
‘အရှက်ကြီးသူ’

ဒီလိုပါပဲ ကိုယ်တို့ရဲ့ ဘာမှဖြစ်မလာမှုကို ဖမ်းဆုပ်ထားရတာပဲ
မျှော်လင့်ချက်တွေ သေမယ်
ငါး အကြီးကြီးတွေ မလိုပါဘူး
သီချင်းဟောင်း တစ်ပုဒ်လိုအပ်ခဲ့တာ
လက်ဖက်ရည်ကျစိမ့်နဲ့ ဆေးပေါ့လိပ် တစ်တို လိုအပ်ခဲ့တာပါ
ပိုက်ကွန်ကြဲကြီးနဲ့ ပစ်ချပြီး အဖမ်းခံရတော့
ရင်ဘက်ထဲ နင့်ခနဲနေအောင် လှိုက်ခနဲ
ဝမ်းနည်းပြီး လိုက်သွားရတာပါပဲ
ပြန်လာခဲ့မယ်
ဒါပေမဲ့ တစ်မြို့တည်း ဝေးနေကြရတဲ့သူတွေအဖြစ်ပေါ့ကွယ်
တစ်ယောက်က အမှောင်ခန်းထဲမှာ
တစ်ယောက်က လူအပြည့် တင်ဆောင်သွားတဲ့
မိုးကာစိမ်းပေါ်က ကားတစ်စင်းပေါ်မှာ
ချစ်လားလို့ အော်မေးလိုက်စမ်းကွာ
ရင်ကွဲခံပြီး ပြန်ထူးပါ့မယ်
လွင့်ကြွေသွားတဲ့ သစ်ရွက်တွေ ဖျက်ဖျက်လူးလို့ပေါ့
တစ်ရက်ချင်း အသက်ရှင်မိတယ်
နေ့တစ်ပိုင်းလောက် ပြုံးမိတယ်
ပြန်လွှတ်ပေးလိုက်တော့ အသက်ပါမလာတော့ဘူးတဲ့
ရယ်လိုက်ရတာ အချစ်ရယ်
ဒီလေးနှစ်တာကာလလုံး မှတ်ဉာဏ်တွေကို
ဘယ်ညာမှတ်စိပ်နဲ့ ဖျောက်ပစ်မိခဲ့ပေါ့
အပျော်တွေဟာ မကူးစက်နိုင်တဲ့ တစ်နယ်မြေဆီ
နားတွေ အူနေတယ် ယင်မဲတွေ ဝဲနေတယ်
သေနတ်ပစ်သံတွေချည်း ကြားမိနေတယ်
ရက်စက်မှုတွေ လူမဆန်မှုတွေ မလုပ်နိုင်တော့
ကဗျာတွေပဲ ရေးမိတယ်
ခွင့်လွှတ်ပါ
လူသတ်ရမှာ ရှက်တယ်ကွယ်။
Be the first to comment