
‘အလှူအိမ်လား’

သူ့နာမည်က ဒေါ်လုံးတဲ့။ ကျနော်တို့က အမေကြီးလုံးလို့ခေါ်တယ်။ အမေ့ညီမတဦးပေါ့။ အမေကြီးလုံး သင်ပေးထားတဲ့ စည်းကမ်းတခုရှိတယ်။ သင်ပေးထားတယ်ဆိုပေမယ့် ဒါက ဒီလို ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရဆိုပြီး နှုတ်တိုက်သင်ပေးတာမျိုးတော့ မဟုတ်ဘူးဗျ။ စကားပြောရင်း ချီးမွမ်းရင်းနဲ့ အမေကြီးလုံးပြောတဲ့စကားကို အတည်ဖြစ်အောင် လိုက်နာကျင့်သုံးရင်းက ဖြစ်တည်ခဲ့တဲ့ စည်းကမ်းလေးတခု အကျင့်လေးတခု ဆိုပါတော့။
အဲဒါက ဘာလဲဆိုရင် ထမင်းဝိုင်းမှာ ဟင်းစားတဲ့အခါ အလိုလောဘမကြီးဘဲ စည်းနဲ့ကမ်းနဲ့ စားတတ်စေတာပါပဲ။ အဲဒီစည်းကမ်းလေး ဘယ်ကနေ အစပြုသလဲဆိုတော့ အိမ်မှာ အမေက အသားဟင်းချက်တဲ့အခါတိုင်း သားသမီးတွေကို ဘယ်တော့မှ ခွဲတမ်းနဲ့ မကျွေးပါဘူး။ ကျနော်တို့မိသားစုဟာ အဆင်ပြေလွန်းတဲ့ မိသားစုလည်း မဟုတ်သလို မပြေတဲ့မိသားစုလို့လည်း ပြောလို့မရပါဘူး။ အဖေက အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ရတဲ့သူဖြစ်တော့ ထမင်းစားတဲ့အခါတိုင်းလည်း ကောင်းကောင်းမွန်မွန် စားစေချင်တယ်။ ဒါကြောင့်လည်း အမေက နေ့တိုင်းလိုလို အသားဟင်းချက်လေ့ရှိတယ်။ ချက်တိုင်းလည်း အပိုအလျှံပါပဲ။
အဆင်ပြေတာ မပြေတာထက် မိသားစုကို ဝဝလင်လင်စားစေချင်တဲ့ အမေ့စေတနာပဲ ဖြစ်ပါတယ်။ ထမင်းစားခါနီးတိုင်း အမေပြောနေကျ စကားလေးက “ဟင်းအိုးထဲမှာရှိတယ် ကိုယ်တိုင်ထည့်စား ရှေ့လူနောက်လူလည်း ကြည့်စား“ ဆိုတာပါပဲ။ ဒါပေမယ့် ကလေးဆိုတဲ့အတိုင်း အကောင်းဆို ပိုလိုချင် တာ သဘာဝပဲမလား။ အမေမှာတဲ့စကားကို နားထောင်ပြီး အသားဟင်းချက်တိုင်း ပန်းကန်ထဲက ထမင်းပေါ်မှာ တတုံးနှစ်တုံးထက် ပိုမယူဖြစ်ခဲ့ဘူး မထင်ပါနဲ့။ အမေ့အမြင်မှာတော့ တတုံးနှစ်တုံးပေမယ့် ထမင်းအောက်မှာ ဖုံးဝှက်ထားတဲ့ ဟင်းတုံးတွေကတော့ အမေလည်းမမြင် ကျနော်လည်းဝှက်နဲ့ မီးဖိုချောင်ထဲက ပြန်ထွက်လာတိုင်း ရင်တဒိတ်ဒိတ်ပါပဲ။
ကျနော်တို့ နေ့လည်ထမင်းစား ပြန်ရောက်ချိန်ဆို အမေ့ညီမဖြစ်သူ အမေကြီးလုံးကလည်း ခေါင်းပေါ်မှာ စျေးဗန်းကြီးတင်ပြီး အိမ်ကိုရောက်နေလေ့ ရှိပါတယ်။ ကျနော်တို့ရဲ့ ထမင်းပန်းကန်ကို လာကြည့်ပြီး ဟင်းကနှ စ်တုံးပဲလား တတုံးပဲလား စသဖြင့် ပြောလေ့ရှိပါတယ်။ တခြားသဘောနဲ့ ပြောတာမျိုးမဟုတ် ဘဲ ဟင်းစားမကြီးတာ ထမင်းစားတဲ့အခါ အလိုလောဘမကြီးဘဲ လောက်ငှအောင် စားတတ်တာကို သဘောကျပြီး ပြောတာမျိုးပဲဖြစ်ပါတယ်။ အဲဒီလိုကြည့်ပြီးတိုင်းလည်း အမေကြီးလုံးက အမြဲချီးကျူးပါတယ်။ “မမသန်းမြင့်ကလေးတွေက တော်တယ်၊ စည်းကမ်းရှိတယ်၊ အမေမိဘ ထည့်ပေး ခပ်ပေးစရာမလိုဘူး၊ ကိုယ့်စည်းစနစ်နဲ့ကိုယ် စားတတ်တယ်၊ လိမ္မာတယ်၊ ချေးမများဘူး” ဆိုပြီး စျေးဗန်းကြီးရွက်ကာ ပြန်ထွက်သွားတတ်လေ့ရှိပါတယ်။ အဲဒီအချိန်မှသာ ထမင်းအောက် ဖုံးဝှက်ထားတဲ့ အသားတုံးခမျာ ကျနော်နဲ့အတူ အသက်ရှူချောင်ရတော့တာပါပဲ။ အဲဒီအရွယ်တုန်းကတော့ အမေကြီးလုံးပြောသမျှကို မသိနားမလည်ခဲ့ ဖာသိဖာသာပဲ နေခဲ့တာချည်းဆိုပါတော့။
တနေ့ကျတော့ ကျောင်းပိတ်ရက် မနက်အစောကြီး အမေကြီးလုံး အိမ်ရောက်လာတယ်။ အကြောင်းကိစ္စကတော့ ကျနော်တို့ရပ်ကွက်ရဲ့ တောင်ပိုင်းမှာ အိမ်တက်အလှူတခု သွားဖို့ပဲဖြစ်ပါတယ်။ “အမေကြီးလုံးတယောက်တည်းမလို့ ငါ့တူလိုက်ခဲ့” တဲ့။ ပျော်တာပေါ့။ ကလေးဆိုတော့ အဲဒီလို သွားရလာရတာကို သဘောကျတာလေ။ အလှူဆိုတော့လည်း အစားသောက်က အလျှံပယ်ပဲမလား။ ဒီလိုနဲ့ အလှူအိမ်ရောက်တော့ ထမင်းနဲ့ အသားဟင်းနှစ်မျိုးလောက် ကျွေးပါတယ်။ အလှူထမင်းဝိုင်းရှေ့ရောက်တော့ တခြား ဧည့်သည်လူကြီးတွေလည်း ရှိနေတာနဲ့ ရှိန်ပြီး ဘာထည့်စားလို့ စားရမှန်းမသိဘူး။ အမေကြီးလုံးက ငါ့တူ ထည့်စားလေဆိုပြီး သူကိုယ်တိုင် ဟင်းထည့်ပေးတယ်။ အလှူရှင်က ဧည့်ခံစကားပြောပြီး “လုံးလုံး ကလေးကို ဟင်းတွေထည့်ပေးပါ၊ စားနော် အားမနာနဲ့” ဆိုပြီးပြောလာတော့ လုံးလုံးကပြောတယ်။ “ရတယ် ရတယ် ဒါ မမသန်းမြင့်သားလေ၊ အိမ်မှာလည်း သူတို့အမေက ထည့်ပေး ခူးပေးစရာမလိုဘူး၊ တတုံးဆို တတုံး နှစ်တုံးဆို နှစ်တုံးပဲ၊ ထမင်းစား ဟင်းစား သိပ်စည်းကမ်းရှိတာ” ဆိုပြီး သူများတွေရှေ့မှာပါ ချီးကျူးပါတော့တယ်။
တဖြည်းဖြည်းနဲ့ အချိန်တွေကုန် အရွယ်ရောက်လာခါမှ အမေကြီးလုံးရဲ့ချီးကျူးမှုက ကိုယ်နဲ့မထိုက်တန်ဘူးဆိုတာ နားလည်လာခဲ့တယ်။ အဲဒီလို နားလည်ချိန်ကစလို့ ကုန်နိုင်ရုံသာစားတယ် တဝမ်းဝရုံသာထည့်တယ်။ ဟင်းတွေအများကြီး ရှိနေလည်း စားချင်သလောက် စားလို့ရနေလည်း သိပ်မစားဖြစ်တော့ဘူး။ အစားအသောက်ကို အငမ်းမရ အလွန်အကျွံစားခြင်းဟာ ဘေးလူတွေအမြင်မှာလည်း ကြည့်ရ အဆင်မပြေပါဘူး။ အစားအသောက်စားတဲ့နေရာမှာ စည်းကမ်းတကျ စားဖို့လိုတယ်ဆိုတာ အသက်ကြီးလာမှ ပိုနားလည်လာခဲ့ပါတယ်။
အစားကျူးတာနဲ့ပတ်သက်ပြီး အဖြစ်အပျက်ကလေးတခု ကြုံခဲ့ဖူးပါတယ်။ ရန်ကုန်မြို့က ဟိုတယ်တခုမှာ အခမ်းအနားတခု ဖိတ်တာကြောင့် ကျနော်နဲ့သူငယ်ချင်းတစု ရောက်ဖြစ်ခဲ့ကြပါတယ်။ ဧည့်ခံကျွေးမွေးတဲ့ အစားအသောက်တွေကလည်း အကောင်းတွေချည်းပါပဲ။ ဘူဖေးစနစ်လည်းဖြစ်တော့ စိတ်ကြိုက် သုံးဆောင်ခွင့်ရတယ်။ ကျနော်တို့လည်း တယောက်စာ ကုန်နိုင်ရုံပမာဏလောက်သာ ပန်းကန်ထဲထည့်ကြပြီး ကိုယ့်စားပွဲဝိုင်းလေးမှာကိုယ် ထိုင်စားကြတဲ့အခိုက် ဘေးဝိုင်းကနေ “ဝို့ … ဝေါ” ဆိုပြီး ဝေါခနဲ အန်ထွက်တဲ့အသံကို ကြားလိုက်ပါလေရော။ ဒါနဲ့ အသံလာရာဆီ ဝှေ့ခနဲ လှည့်ကြည့်မိတဲ့အချိန် အန်နေတဲ့ လူရွယ်တဦးရယ်၊ ပန်းကန်ထဲမှာ စားမကုန်လောက်တဲ့ ပမာဏကို အလျှံပယ်ပယ် ထည့်ထားတာ တွေ့ရပါတယ်။ မြင်တဲ့သူတိုင်းကလည်း နှာခေါင်းရှူံ့သွားကြတာကို ဘေးကနေ ကျနော်လည်း ခံစားမိပါတယ်။
ဒီလိုနဲ့ ရာသီတွေလည်း အလီလီရွေ့ အသက်အရွယ်တွေလည်း ကြီးလာတာနဲ့အမျှ အတွေ့ကြုံတွေ ဖြတ်သန်းမှုတွေ အများကြီးကြားမှာ အဖြစ်အပျက်တွေ သင်ခန်းစာတွေဆိုတာကလည်း တပုံတပင်ကြီးပါပဲ။ မလွတ်လပ်မှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ အာဏာရှင်စနစ်ကို ဒီနိုင်ငံကနေ ကွယ်ပျောက်သွားစေချင် ကြတာဟာ ပြည်သူတွေရဲ့ အကြီးမားဆုံးဆန္ ဒဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း တော်လှန်ရေးအောင်ဖို့အတွက် ကြွယ်ဝချမ်းသာလွန်းသူတွေကစလို့ ဟိုးအောက်ခြေက အခြေခံလူတန်းစားကပါမကျန် တော်လှန်ရေးကြီးအတွက် ဝိုင်းဝန်းကူညီ ထောက်ပံ့နေကြတာ ဒီကနေ့အထိပါပဲ။ တော်လှန်ရေး လေးနှစ် ကျော် သက်တမ်းကာလမှာ ပြိုကွဲမှုတွေ အလွဲသုံးစားလုပ်မှုတွေကိုလည်း အများကြီး မြင်ခဲ့ကြ ကြုံခဲ့ကြပြီးပါပြီ။ တော်လှန်ရေးသမားတွေရဲ့ လက်ထဲက ငွေကြေးတွေဟာ အာဏာရှင်စနစ်အပေါ် ပြည်သူတွေရဲ့ နိုင်လိုစိတ်တွေပါ။ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေပါ။ ပြည်သူတွေရဲ့ စိတ်ခွန်အားတွေပါ။ ဒါတွေကို တော်လှန်ရေးသမားတွေရဲ့လက်ထဲ ယုံယုံကြည်ကြည် ထည့်ပေးခဲ့တာဟာလည်း အလဟဿဖြစ်စေဖို့ ကိုယ်ကျိုးအတ္တအတွက် သုံးစွဲစေဖို့မဟုတ်တာ အားလုံးသိကြ နားလည်ကြပြီးသားပဲ ဖြစ်မှာပါ။
ပထမတခါရေးခဲ့ဖူးတဲ့ “နွယ်” ဆိုတဲ့ဆောင်းပါးမှာ “တော်လှန်ရေးဟာ အိမ်မှာရှိတဲ့ သေတ္တာထဲက အမေ့ပိုက်ဆံအိတ်လိုပါပဲ” လို့ အဓိပ္ပာယ်ဖွင့်ခဲ့ပါတယ်။ အခုလည်း တော်လှန်ရေးကို နောက်ထပ်တကြိမ် အဓိပ္ပာယ် ဖွင့်ချင်ပါသေးတယ်။ အဲဒါကတော့ “တော်လှန်ရေးဟာ အလှူအိမ်မဟုတ်ပါဘူး“။ တော်လှန် ရေးထဲက ငွေကြေးတွေဟာ အလှူအိမ်က ဟင်းပွဲတွေ မဟုတ်ပါဘူး။ ကိုယ့်တကိုယ်စာ အတ္တနဲ့ အကျိုးဆန္ဒအတွက်၊ ကိုယ့်ဝမ်းပြည့်ဖို့အတွက် စိတ်ကြိုက် ခူးခပ်စားလို့ မရပါဘူး။ လူဝမ်းတထွာနဲ့ ခံတွင်း လက်လေးသစ်ကို ထိန်းချင်ထိန်းနိုင်ပေမယ့် လူတွေရဲ့ လောဘနဲ့ဆန္ဒကတော့ အတောမသတ်နိုင်အောင် များပြားလွန်းပါတယ်။ ထိန်းချုပ်နိုင်ဖို့ ခက်ပါတယ်။ တော်လှန်ရေးဟာ အလှူအိမ်မဟုတ်တာကို ကျနော်တို့ သတိချပ်ကြဖို့ လိုပါလိမ့်မယ်။ အတ္တတွေကို ထိန်းချုပ်နိုင်ဖို့ အရေးကြီးပါတယ်။
၈:၃၁၊၂၈၂၂၅
Be the first to comment