ့မခြား ပြောဆိုဆက်ဆံရှာပါတယ်။
တကယ်တော့ ငပွေးရဲ့ တော်လှန်ရေးနာမည်က “မြွေပွေး”။ ဒီနယ်တဝိုက်မှာတော့ ဒီကာလမှာ “မြွေပွေး” ဆိုတာ လူမမြင်ဖူးရင်သာနေမယ်၊ သူ့အစွမ်းအစ သတင်းတွေကတော့ မကြားဖူးသူမရှိဘူး။ သူမို့ရောက်လာရင် ဘယ်ရွာမှာပဲဖြစ်ဖြစ် သူ့လက်အောက်ကနေ ရရာတာဝန် ဝင်ထမ်းချင်တဲ့လူငယ်တွေ မနည်းဘူးရယ်။ ညိုတို့ရွာက သွေးလည်း နီ၊ လူလည်း ညီတယ်လို့ပြောရမယ်။ ရွာကလူတွေကလည်း ဇာတိချက်မြုပ် နေခဲ့သူတွေကများတော့ ဆွေမျိုးနီးစပ်ဆိုတာလည်း လက်ညိုးထိုးမလွဲဘဲ။ ဒီတော့ ပိုရိုင်းပင်းကြ ကူညီကြတော့ တချို့ရွာတွေလို စစ်အုပ်စုဘက် မျက်နှာလိုအားရ သတင်းပို့တတ်တဲ့ ဒလံလိုလူတွေမရှိနိုင်တာတော့ မဟုတ်ပေမယ့် အများစုက တော်လှန်ရေးကို အရှိန်မတန့်အောင် ကိုယ်နိုင်ရာ တာဝန်ထမ်းရင်း ပါဝင်ကြတယ်။
မြွေပွေးနဲ့ တွဲသိကြတဲ့ “ငဟိန်း” ဆိုတာကတော့ ဟိန်းထက်ဆိုတဲ့ မောင့်ရဲ့ တော်လှန်ရေးနာမည်ပေါ့။ “ငဟိန်းတဲ့ ကွ၊ မိုးလုံးဟိန်းမယ့် ဂျိုုးသိမ်းတော့မဟုတ်ဘူး။ မိုးကိုကျော်ပြီး ဟိုး စကြာဝဠာ အာကာသအထိ သွားမှာ” လို့ လူငယ်ချင်း ဝိုင်းဖွဲ့ဖြစ်ကြတဲ့အခါ မောင် အမြဲပြောလေ့ရှိသတဲ့။
ခုတော့များ သူပြောသလို “စကြာဝဠာ အာကာသအထိများ ရောက်နေလို့ ညို့ဆီ ဆက်သွယ်ဖို့ ခက်နေပြီလား မောင်ရယ်” လို့ ညို စိတ်တွေပူတဲ့ကြားကပဲ လွမ်းလွမ်းဆွေးဆွေး တွေးမိတယ်။ ညိုကသာ စိတ်ပူနေတာ မောင့်အမေ ဒေါ်လေးကြည်ကတော့ ရွာထဲ သွားမြဲလာမြဲ လူတွေတွေ့ရင်လည်း နှုတ်ဆက်မြဲ။ တကယ်တော့ မောင့်နာမည် “ငဟိန်း”၊ မြွေပွေးနာမည် “ငပွေး” တို့ ဖြစ်လာတာကလည်း ဒေါ်လေးကြည် စနက်တွေ ပါသေးတယ်။ ရွာကလည်း လူညီတော့ ဟိုတစု ဒီတစု ခပ်အုပ်အုပ် တော်လှန်ရေး စချိန်ကနေ တနိုင်ငံလုံး တမြို့လုံး အုန်းအုန်းကြွက်ကြွက် ပါလာပြီဆိုတာနဲ့ ဒေါ်လေးကြည်က စတုဒီသာကျွေးပြီး အလှူခံရတာနဲ့၊ ဆွေမျိုးတွေဆီကနေ အလှူငွေကောက်ရတာနဲ့ တော်လှန်ရေးခရီးစဉ်မှာ မမောမပန်း ပါဝင်လာခဲ့တာ။ ဒီတုန်းက ရွာထဲက မွတ်ဆလင်ကောင်လေး ကျော်ကြီးက သူတို့ခြံထဲက လှူဒါန်းပေးကမ်းဖို့ သီးခြားမွေးထားတဲ့ ဆိတ်တွေကို ရောင်းရတဲ့ငွေနဲ့ ထောက်ပို့လုပ်လာတော့ သူနဲ့ ဆိတ်ကျောင်းဖက်ဖြစ်ခဲ့ပြီး ဆိတ်တွေရောင်းကာနီး အစာအဆိပ်သင့်ပြီး သေသွားတဲ့ ခွေးလေးရဲ့နာမည် ငမဲဆိုတာကိုပဲ ကျော်ကြီးကို ဒေါ်လေးကြည်က ချစ်စနိုး နာမည်ပေးခဲ့တာပါပဲ။
ကျော်ကြီးနာမည်က ငမဲဖြစ်လာတော့ ဒေါ်လေးကြည်က သူငယ်ငယ်ကဖတ်ဖူးတဲ့ ငဘဝတ္ထုထဲက ဟာသခန်းလေး ပြောပြဖူးသေးတယ်။ အဲဒီတုန်းက ရွာတရွာနဲ့တရွာ အကူးအသန်းသွားတော့ ခေတ်ပျက်ကြီးထဲမို့ စကားဝှက် ပြောကြရသတဲ့။ ရွာတရွာကိုဖြတ်တဲ့အခါ ကင်းသမားက “သခင်မျိုးဟေ့” လို့အော်လိုက်တော့ ငဘက ဘာပြောရမှန်းမသိချိန်၊ အတူပါလာတဲ့ ကုလားလေးက အာသွက်လျှာသွက် “တို့ဗမာ” လို့ အော်လိုက်တာလေး ပြန်ပြောပြရင်း ခေတ်အဆက်ဆက်မှာ ယုံကြည်ချက်တူသူတွေ ဘာသာလူမျိုးမတူလည်း လက်တွဲကြတာကို ပြောလိုတာထင်ပါ ရဲ့။ ကျော်ကြီးရဲ့ တော်လှန်ရေးနာမည်က သူ့ ဆိတ်ကျောင်းဖော်နာမည် ငမဲဖြစ်လာသလို မောင်တို့ သူငယ်ချင်းတွေမှာလည်း ငဘကို အစွဲပြုပြီး ငဟိန်းတို့၊ ငပွေးတို့ ဖြစ်လာတော့တယ်။ ဒီတော့ လည်း မြွေပွေး (ခေါ်) ငပွေးက ညိုတို့ရွာရဲ့ အထင်ကရ နာမည်ကျော် တော်လှန်ရေး ခေါင်းဆောင်တယောက် ဖြစ်လာတော့တာပဲ။
ငဘကိုစွဲတဲ့ ဒေါ်လေးကြည် ပြောလေ့ရှိတာက …
“အရင်က တော်လှန်ရေးသမားတွေက လူမျိုးခြားကို တော်လှန်ကြ သတ်ကြ ဖြတ်ကြနဲ့၊ အခုများ ကိုယ့်လူမျိူးအချင်းချင်းကို မတရား နှိပ်စက် သတ်ဖြတ်ရက်စက်လို့ ရရာလက်နက်နဲ့ ပြန်ခုခံရ၊ ပြန်တိုက်ရ၊ ပြန်သတ်ရနဲ့ ကောင်းကြသေးရဲ့လား” တဲ့လေ။ ဒါပေမဲ့ မတရားမူကို ငြိမ်ခံနေရင် လူမျိုးတုံးရုံတင်မက အာဏာရှင်မျိုး သက်တမ်းဆက်ရှည်မှာ စိုးရတာမို့ တော်လှန်ရေးအတွက်တော့ ဒေါ်လေးကြည်က စိတ်ရောကိုယ်ပါ အားပေး ကူညီခဲ့တာ။ အခုပဲကြည့်လေ၊ မောင်နဲ့ ညို အဆက်အသွယ်မရလို့ အမရွှေကို မေးကြည့်တော့ အိမ်နဲ့လည်း မောင်က အဆက်အသွယ် မရှိဘူးတဲ့လေ။ ဒီတော့ ညို့အတွေးထဲ ပိုလို့ မောပြီးရင်း မောနေရတော့တာပေါ့။ ညို မမောဘဲ နေနိုင်ရိုးလား။ ဒီနီးနားက ရွာတွေမှာလည်း မသင်္ကာလို့ ဖမ်းခေါ်သွားရင် ငွေနဲ့ ပြန်ရွေးထုတ်ရလို့ လွတ်သူတွေရှိသလို ကံမကောင်းရင် ညကိုဖမ်း မနက် အလောင်းပြန်ပို့ခံရသူတွေလည်း ရှိတယ်။ ဒီကြားထဲ ရွာဘက်ကို စစ်ကြောင်းထိုး ဆင်းလာရင် ရွာသားတွေကို လူသားဒိုင်းလုပ် လမ်းပြခိုင်းပြီး မထင်ရင်မထင်သလို သတ်ပစ် အလောင်းဖျောက်ပစ်တာမျိုး ယုတ်မာရက်စက်မှုတွေက အမြဲမပြတ် ကြားနေရတာ။ ဘယ်အချိန် ဘယ်လိုသတင်းဆိုးမျိုးက ရင်ဝကို ဘယ်လိုပုံစံနဲ့ ဆောင့်ကန်ပစ်မလဲဆိုတာ မိုးလင်းမိုးချုပ် တထိတ်ထိတ်နဲ့ စိုးထိတ်နေရသူပါ။
ညိုတို့ရွာနဲ့ အနီးအနားရွာတွေကို အင်တာနက်မှာ မြင်ဖူးနေကျ သတင်းတွေအတိုင်း တခုခုကို မသင်္ကာလို့၊ ဒါမှမဟုတ် တော်လှန်ရေးတပ်တွေ မမှီခိုနိုင်အောင်လို့ မီးရှို့တာတွေမြင်တိုင်း ရွာကလူတွေလည်း ပြေးဖို့ အထုပ်ပြင်နေကြရပြီ။ ဘယ်မှာနေနေ လုံခြုံမူဆိုတာမရှိ။ အို … ညိုကတော့လေ ဒီတရားမဲ့လူသတ်သမားတွေ ကြီးစိုးနေသရွေ့ကတော့ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို လုံခြုံမူမရှိဘူးလို့ ထင်တာပါပဲ။ အခုပဲကြည့်၊ ငပွေးအဖမ်းခံရပြီး နောက်သုံးရက်လောက်ကြာတော့ အသံတွေက မျိုးစုံထွက်လာကြပြီ။ ငပွေးအတွက် စိတ်ပူ စိတ်မကောင်းကြတဲ့ကြားက တချို့ တကိုယ်ကောင်းသမား ရွာသားတချို့က “ငပွေးမိသွားလို့သာ တော်သေးတယ်၊ မဟုတ်ရင် ငပွေးကို ရှာမရတဲ့အမှုနဲ့ တရွာလုံး မီးရှို့ခံရရင်ခက်မယ်” ဆိုတာမျိုးလည်း ရှိသေး။ “ငပွေးကို မိသွားတော့ ဒင်းတို့ မီးတိုက်တာမခံရတော့ဘူး” ဆိုတာမျိုး ယုတ္တိမဲ့ ဦးနှောက်မဲ့ အတွေးတိမ်သူတွေလည်း ညိုတို့ရွာမှာ မနည်းမနောရှိတယ်။ ဒီကြားထဲ ရွာမှာ ဒလန်တော့ မရှိလောက်ဘူးလို့ ယုံကြည်ထားလျက်က မနက်က ရွာထဲမှာ လူတွေ တိုးတိုးတိတ်တိတ်ပြောတာ နားစွန်နားဖျား ကြားမိတော့ ငပွေး အဖမ်းခံရတာ ရွာက ဒလန်ကြောင့်တဲ့။ ဒလန်ဆိုတာကလည်း ဖြူသလားမည်းသလား မသိတော့ ကိုယ့်ရွာသားအချင်းချင်း သစ္စာဖောက်ရက်တဲ့ ငမိုက်သားတွေကို စိတ်ကူးနဲ့ အကြိမ်ကြိမ်သတ်၊ လက်တုံ့ပြန်နေမိတယ်။ တဘက်ကလည်း ဒီဒလန်ကောင်တွေ ထပ်မွှေရင် နောက်ထပ် ကိုယ့်လူတွေ ဘယ်လိုအန္တရာယ်ဆိုး တွေနဲ့ ကြုံကြရဦးမလဲ ဆိုတဲ့အတွေးနဲ့ ညို ရတက်မအေး ဖြစ်နေရတယ်။
ဒီလိုနဲ့ မောင်နဲ့ပတ်သက်တဲ့ စိုးရိမ်စိတ်တွေ ကြီးစိုးပြီး ညိုတယောက် စိတ်ပန်းလူပန်းနဲ့ အတော်လေး ပိန်ချုံးသွားပေမယ့် ဒေါ်လေးကြည်ကတော့ အပူအပင်မရှိ အရင်လို အေးအေးလူလူ သွားမြဲစားမြဲပါပဲ။ တော်လှန်ရေး စလုပ်ကတည်းက မောင်ကလည်း သူ့အိမ်မှာ သိပ်မနေတော့ဘဲ ငပွေးတို့နဲ့အတူနေပြီး မစ်ရှင်တွေ ပွဲစဥ်တွေ ကြိတ်ဆွဲကြ ပုန်းလျှိုးကွယ်လျှိုးလှုပ်ရှားရင်း အချိန်တွေကုန်ပြီး ဒေါ်လေးကြည် အိမ်အရိပ်တောင် မောင် မနင်းတာကြာမို့ သားအမိတွေလည်း တော်လှန်ရေးဂယက်နဲ့ မေတ္တာတွေ သံယောဇဉ်တွေတောင် လျော့ပါးကုန်ပြီလားလို့ ညို တခါတရံ ထူးထူးဆန်းဆန်း တွေးမိပါသေးတယ်။ ဒါပေမဲ့ မောင့်အမ မရွှေကတော့ ပြောပါတယ်။
“သားလေးတယောက်တည်းရှိတာ မပူဘဲနေမလား ညိုရဲ့၊ ညည အမေဘုရားဝတ်ပြုရင် တော်တော်နဲ့ကို မပြီးဘူး၊ ဩကာသကနေ ကြေးစည်ထုလိုက်ပြီဆို နားစွင့်ကြည့်၊ တော်တော်နဲ့ အမျှသံမလာဘူး၊ သူ့သားအတွက် တတွတ်တွတ်နဲ့ ဆုတောင်းမပြီးနိုင်တာရယ်” တဲ့။ ဟုတ်မှာ။ မောင်တို့အိမ်ကြီးက အကြီးကြီးရယ်၊ ရေနံချေးသုတ် နှစ်ထပ်ပျဉ်ထောင်အိမ်ကြီး။ အဲဒီအိမ်ကြီးရှေ့က ကွတ်ပျစ်မှာ ဒေါ်လေးကြည်က ကွမ်းစားပြီး လမ်းကလူတွေကို နှုတ်ဆက်လှမ်းခေါ် စကားပြောတတ်တယ်။ နိုင်ငံရေးသတင်းရော အတင်းရော သိပ် လျှို့လျှို့ဝှက်ဝှက် တိုးတိုးတိတ်တိတ် ပြောတတ်သူမဟုတ်တော့ သူ့ဝသီအတိုင်း အော်ကြီးဟစ်ကျယ်ပဲ။ အခုတော့ မောင်နဲ့ အဆက်အသွယ်မရချိန် ဒေါ်လေးကြည်ကိုလည်း မောင့်အကြောင်း သွားမမေးရဲသလို အားပေးစကားလည်း သွားမပြောရဲဘူး။ ဒီလိုနဲ့ ညို့စိတ်တွေ စိုးရိမ်သောကထဲ နေ့လည်ဝဲလည်ရှုပ်ထွေးပြီး စိတ်မောလူမော ဖြစ်နေပါတော့တယ်။ ဒါပေမဲ့ …
(၃)
“မမညို … မရွှေခေါ်ခိုင်းလို့”
မောင်တို့အိမ်ရဲ့ ကူဖော်လောင်ဖက်၊ ဆွေမျိုးနီးစပ် ကလေးမလေး ရုတ်တရက် ရောက်လာတော့ ညို အိမ်တိုင်မီပြီး ခြေပစ်လက်ပစ် အတွေးလွန်နေရာက ရင်ထဲမှာ ဒိန်းကနဲဖြစ်သွားပြီး ထရပ်လိုက်မိတယ်။ ထဘီပြင် ဝတ်၊ ခေါင်းလေးသပ်ရင်းနဲ့ “ဘာကိစ္စတဲ့လဲ ညီမလို့” မေးတော့ ကောင်မလေးက ခေါင်းခါပြတယ်။ နဂိုကလည်း မီးဖိုချောင်နဲ့တီဗီရှေ့မှာပဲ အချိန်ကုန်တတ်သူမို့ သူ့ကို ဘာမှထပ်မမေးတော့ဘဲ အတွေးတွေ သောကတွေ တလှေကြီးနဲ့ မောင့်အိမ်ဘက် သုတ်သုတ်လိုက်လာတော့ လှေကားရင်းမှာ ရပ်စောင့်နေတဲ့ မမရွှေကို တွေ့လိုက်တာနဲ့တပြိုင်နက် သမီးယောင်းမတွေရဲ့ အပြန်အလှန်အကြည့်နဲ့ ဘာစကားမှ ပြောဖို့မလိုလောက်အောင် ဖျပ်ခနဲခုန်သွားတဲ့ ညို့ရင်ခုန်သံ စည်းချက်နဲ့အတူ မမရွှေက ခေါင်းတချက်ညိတ်တယ်။ ပြီးတော့ ညို့လက်ကလေးကို ကိုင်ပြီးတော့ နှစ်ကိုယ်ကြား ခပ်တိုးတိုးပြောတယ်။
“အငယ်ကောင် ရောက်နေတယ် ညို” တဲ့။
ဘယ်လိုကဘယ်လို ညို အပေါ်ထပ်ကို ရောက်သွားလဲမသိဘူး။ အပေါ်ထပ်အိပ်ခန်းရဲ့ ပြတင်းပေါက်အကွယ်နားမှာ မတ်တပ်ရပ်နေတဲ့ မောင့်ကိုမြင်ချိန် ညို ပြေးဖက်လိုက်တယ်။ တယောက်နဲ့တယောက် ဘာစကားမှ မဆိုမိ၊ မောင့် ညှင်းသိုးသိုးချွေးနံ့ကို အငမ်းမရရူရှိုက်ရင်း ပိန်ညှောင်နေတဲ့ ခန္ဓာကိုယ်လေးကို ပေါက်ထွက်မတတ်ဖက်ရင်း မောင့်ရင်ခွင်ထဲ မျက်ရည်ကျမိတယ်။ ပြီးတော့ ပါးချောင်ကျနေတဲ့ မောင့်မျက်နှာကို ကြည့်ရင်း …
“မောင် ဘယ်တွေရောက်နေတာလဲ၊ ဘေးကင်းရဲ့လား၊ အဆင်ပြေရဲ့လား မောင်ရယ် … ညိုလေ. .. စိတ်ပူလို့ သေရပါတော့မယ်”
ညိုပြောချင်တာတွေပြောချိန် မောင်က ညို့ပုခုံးလေးနှစ်ဘက်ကိုကိုင်ရင်း ညို့မျက်ဝန်းတွေကို သေချာကြည့်ရင်း ပြောတယ်။
“မောင် လုံခြုံရာမှာရှိတယ် ညို၊ ဘယ်မှာဆိုတာ ညို့ကိုလည်း ပေးသိလို့မရဘူး၊ မောင်တို့ အဆင်ပြေအောင် နေနေပါတယ်၊ အခု ရွာအခြေအနေက အရင်လောက် စိတ်မချရဘူး၊ ပြီးတော့ သူတို့ဘက်က ရွာကိုငြိုးပြီး အပြစ်မဲ့သူတွေကိုပါ ရန်ရှာနှိပ်စက်မှာ မောင်တို့ စိုးရိမ်နေရတယ်”
“ဒါဆို ဘယ်လိုလုပ်ကြမလဲမောင်”
“မောင်တို့မှာ အစီအစဉ်တွေရှိတယ်၊ ညို မောင်နဲ့ ဘာအဆက်အသွယ်မှ မရသလိုဘဲနေ၊ ကြားလား၊ အရေးထဲမှ အမေကလည်း ဘယ်သွားနေမှန်းမသိဘူး၊ ခက်တာပဲ”
မောင့်စကားပင် မဆုံးသေး၊ အောက်ထပ်ကနေ ဒေါ်လေးကြည်ရဲ့အသံ ခပ်စွာစွာ ထွက်လာပါတယ်။
“ဟယ်လို … ဟယ်လို ကြားလား … ငါက အခုပဲအိမ်ရောက်တယ် … ဘာတုန်း … ဘယ်လို၊ ဘယ်ကကောင်တွေလဲ။ ငါတို့လမ်းထိပ်ရောက်နေပြီဟုတ်လား … လွှတ်လိုက် … လွှတ်လိုက် … ငါ အိမ်မှာရှိတယ်၊ အောင်မလေး … အာဂ ကျက်သရေတုံးကောင်တွေ၊ ဒါပဲ”
“ရွာကအုပ်ကြီးဆီ ဟိုသေချင်းဆိုးတွေ ရောက်လာပြီး ငဟိန်းကို လာရှာမလို့ ငါ့အိမ်ကို လိုက်ပြခိုင်းသတဲ့၊ အောင်မလေးဟဲ့၊ လွှတ်လိုက်လို့၊ လာရှာစမ်းပါလို့ ပြောလိုက်တယ်၊ ဟိုကောင် ဘယ်ကမ္ဘာရောက်လို့ ရောက်နေမှန်းမသိ။ လာရှာချင်လို့တဲ့၊ လာရှာကြဟေ့။ ကြိုက်တဲ့သူလာရှာကြ”
ဒေါ်လေးကြည် ဘယ်သူ့ကို လှမ်းပြောမှန်းမသိပေမယ့် မီးဖိုထဲရောက်နေပုံရတဲ့ မမရွှေတော့ ဟုတ်ပုံမပေါ်ဘူး။ ဒါပေမဲ့ ဒေါ်လေးကြည်စကားအဆုံး ညိုတို့နှစ်ယောက် တယောက်မျက်နှာ တယောက်ကြည့်ရင်း ဆောက်တည်ရာမရ ဖြစ်သွားတယ်။ သွေးပူတတ်တဲ့ညိုက ဘာလုပ်ရမှန်းမသိ ခြေမကိုင်မိလက်မကိုင် မိ ဖြစ်နေချိန်မှာဘဲ မောင်က ညို့နှုတ်ခမ်းကို ရှူးဆိုပိတ်ပြီး ညို့လက်ကိုဆွဲလို့ အိပ်ခန်းထဲက ကုတင်ပေါ်ကိုကျော်ပြီး ကုတင်ဘေးက ဝါးလုံးတန်း လုံခြည် တွေ လှမ်းထားတဲ့အောက် လူတကိုယ်စာစီ လွတ်နေတဲ့နေရာကိုဝင်ပြီး အဲဒီမှာ ကပ်ကပ်သတ်သတ် ကုတင်အောက်ကို ခေါင်းလျှိုပစ်လှဲပြီး အတူပုန်းခိုနေကြတယ်။
အဲဒီအချိန်မှာ ခြံထဲကို လူတသိုက် လက်နှိပ်ဓာတ်မီးတွေ တဝင်းဝင်းနဲ့ ဝင်လာကြသံကို ရုတ်တရက် ကြားလိုက်ရတယ်။ ဟိုထိုးဒီထိုး လက်နှိပ်ဓာတ်မီးအရောင်ရယ်၊ ဘက်ထရီမီးချောင်းတွေကနေ ဖျပ်ခနဲ ရောက်ရောက်လာတဲ့ အလင်းတွေရယ်က အိမ်ခေါင်မိုးအတွင်းဘက်ဆီ ဖြာခနဲ ဖြာခနဲ လင်းလက်လာတော့ ညိုတို့နှစ်ယောက် အသက်တောင်မရှူရဲဘဲ ငြိမ်သက်တိတ်ဆိတ်ကြရတယ်။
“ဒေါ်ကြည် ခင်ဗျားသား ငဟိန်းကို လာရှာတာ သူ အခုဘယ်မှာလဲ”
“ကျမ ဘယ်သိမလဲ၊ သူ လူပျိုဖြစ်ကတည်းက အိမ်ကပ်တဲ့အကောင်မဟုတ်လို့ အခုဆို အိမ်ပြန်မလာတာ ကြာလှပြီ၊ ကျမကလည်း သိချင်နေတာ သူဘယ်မှာလဲဆိုတာ”
ရောက်လာသူတွေအချင်းချင်း ခပ်တိုးတိုး ပြောဆိုသံတွေကိုလည်း ကြားနေရတယ်။ တယောက်ကတော့ စိတ်မရှည်ပုံနဲ့ …
“အပိုတွေ ပြောမနေနဲ့ဗျာ၊ ခင်ဗျားတို့ သားအမိတွေတော့ အဆက်အသွယ်ရှိမှာပဲ၊ ခင်ဗျား လာလိမ်မနေနဲ့”
“ကျမ လိမ်တတ်လား မလိမ်တတ်လား တရွာလုံးမေးကြည့်၊ ရှင်တို့ ကျမ ရှည်ရှည်ဝေးဝေး မပြောချင်ဘူး၊ ရှင်တို့မယုံရင် ကျမအိမ်ပေါ် တက်ရှာ၊ တအိမ်လုံး တခြံလုံး စိတ်တိုင်းကျသာရှာပါရှင်၊ စိတ်ရှုပ်တယ်၊ တကတည်း အပိုတွေ ပြောမနေချင်ဘူး”
ဒေါ်လေးကြည်စကားအဆုံး ညို ပါးစပ်အဟောင်းသားဖြစ်သွားပြီး လှုပ်ခတ်သွားပေမယ့် မောင်ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ညို့ကို အသံတိတ်နေဖို့ လက်ဖဝါးချင်းဆုတ်ပြီး အချက်ပြတယ်။ အောက်ကလူတွေအချင်းချင်း တီးတိုးပြောရင်း လက်နှိပ်ဓာတ်မီးရောင်တွေက တခြံလုံး ဝေ့ဝိုက်နေသလို အပေါ်ထပ် မျက်နှာကျက်အထိလည်း အလင်းလာလာဟပ်တယ်။
“ကျနော် အပေါ်ထပ် တက်ကြည့်လိုက်မယ် … ဆရာ”
“အေး … တက်ကြည့်လိုက်”
တုန်လှုပ်စရာ ဟိန်းထွက်လာတဲ့ အသံတွေနဲ့အတူ ဒေါ်လေးကြည်အသံကို နောက်ဆက်တွဲ ကြားရတယ်။
“တက်ကြည့်၊ တက်ကြည့်၊ ဒီကောင့်ကို တွေ့အောင်ရှာ၊ ကျုပ်လည်း အမေ့ကို လှည့်မကြည့်ဘဲ သွားချင်ရာ သွား၊ လုပ်ချင်ရာလုပ်တဲ့ကောင် တွေ့ချင်နေတာ၊ သူ့ကို တွေ့အောင်ရှာပေးရင် ကျမကတောင် ကျေးဇူးတင်မှာ”
သားမရှိဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ ခပ်ရွဲ့ရွဲ့ပြောနေတဲ့ ဒေါ်လေးကြည်ရဲ့စကားက ညို့ရင့်ကို တဒိန်းဒိန်း ခုန်သွားစေတယ်။ ကံကြမ္မာကတော့ ထွက်ပေါက်မဲ့ အဆုံးစွန်ဆီ တွန်းပို့နေပြီ။ အပေါ်ထပ်မှာ နေရာအနှံ့ရှာလို့ကတော့ ညိုတို့နှစ်ယောက် ဘယ်လိုမှ မလွတ်နိုင်။ မောင်နဲ့အတူ ညိုလည်း သူတို့လက်တွင်းကျဖို့ သေချာနေပြီ။
အို … တို့တတွေ အမှန်တရားအတွက် အသက်ပေး တိုက်ကြတာပဲ၊ ချစ်သူနဲ့အတူ သေအတူ ရှင်မကွာပေါ့။ သူတို့လက်ထဲ ညိုတို့ဘဝတွေဆုံးရရင် နောင် ဒီရွာဒီနယ်တကြောမှာ ညိုတို့ချစ်သူနှစ်ဦး တော်လှန်ရေးအတွက် အသက်ပေးခဲ့ကြရတယ်ဆိုတဲ့ ကမ္ဗည်းတင်ကျန်လိမ့်မယ်။ အဲဒီလိုအတွေးနဲ့ ညို့ရင်ခုန်သံတွေ အံ့သြလောက်စရာ ငြိမ်သက်စပြုချိန်မှာပဲ အိမ်ခန်းထဲကို ဝင်လာတဲ့ခြေသံကို ကြားလိုက်ရတယ်။ ရှာတဲ့လူက ကုတင်ဘေးစားပွဲပေါ်က ပစ္စည်းတွေကို ခဏကြည့်နေပုံရချိန်မှာ ဒုန်းကနဲအသံကြားလိုက်တော့ ညို အတော်လန့်သွားတယ်။ ကုတင်အောက်က သံသေတ္တာကို ကန်လိုက်တာ ဒါမှမဟုတ် ဘိနပ်နဲ့တိုက်မိတာ တခုခုဖြစ်မှာပါ။ အဲဒီသေတ္တာကိုသာ ဆွဲထုတ်ပြီး ဖယ်ကြည့်ပြီး သေတ္တာနောက်က ညိုတို့နှစ်ယောက်ကို တွေ့ရင်တော့ …
“ဟေ့ကောင်၊ ဆင်းခဲ့တော့၊ သွားမယ်၊ သူ့အမေက ဒီလောက်ပြောနေမှတော့ မရှိလို့ပေါ့၊ တို့စ ခန်းကို အရောက်ပြန်ရမှာ၊ မိုးသိပ်ချုပ်ရင် မကောင်းဘူး”
“ဟုတ်၊ ဗိုလ်လေး၊ ကျနော် ဆင်းလာပါပြီ”
ခပ်သွက်သွက်ခြေသံနဲ့အတူ သေမင်းက သူတို့နဲ့ဝေးရာ ပြေးထွက်သွားတော့တယ်။ မီးရောင်တွေနဲ့အတူ အဲဒီလူစု အိမ်ထဲကထွက်သွားပြီး မကြာမီ မောင်က ညို့နဖူးကို ဖွဖွကလေးနမ်းပြီး “မောင် သွားတော့မယ်” လို့ ဆိုတော့ အံ့သြပြီး အမေ့ကိုတော့ တွေ့သွားဦးလေလို့ ညို ပြောမိပါတယ်။
“အခုအချိန် အမေ့ကိုတွေ့ရင် အမေက အိမ်မှာ ခဏနေခိုင်းဦးမှာ၊ အခု ဒီကောင်တွေ ထွက်သွားစက အလုံခြုံဆုံးပဲ ညိုရဲ့၊ ရွာထဲမှာ ကိုယ်ရောက်နေတဲ့ သတင်းအစအနထပ်ရရင် သူတို့ အိမ်ကို ပြန်ရောက်လာနိုင်တယ်၊ အမေ့ကို ညိုပဲရှင်းပြလိုက်၊ ညိုလည်း ဂရုစိုက်နော်” ဆိုပြီး ဘေးပြတင်းပေါက်ကနေ တွယ်ဆင်းပြီး ခုန်ချ ထွက်ပြေးသွားတယ်။
လျှပ်တပြက် ထွက်ခွာသွားတဲ့ မောင့်ကို ညို ဖမ်းဆုတ်မမီလိုက်နိုင်ဘဲ ပြတင်းတံခါးဝက လှမ်းကြည့်တော့ အမှောင်ထဲမှာ အရိပ်လေးတခု ခြံအနောက်ဘက်ကနေ တရွေ့ရွေ့ ထွက်ခွာပျောက်ကွယ်သွားတာကို ညို မြင်လိုက်ရတယ်။ အဲဒီအရိပ်ကလေးရဲ့ မနက်ဖြန်က ဘာမှန်းမသိဘူး။ အရိပ်ကလေးရဲ့ မနက်ဖြန်က ညိုတို့အားလုံး၊ အမှန်တရားဘက်က လူတွေအားလုံးရဲ့ မနက်ဖြန်။ အဲဒီ မနက်ဖြန်တိုင်းမှာ မောင့်ရဲ့အရိပ်ကလေး ရှင်သန်နေဦးမယ်။ ရှင်သန်နေ ရမယ်လို့ ညို ဆုတောင်းမိတယ်။ ဆုတောင်းရင်းလည်း အဲဒီအရိပ်ကလေး ဟိုးအဝေး အစက်အပျောက်ကလေး ဖြစ်သည်အထိ ညိုတယောက် စိတ်ကူးပုံဖော် ငေးမောကြည့်နေမိတော့တယ်။
Be the first to comment