အသက်ကယ်ကြေးလား လျော်ကြေးလား

by The Call
‘အသက်ကယ်ကြေးလား လျော်ကြေးလား’
■ စုသဲမွန်
တဲအပြင်မှာ သည်းကြီးမည်းကြီးရွာနေတဲ့ မိုးစက်ပွင့်တွေကို ထိုင်ငေးရင်း ဒေါ်ဖြူလုံး စိတ်ညစ်နေမိတယ်။ ဒီပုံအတိုင်းဆို ဒီမလုံ့တလုံ့တဲလေးမှာပဲ အိပ်ရတော့မလားမသိ။ သူ့အားကိုးပြီး လိုက်လာတဲ့ ဖောစေး မျက်နှာက ဇီးရွက်ထက်တောင်ငယ်နေပြီ။
ဒေါ်ဖြူလုံးလည်း အမြဲတလွဲလုပ်တတ်တဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ စိတ်တိုနေမိတော့တယ်။ မနက်က ဒေါ်ဖြူလုံးတို့ ကြက်ခြေရွာရဲ့တဖက်ကမ်း ထီးတော်စုမှာ မွေးလူနာရှိလို့ လာခဲ့တာ။ ကလေးမျက်နှာမြင်ပြီးတော့ ရွာကလူတွေက အိမ်အထိပြန်လိုက်ပို့မယ် ပြောကြသား။ ဒေါ်ဖြူလုံးက သူ့ဆွေမျိုးတွေရဲ့ အခင်းတွေထဲ လည်ပတ်ပြီး အသီးအနှံတွေ တနင့်တပိုးသယ်ချင်စိတ်က ကြီးစိုးနေတော့ ကိုယ့်ဖာသာပဲကမ်းကူးမယ်ဆိုပြီး ရွာသားအားလုံးကို ခပ်တည်တည်ပဲ ပြန်လွှတ်လိုက်တာ။ အခုတော့ ငါးပါးမက သံဃာစင်ပါမှောက်တယ်ဆိုတာမျိုး ဖြစ်နေပြီ။ လိုက်ပို့မယ်ဆိုတဲ့ ရွာကလူတွေကလည်း အခုအချိန်လောက်ဆို သူတို့အိမ်ပြန်ရောက်ကြလို့ အနားယူနေလောက်ပြီ။ ဒေါ်ဖြူလုံးနဲ့ ကရင်မလေး ဖောစေးပဲ လယ်စောင့်တဲလေးထဲမှာ မိုးအတိတ်ကိုစောင့်မျှော်ရင်း ချောင်းကို ကူးနိုင်ပါ့မလား ကူးရောကူးသင့်သလား ပူပန်နေရတာ။
အလာတုန်းက ငြိမ့်ညောင်းလှပ အိ‌န္ဒြေရတဲ့ ချောင်းကလေးဟာ အခုတော့ မိုးအုန်းအုန်းဒိုင်းဒိုင်းရွာရင် သူဖြစ်နေကျအတိုင်း ဒေါသတကြီး တွေ့ရာ ပစ္စည်း၊ တွေ့ရာသတ္တဝါကို ကို ဆွဲချခေါ်ဆောင်မယ့် ဟန်ပန်ဖြစ်နေပြီ။ အလာတုန်းက ဖြတ်ခဲ့တဲ့ရေက ခြေသလုံးလောက် ဒူးဆစ်နီးနီးလောက်မပိုပေမယ့် အခုက ခါးလည်လောက်ဖြစ်ကောင်းဖြစ်နေမှာ။ ဒီလိုပုံစံနဲ့တော့ လက်ထဲပါလာတဲ့ ဟင်းရွက်ဟင်းသီး တပုံတပင်ကိုဒီမှာပဲ ချန်ထားရတော့မယ်ထင်တယ်။ အို.. ဒီအသီးတွေ အရွက်တွေက အရေးမကြီး၊ အခု ဟိုဖက်ကမ်းကို ကူးသင့်ရဲ့လားက ပြန်စဥ်းစားရမှာ။ တကယ်တော့ လွန်ခဲ့တဲ့ နာရီဝက်လောက်က မြင်ခဲ့ရတဲ့မြင်ကွင်း ကို တွေးမိပြီး ဖောစေးနဲ့ ဒေါ်ဖြူလုံး အတော်လေး ကြောက်နေပြီလေ။
ပထမက အသီးအနှံတွေထည့်ထားတဲ့ တောင်းကိုပိုက်ပြီး ချောင်းကိုဖြတ်ဖို့ တူအရီး နှစ်ယောက် စဉ်းစားလာကြတာ။ ဒီရောက်တော့ ချောင်းရေကြီးနေတာတွေ့လို့ စိတ်ညစ်နေတုန်း မမျှော်လင့်ဘဲ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ဒေါဖြုလုံးတို့နှစ်ယောက် သက်ကယ် ခပ်အုပ်အုပ် ကျနေတဲ့ တဲအတွင်းထဲကို အတင်းကာရော ပြေးဝင် ပုန်းကွယ်လိုက်ပြီး အပြင်ဖက်ကို ချောင်းကြည့်လိုက်မိတယ်။
စစ်ယူနီဖောင်းနဲ့ လူတယောက် ချောင်းဘေးမှာ ကုန်းကုန်းကွကွနဲ့ ဘာရှာနေမှန်းမသိ နောက် ဒေါ်ဖြူလုံးတို့ရှိရာဖက်ကိုလှမ်းကြည့်ပြီး ပြုလိုက်တဲ့အပြုအမူကြောင့် သွေးက နားထင်တင်မက ငယ်ထိပ်ထိပါ တက်ဆောင့်ပြီး သက်ကယ်နံရံတွေကြားထဲ ဖောစေးလက်ကိုအတင်းဆွဲပြီး ပြေးပုန်း ဝင်လိုက်မိတာ၊ အဲ့ဒီလူက ဘာလုပ်တယ်ထင်လဲ။ မြက်ပင်တွေကြားကနေ ထွက်လာပြီး သူ့ဝတ်ထားတဲ့ ဘောင်းဘီကို အောက်အထိ ချွတ်၊ ဘေးမှာပုံထားပြီး တဖက်ကမ်းစပ်မှာ ဒေါ်ဖြူလုံးတို့ ရှိရာဖက်ကို လှမ်းကြည့်နေတယ်။
“အို,..၊ ရှက်ဖို့ကောင်းလိုက်တာ။. ဘယ်လိုကောင်ပါလိမ့် လူမိုက်ရိုင်းကောင်”
အပျိုကြီး ဒေါ်ဖြူလုံး အတော်လေးရှက်သွားမိတယ်။
နဂိုတည်းက စိတ်ကလည်းဆတ် ဒေါသကလည်း ကြီးတာမို့ ကြောက်စိတ်ထက်ရှက်စိတ်က ပိုကြီးစိုးပြီး ဒေါ်ဖြူလုံးတို့ကို သူမြင်လို့ ဘောင်းဘီချွတ်ပြီး မိုက်ရိုင်းပြနေတာ လို့တွေးပြီး ဒေါသကပိုထွက်လာတယ်။
“ဒေါ်ကြီးလုံး အဲ့ဒီလူကြီးက ဘောင်းဘီချွတ်ပြီး ကမ်းစပ်မှာ ဘာလုပ်တာလဲ၊ သေးပေါက်တာလား။ သေးပေါက်တာလည်း မတွေ့ဘူးနော်”
ဖောစေးကလည်း သူ့အတွေးနဲ့ထင်မြင်မှုကို ကောက်ချက်ချတယ်။
“မသိဘူး။ ငါ့အထင်တော့ ငါတို့ကိုတွေ့လို့များ နှာဗူးကျတာလား”
“ဟုတ်ပါ့မလား ဒေါ်ကြီးလုံး၊ ဟိုဖက်ကမ်းကနေ သူသမီးတို့ကို မြင်နိုင်လို့လား။ “
“ဟဲ့ ဒါတော့ ငါလည်းသေချာမသိဘူး။ သူ့ဖာသာ သေးပေါက်ချင်ရင် တခြားနေရာမှာ ပေါက်ပါလား။ ဟိုမှာ ပြောင်းခင်းတွေ လှမ်းမြင်နေရတာကို။ အခုတော့ သေခြင်းဆိုးငနာကောင်”
ဒေါဖြူလုံးစိတ်ပေါက်ပေါက်နဲ့ ဆဲရေးလိုက်တယ်။ ဆဲလို့ပြီးချိန် အဲ့ဒီလူက ရေထဲကို ဆင်းကာ ဟို ကြည့်ဒီကြည့်လုပ်ပြီး ကမ်းပေါ်ပြန်တက် ချွတ်ထားတဲ့ သူ့ဘောင်းဘီကို ကောက်ဝတ်ပြီး ကမ်းစပ် ကနေ ပြန်လှည့်သွားတယ်။ သူ့ ရှပ်အင်္ကျီရှည်လို့သာ တော်တော့တယ်။ မဟုတ်လို့ကတော့ ဒေါ်ဖြူလုံး ရှက် စိတ်ကြောက်စိတ်တွေ အသာထားပြီး ဒီဖက်ကမ်းကနေ လှမ်းအော်ဆဲမိမှာ။ လှည့်ထွက်သွားတဲ့ သူ့ကျောပြင် ကိုသေချာကြည့်မှ သူဝတ်ထားတာက တို့ပြည်သူ့ရဲဘော်တွေရဲ့ ယူနီဖောင်းပါလား။​
“စစ်ခွေးတော့ မဟုတ်ပါဘူးနော် ဒေါ်ကြီးလုံး”
ဖောစေးကလည်း ချောင်ကပ်နေရင်းမှ ထွက်သွားတဲ့ ထိုသူကျောပြင်ကိုငေးရင်း မေးတော့​ “မဟုတ်လောက်ပါဘူးအေ” လို့ ဒေါ်ဖြူလုံးပြန်ဖြေလိုက်တယ်။
“စစ်ခွေးတော့မဖြစ်နိုင်ဘူး။ ဒီငနာကောင်က လူရုပ်ထွက်တယ်။ စစ်ခွေးတွေဆိုတာ လူရုပ်ထွက်တဲ့ ကောင်တွေမဟုတ်ဘူး။ ရုပ်ရော အကျင့်စရိုက်ရော ရွံ့စရာကောင်းလိုက်တာမှ လက်ထိုးစရာမလိုဘူး စားထားသမျှအကုန်ပြန်အန်ချင်စရာ အော့နှလုံးနာကောင်တွေ။ ရူနာရှိုက်ကုန်း အရိုးပေါ်အရည်တင် ရုပ်‌တွေ အဝေးက ကြည့်ရင်ကိုမုဒိမ်းသမားရုပ်တွေနဲ့၊ ဟင်း..ပြောမယ့်သာပြောရတာဟဲ့၊ မုဒိမ်းသမားဆိုတာကလည်း နဖူးမှာ စာရေးထားတာမျိုးမဟုတ်ဘူး”
“ဒီလူက အသားဖြူဖြူ‌ ထောင်ထောင်မောင်းမောင်းနော်ဒေါ်ကြီး၊ လူကတော့ စုတ်ပြတ်နေပြီ“
“ဒီကောင်လည်း စစ်ခွေးတွေလို နှာမထဘူးလို့ ဘယ်အာမခံနိုင်ပါ့မလဲ။ မိုးသည်းပြီး ရေကြီးလို့ ချောင်းက ဖြတ်မရတဲ့အထဲ အခုမိုးစဲကာနီးပြီးဆိုမှ အဲ့ဒီငနာကောင်က တဖက်ကမ်း ရေစပ်ကနေ ဘောင်းဘီ လာချွတ်ပြနေတာ ဘာ သဘောမှန်းကိုမသိ၊ လက်ထဲမှာ ပေသီးရော လေးခွပါရှိရင် တဖက်ကနေ လှမ်း ဆော်လိုက်တယ်”
“ဒေါ်ကြီးလုံး သမီးက နည်းနည်းတောင်ကြောက်နေပြီ။ အဲ့ဒီလူကြီးက လူကောင်းနေမှာပါနော်”
“ ငါလည်းဘယ်သိမလဲ”
“အဲ့ဒါကြောင့် သမီးက ဒေါ်ကြီးလုံးကို ကိုယ့်ရွာက လူနာတွေပဲကြည့်ပါလို့ ပြောတာ အဝေးရွာတွေလိုက်ရင် အခုလို ဒုက္ခမျိုးစုံတွေ့ရော… သူတို့ဆီမှာလည်း သားဖွားဆရာမတွေရှိသားနဲ့ သက်သက် လူကိုဒုက္ခပေးကြတာ“
“ပါးစပ်ပိတ်ထားစမ်း..၊ အရေးထဲနင်ကတမျိုး၊ ကဲ..”
မကျေမနပ်ပြောနေတဲ့ ဖောစေး ခေါင်းကိုရွယ်ရင်း စိတ်မြန်လက်မြန်နဲ့ ဆတ်ကနဲ ခေါက်လိုက်တယ်။
သက်ကယ်မိုးထားတဲ့တဲလေးထဲ ဒေါ်ဖြူလုံးတို့ တူအရီးနှစ်ယောက် ဘာလုပ်ရမယ်မသိဘူး။
​တကယ်တော့ ဒီဖက်ကမ်း ထီးတော်စုနဲ့ ဒေါ်ဖြူလုံးတို့ ကြက်ခြေရွာဆိုတာက ဘယ်လောက်မှ ဝေးတာမဟုတ်ဘူး။ ဒါကြောင့် ကလေးမျက်နှာမြင်ပြီးပြီးချင်း ရွာသားတွေက လိုက်ပို့ဖို့ စီစဉ်ကြတာ။ ဒီဖက်ကို ခဏခဏ မရောက်ဖြစ်ပေမယ့် အခုလိုလူနာကြည့်ရတာမျိုး ဆွေမျိုးတွေဆီ အလည်လာတာမျိုးဆို ရေချောင်းလေးဖြတ်ဖို့ ထမီကို ဒူးအပေါ်ခပ်မြင့်မြင့်ဝတ်၊ ရေစီးအရှိန်ကိုတွန်းကန်ပြီး ချော်မလဲအောင် ခြေလှမ်းကျဲတွေနဲ့ ဖြည်းဖြည်းချင်းကူးခတ်ကြရတာပဲ။ အခုလို မိုးကြီးမယ်မှန်းသိရင် နေ့ခင်းက လူနာရှင်တွေ လိုက်ပို့မယ်ဆိုကတည်းက ပြန်လိုက်ပြီးပြီ ဆွေမျိုးတွေပေးတဲ့ လက်ဆောင်တွေလည်း ဘာမှ မက်မနေတော့ပါဘူး။
ဖရဲသီးကြီးပိုက် ပုံ့ပုံ့ကြီးထိုင်ပြီး ဒေါ် ဖြူလုံးကိုမော့ကြည့်နေတဲ့ ဖော်စေးကြောင့် လည်း ပိုပြီးစိတ်တွေလေး နေပြန်တော့တယ်။ ဖော်စေးက ရေကူးလည်းကျွမ်း တောတိုးလည်းကျွမ်း ဘာလေးပဲဖြစ်ဖြစ် သွက်သွက်လက်လက်ရှိ လို့ အားကိုးယုံကြည်ရမယ်ထင်ပြီး အဖော်ခေါ်ခဲ့ကာမှ ပြဿနာ တွေနဲ့လာတိုးနေတယ်။ သူပုံစံကိုက ကြောက်နေတာ။
“ညည်းအေ.. အရင်ရွာရိုးကိုးပေါက်လျှောက်သွားနေကျ ဖောစေးမဟုတ်သလိုပဲ ဘာဖြစ်နေတာလဲ၊ လူကိုမြင်ရုံနဲ့ လာကြောက်နေတယ်။ သူ့လက်ထဲလည်း ဘာလက်နက်မှ ပါတာမဟုတ်ဘူး။ “
“ဟို..ဘလက်ကာယလိုမျိုး မဟုတ်တရုတ် လုပ်မှာစိုးလို့ပါ ဒေါ်ကြီးလုံးရဲ့”
“ဟဲ့ သူကတယောက် ငါတို့ကနှစ်ယောက် ဘယ်လို အဲဒီလိုလုပ်လို့ရမှာလဲ။ ညည်း ကြောက်စရာ မရှိ ရှာကြံကြောက်နေတယ်”
“ဒါကတော့ ဒေါ်ကြီးလုံးရယ် ခုတလော ရွာဖက်မှာလည်း မကြာမကြာစစ်ကြောင်းထိုးနေတာ တော်ကြာစခတွေဆို ဘယ်နှယ့်လုပ်မလဲ။ သူတို့ကလူမှမဟုတ်တာ။ မိန်းကလေးတွေဆို သမီးတို့ရွာဝန်းကျင်မှာ ဘယ်လောက် အခြေအနေဆိုးလဲ၊ လူဒိုင်းလုပ်ရတာနဲ့ မုဒိမ်းကျင့်ပြီး အလောင်းဖျောက်ရတာနဲ့ ဟင်း..တွေးရင်း တောင်ကြက်သီးထတယ်..”
ဖောစေးက ပခုံးတွန့်ပြီး လက်နှစ်ဖက်စလုံးကိုပွတ်လိုက်တယ်။
‘’တိတ်စမ်း နင့်ကိုတိုင်ပင်မှပိုဆိုးနေတယ်’’
ဒေါ်ဖြူလုံး ဖောစေးကိုပိတ်ဟောက်လိုက်ပြီး အကြံထုတ်နေမိသော်လည်း ဖောစေးတွေးသလို သူလည်း တွေးနေမိတယ်။ သူပူလည်းပူချင်စရာ။ အခုတလောရွာအနီးဝန်းကျင်မှာ စခတွေက စစ်ကြောင်း လာလာထိုးတတ်ကြတယ်။ သူတို့လူတွေက ရွာနီးစပ်က နေရာတွေမှာစတည်းချပြီး ရိက္ခာလာရှာရင်း ရွာအနီးအနားက အမျိုးသမီးလေးတွေကို စော်ကားအနိုင်ကျင့်တာတွေ မကြာခဏ ကြားရတယ်။ သူတို့ရှေ့က ဇွတ်သွားခိုင်းပြီး မိုင်းရှင်းတာ၊ တရွာနဲ့တရွာကြားက တောလမ်းတွေဖြတ်ရင် ရွာကလူတွေကိုပဲ လူဒိုင်းအဖြစ် ရက်ရက်စက်စက် သုံးတာ စတာတွေ မြင်ဖူးကြားဖူးကြတော့ ဒေါ်ဖြူလုံးတို့တွေ ကြောက်လည်းကြောက်၊ ရွံလည်းရွံတဲ့ စိတ်တွေအပြည့်နဲ့ ထိပ်လန့် တုန်လှုပ်နေကြတယ်။
​“ဟဲ့.. ဖောစေး၊ နင်တို့အရင်ကဆို ဒီလိုပဲ ရေကျချိန် စောင့်ကူးကြတာပဲမဟုတ်ဖူးလား”
“အင်းလေ အခုက မိုးကလည်းရွာနေတော့ ရေက ကျပါ့မလားဒေါ်ကြီး”
​ကိုယ်တယောက်တည်းဆိုလည်း ကမ်းစပ်က အရပ်ရှည်ရှည်နဲ့ စစ်သားကောင်ကို ဟိုဖက် ကမ်းအရောက် အဆင်ပြေအောင်ပြောဆိုလို့ ရနိုင်သေး။ အခု နှစ်ယောက်မှာမှ အပျိုလေးပါနေတာ ဆိုတော့ ဘယ်နှယ်လုပ်ရမှန်း မသိတော့။
ချောင်းကို လှမ်းစနည်းနာတော့ ရေမျက်နှာပြင်အထက် သုံးပေလောက် အထက်မှာ ဝါးလုံးတွေကို အဝတ်လှမ်းကြိုးတန်းတွေလိုဆက်ဆက်ပြီး တန်းထားတာ တွေ့ရတယ်။ ကမ်းစပ်မှာတော့ လူတရပ်အမီလုပ်ထားတာမို့ မိန်းကလေးအရပ်ပုရင်တော့ ခြေဖျား ထောက်ရင် မီလောက်တယ်။ ဝါးလုံးတလုံးနဲ့ တလုံးကြားကို ဂုံနီအိတ်ကြိုးလိုကြိုးတွေနဲ့ ချည်ထားပုံကြည့်ရတာတော့ ဒါဝါးတန်းရှည်က ရေကြီးပြီး ရေစီးသန်ချိန်မှာ ဝါးလုံးတန်းရှည်ကို လက်ကဆွဲခို၊ ခြေပါ ချိတ်တွယ်ပြီး တရွေ့ရွေ့ ဖြတ်ကူးကြဖို့ လုပ်ထားပုံရတယ်။ အခုလည်း မိုးစဲသွားပေမယ့် မိုးဖွဲလေးတွေတဖျောက်ဖျောက် ဆက် ကျနေပြီး ရေစီးကလည်း အားကောင်းနေတာမို့ တဖက်ကို အဲဒီလိုပဲ စဉ်းစားနေချိန် ဖောစေး တယောက် အောင်မလေး ဆိုပြီး ထအော်ပြန်တယ်။
“ဟဲ့..ဘာဖြစ်ပြန်တာလဲ “
“ဒေါ်ကြီး ဟိုမှာကြည့်ပါဦး”
အမလေး၊ သူအော်လည်း အော်ချင်စရာ၊ ဟိုလူက ဟိုဖက်ကမ်းစပ်ကနေ ဘောင်းဘီချွတ်ဖို့ လုပ်နေပြန်ပြီလေ။ ဒီဖက်ကမ်းမှာရှိတဲ့ ဒေါ်ဖြူလုံးတို့ကို မတွေ့တာများလား။ တကယ်ဟယ်.. ။ ဟော အခုလည်း ဘောင်းဘီကို စိမ်ပြေနပြေချွတ်ပြီးတာနဲ့ ရေစပ်မှာငုံ့ မျက်နှာသစ်နေသေးတယ်။ သူ့မျက်နှာကို သစ်ပြီး ကုတ်ပိုးတွေကိုရေနဲ့ တဗျန်းဗျန်း ရိုက်ပြီးတာနဲ့ ဒေါ်ဖြူလုံးတို့ဖက် ဒီဖက်ကမ်းကို လှမ်းမျက်နှာမူချိန် ဒေါ်ဖြူလုံးရော ဖော့စေးပါ လန့်ဖြန့်ပြီး တဲအတွင်းဖက်ကို အတင်းတိုးဝင်လိုက်မိတယ်၊ သူ မတွေ့တာပဲ ကောင်းမယ်လို့ စဉ်းစားမိတာနဲ့ တဲအတွင်းဖက်နံရံတွေထဲဝင်အောင် နှစ်ယောက်သားအလိုလို ကပ်မိပြီး အသံ မထွက်ရဲဘဲ ငြိမ်ငြိမ်လေးနေနေကြတယ်၊ မကြာဘူး ရေထဲကနေပြန်တက်ပြီး ချွတ်ထားတဲ့ ဘောင်းဘီရှည်ကို ပြန်ဝတ်ပြီး ခပ်တည်တည်ပြန်လှည့်ထွက်သွားပြန်တယ်။
“ဒီလူကြီးကဘာလုပ်နေမှန်းကိုမသိဘူး သေးပေါက်ရင်လည်း တနေရာမှာပေါက်တာ မဟုတ်ဘူး။ အခုတော့ ကမ်းနားထိလာ ဘောင်းဘီချွတ်၊ ရေထဲဆင်းဆင်းပြီး သေးပေါက်ပြီးမှ ဘောင်းဘီပြန် ဝတ် တကယ်ဦးနှောက်ကောင်းသေးရဲ့လားမသိဘူး”
​ဖောစေးက သူပြောချင်တာတွေပြောနေချိန် ဒေါ်ဖြူလုံးတခု ဆုံးဖြတ်လိုက်တယ်။ ဒီလူ ထွက်သွားပြီး ကမ်းကို နောက်တခေါက်ပြန်လာချိန်က နာရီဝက်တနာရီလောက် ကြာနိုင်တယ်။ ကိုယ့်ကိုယ့်ကိုယ်နဲ့ ဖောစေးကို ပြန်ကြည့်လိုက်တယ်။ သူကဒီနေ့ ထမီဝတ်ထားပြီး ဖောစေးက ဘောင်းဘီဝတ် ထားတယ်။ ဒေါ်ဖြူလုံး သူ့ထမီကိုပြင်ပြီး ခပ်တင်းတင်းဝတ်လိုက်တာကို ဖောစေးက ကြောင်ကြည့်နေတယ်။ ပြီးတော့ ထမီကို အောက်ကနေမပြီး ယောကျ်ားတယောက်လို ခါးတောင်းကျိုက်လိုက်တာကို မြင်တော့ ဖောစေး မျက်လုံးပြူးသွားတယ်။ ဒေါ်ဖြူလုံးကလည်း သူ့ထမီမြဲမမြဲကို အသေအချာ စစ်ရင်း
“ဖောစေး နင်ငယ်ငယ်က လွတ်လပ်ရေးနေ့တွေမှာ ချောတိုင်တက်တာ မြင်ဖူးလား”
“ဒေါ်… ဒေါ်ကြီးက”
​ဖောစေးက တခုခုကိုသဘောပေါက်လိုက်သလို ဒေါ်ဖြူလုံးပုံစံကိုကြည့်ပြီး မျက်လုံးပြူး မျက် ဆန်ပြူးနဲ့ ပါးစပ်အဟောင်းသားဖြစ်နေတယ်။
​“အေး ငါတို့လည်း ဒီဝါးလုံးတန်းကို ကန့်လန့်ချောတိုင်ကြီးအဖြစ်နဲ့ ဟိုဖက်ကမ်းကို အလံတိုင် ထိပ်လို့ သဘောထားပြီးသွားကြမယ်။ နင်က ဘောင်းဘီနဲ့ဆိုတော့ နင်.. ငါနောက်ကနေ ကပ်လိုက်..၊ ငါလုပ်သလီု လိုက်လုပ်။ ကြားလား”
​ဖောစေး ဘာမှစကားပြန်မပြောနိုင်ခင် ဒေါ်ဖြူလုံးက ဝါးလုံးတန်းအရှည်ဆီ လျှောက်သွားပြီး အပေါ်ကို လက်တဖက်စီဆွဲကိုင်ပြီး ထမီခေါင်းတောင်းကျိုက်ထားတဲ့ခြေထောက်ကိုတော့ အရှိန်နဲ့လွှဲပြီး ချိတ်ကြည့်တယ်။ လုပ်ဖူးတာမဟုတ်တော့ နှစ်ကြိမ်သုံးကြိမ်လောက်လုပ်ရမှ ရတယ်၊ ခြေထောက် တချောင်းချိတ်ပြီးတော့ နောက်တချောင်းချိတ်ပြီးချိန်၊ လက်ကိုရွှေ့ရွှေ့ပြီး ခြေထောက်ကို ညှပ်ပြီး ကန် ကန်ရွှေ့ကြည့်တော့ ထင်သလောက်တော့ မဆိုးလှဘူး။ တရွေ့ရွေ့နဲ့ အလုပ်ဖြစ်မယ် ထင်ပါရဲ့။ ဖောဆေးကိုကြည့်လိုက်တော့ လူငယ်မို့ထင်ရဲ့ ဝါးလုံးတန်းပေါ်ချိတ်ရက် ရောက်နေပြီ။ ဒါနဲ့ပဲ တရွေ့ရွေ့ နဲ့ တဖက်ကမ်းဆီ ချောတိုင်ကန့်လန့်ခိုပြီး ကူးကြရတာပေါ့။
​ကိုယ့်ဘာသာ ဟုတ်လှပြီထင်တဲ့ ဒေါ်ဖြူလုံးတယောက် ရေလည်ရောက်တော့ ထင်တာထက် ပိုရင် ခုန်ပြီး အားငယ်သလိုလို ဖြစ်လာတယ်။ ဒီအချိန်မှာ ဖောဆေးက
“ဒေါ်ကြီးရေ ကြောက်လိုက်တာ ရေတွေကလည်းစီးလို့ ၊ ပြုတ်များကျလို့ကတော့” လို့ ဆိုလာရှာတော့
“ ဖောစေး နင်အောက်ကိုမကြည့်နဲ့ ၊ အရှေ့ကိုပဲကြည့်၊ ငါ့နောက်ကပ်လိုက်”လို့ အားပေးရပြန်တာပေါ့။ သူ ဖေါဆေး ဘာလို့ကြောက်နေလဲဆိုတာ သဘောပေါက်နေတယ်။ သူကိုယ်တိုင်လည်း အတော်လက်အံသေလာပြီလေ။
ငါနောက်ကလိုက်လို့ ပြောပြီး ငါကရေထဲပြုတ်ကျရင် သူလည်း လိုက် ကျခိုင်းသလို ဖြစ်နေပြီလို့ ကိုယ့်ကိုယ်ကိုယ် ဟာသလုပ်ပေမယ့် ပြုံးချင်စိတ်ထက် အားငယ်စိတ်က များနေတယ်။ တကယ်တော့ ဒီဝါးလုံးတန်းတွေဟာ ယောကျ်ားတွေ ကူးဖို့ လုပ်ထားတာ ဖြစ်မှာပါ။ မိန်းမ တွေကလည်း ကူးဖို့ စဥ်းစားကြမှာ မဟုတ်ပါဘူး။ အလာတုန်းက ခဏလေး ခြေလျင်ဖြတ်လာတဲ့ ချောင်းကလေးကို အခုလို ဖြတ်ရင်လည်း အလာတုန်းက အချိန်လောက်နဲ့ ရောက်မှာလိုလို ထင်မှတ်မှားခဲ့တာလား။ ဒါမှမဟုတ် အလေ့အကျင့်မရှိဘဲနဲ့ ကိုယ့်လက်နဲ့ခြေထောက်က တကိုယ်လုံးကို ချိတ်တွဲထားဖို့ ရေရှည်ဖြစ်ပါ့မလားလို့ ဘာလို့ မစဥ်းစားခဲ့ပါလိမ့်။ ​
​အောက်က တဝေါဝေါ ရေစီးသံကြောင့် ဒီလိုတွေးရမယ့်အချိန် မဟုတ်ဘူးလို့ ကိုယ့်ဘာသာ သတိပေးလိုက်တယ်။ ဒီတော်လှန်‌ရေးမှာ ကြီးကြီးငယ်ငယ် ကျားရောမရော အသက်တောင် ပေးတိုက် နေကြတာ။ ငါလည်း တော်လှန်ရေးတာဝန်ထမ်းနေတာပဲ။ ငါစိတ်တွေ စုစည်းစမ်းလို့ ကိုယ့်ဘာသာ ဆုံးမ ရင်း အားတင်းပြီး တရွေ့ရွေ့ရွှေ့လိုက်တယ်။
ဆယ်ကမ္ဘာလောက်ကြာတယ်ထင်တဲ့ နောက်ထပ် ဆယ်မိနစ်လောက်အကြာမှာ တဖက်ကမ်းကို လှမ်းမြင်ရပြီ။ ဒါပေမဲ့ အောက်က ရေကဝေါဝေါစီးနေဆဲ။ ‌ရေလည်လောက်မနက်တော့ပေမယ့် ပြုတ်ကျရင်တော့ မျောမယ်ထင်တယ်။ အဓိကကတော့ သူ့လက်တွေ ဘယ်လိုမှ မခိုင်တော့ဘဲ အံသေလာတာ။
​ပြီးတော့ ဟိုဖက်ရောက်အောင် သွားနိုင်တယ်ထား၊ ဝါးလုံးတန်းပေါ်က ငါဘယ်လိုဆင်းရမှာပါလိမ့်လို့ တွေးမိတော့ စုစည်းထားတဲ့ စိတ်တွေ ပြေကျပါလေရော။ အဲ့ဒီအချိန်မှာ ရှေ့မဆက်နိုင်တော့ဘဲ အောက်ပြုတ်မကျအောင်ပဲ ဖက်တွယ်ထားရင်း သူကိုယ်သူ မသိလိုက်ခင်က သူ့ပါးစပ်က အသံအကျယ်ကြီး ထွက်သွားတော့တယ်။
“ဒီမှာ လာကြပါဦးရှင့်၊ ကယ်ကြပါဦး”
ဒေါ်ဖြူလုံး အသံကုန်အော်လိုက်တာနဲ့ တဖက်ကမ်း သစ်ပင်နောက်က မိုးကာစတပိုင်းအောက်မှာ ကုန်း ကုန်းကွကွနဲ့ တခုခုလုပ်နေရာတဲ့ လူတယောက် ထွက်လာပြီး မျက်လုံးတွေ ပြူးကျယ် ဝိုင်းစက်သွားပုံပဲ။
“ဟာ..ခင်ဗျားတို့”
ဒီတခါ အံ့သြတကြီး ပါးစပ်အဟောင်းသားဖြစ်သွားရသူက ခုနက ခေါက်တုံ့ခေါက်ပြန်သူ ကမ်းစပ်ကို လာချိန်က ဘာမှမမြင်ခဲ့ဘဲ အခုမှ ရုတ်တရက် ဝါးလုံးတန်းပေါ်မှာ အမျိုးသမီးနှစ်ယောက်ကို ခြေရော လက်ရော မျောက်တွေလို တွဲလောင်းခိုနေတာတွေ့တော့ သူဘာပြောရမှန်းမသိဘဲ ဆွံ့အကြောင် တောင်နေပုံရတယ်။
“လုပ်ပါဦးရှင်၊ ကယ်ပါဦး၊ ကျမတို့ အောက်မဆင်းတတ်လို့ ကူညီပါဦး”
“ဒေါ်ကြီး ၊ဒေါ်ကြီးဖြစ်ပါ့မလား”
ကမ်းနဲ့မဝေးလှတော့ပေမယ့် ရေကနက်သေးပုံရပြီး ရေစီးကလည်းသန်နေတော့ ဖေါဆေးရဲ့ သတိပေးသံလည်း မကြားနိုင်တော့။ ကြောက်စိတ်နဲ့ အားငယ်စိတ်တွေက လွှမ်းမိုးနေတော့ သံသယစိတ်အား အားကိုးစိတ်က ပိုများနေပြီး သူ့ကို လက်တဖက် လှမ်းမိတယ်။
“ဟာ..ဟာ… လာပြီ လာပြီ”
“ လာပြီဆို မြန်မြန်လာပါရှင်။ ကျမ အောက်မဆင်းတတ်ဘူး။ လက်အံလည်းသေနေပြီ။ ခြေသလုံးလည်း ကြွက်တက်မှာစိုးလို့”
“လာပါပြီဗျာ၊ လာပါပြီ၊ ခင်ဗျားဗျာ မကြီးမငယ်နဲ့ မကြောက်မရွံ့ဗျာ”
​ပြောလည်းပြောရင်း အဲ့ဒီလူကရေထဲကို ပေါင်လည်လောက်အထိ ဆင်းလာပြီး ဒေါ်ဖြူလုံးနားမှာ ရပ်လိုက်တယ်ဆိုရင်ပဲ ဒေါ်ဖြူလုံးက သူ့လည်ကုတ်ကို သိုင်းဖက်ပြီး ကိုရီးယားကားတွေထဲက ခြေမသယ်ချင်အောင် ပင်ပန်းနေတဲ့ မင်းသမီးက မင်းသားကို ကုန်းပိုးပြီးလိုက်သလို၊ ပြီးတော့ ဒီလူက လွန်ခဲ့တဲ့ တနာရီလောက်က ကြောက်ခဲ့ရတဲ့ စစ်သားကြီး မဟုတ်သလိုဘဲ သူ့ကုတ်ပေါ်ကို လွှားကနဲ သိုင်းဖက်လိုက်တယ်။ ပိန်ပိန်ပုပု ဒေါ်ဖြူလုံး ခန္ဓာကိုယ်ကလေးကို ကုန်းပိုးပြီး ကပ်စပ်ဆီ လွယ်လွယ်ကူကူပဲ သယ်ပိုးသွားနိုင်တာကို ငေးကြည့်ရင်း ဖောစေးကလှမ်းအော်ပါလေရော။
“ကျွန်မကိုလည်းလာခေါ်ပါဦး ကျွန်မလည်းပြုတ်ကျတော့မယ်”တဲ့။
စစ်သားကြီးခမျာလည်း အခုမှ ပြာရီးပြာတာနဲ့ ခြေမကိုင်မိလက်မကိုင်မိနဲ့ ပြေးလွှားရတော့တယ်။ ဒေါ်ဖြူလုံး ကမ်းစပ်ပေါ်ချပြီး ဖောစေးဆီ အပြေးအလွှား ပြန်လှည့်ခေါ်တော့ ဖောစေးက ကုန်းမပိုးဘဲ သူ့ခြေထောက်ကြီး ရင်ဘတ်ကိုလှမ်းထိုးပြီး မဆင်းတတ်ဆင်းတတ် ဆင်းလာတော့ စစ်သားကြီးက ပွေ့ချီ ခေါ်လာရတော့တယ်။ နှစ်ယောက်စလုံး ကမ်းစပ်ပေါ်ရောက်ချိန်မှ ဟင်းချနိုင်မှ တပြိုင်နက် ဒီလူကို အနီးကပ်ကြည့်ပြီး အခုအချိန်ကစပြီး အရင်လို ပြန်ကြောက်ကြရတော့မလားလို့ တွေးမိချိန် သူကအရင်စမေးတယ်။
“ခင်ဗျားတို့မကြောက်မရွံ့ဗျာ၊ ဒီလောက်ရေစီးသန်နေတာ၊ ကျ​နော်တောင် အဲ့ဖက်ခြမ်းကို ကူးမလို့ ရေခဏခဏ လာလာစမ်းနေတာ။ အခုထိ မကူးရဲသေးလို့ မကူးရသေးဘူး”
“ဘယ်လို ရှင်က ဟိုဖက်ကမ်းကူးမလို့ ရေစမ်းတာ၊ ဟုတ်လား”
“အေးလေ..ရေကမကျသေးတော့ ကျုပ်လည်း ဘယ်လိုကူးရမှန်းမသိဘူး။ ရေဘယ်လောက် ကျပြီလဲ ဆိုပြီးလာလာစမ်းနေတာလေ”
အခုမှပဲ ဒေါ်ဖြူလုံးတယောက် ဇာတ်ရည်လည်သွားတော့တယ်။ သူက သူ့စစ်ဘောင်းဘီကြီး ရေစိုမှာစိုးလို့ ကမ်းစပ်မှာချွတ်ပြီးရေထဲ ဆင်းပြီးအခြေအနေကို အကဲခတ်နေတာကိုး။ ဖောစေးကလည်း အခုမှ ကုတ်ကလေး ပုပြီး ခစ်ကနဲရယ်လိုက်တယ်။
“ဒါနဲ့ အမကြီးက ဘယ်ရွာကလဲ.. ကြက်ခြေရွာကလား”
“ဟုတ်တယ် ကျမကအဲ့ဒီက သူနာပြုဆရာမပါ၊ ထီးတော်စုကို လူနာလာကြည့်ပြီး ပြန်တာလေ။ မိုးကသည်းလွန်းလို့ ..ဟင်း ဟင်းသီးဟင်းရွက်တွေတောင် ဟိုဖက်ကမ်းက တဲမှာ ထားခဲ့ရတယ်”
“ခင်ဗျားက ကျန်ခဲ့တဲ့ အသီးအနှံတွေပဲ စိတ်ရောက်နေ၊ ရေစီးသန်ချိန် ရေလည်မှာ ခြေမခိုင် လက်မခိုင်နဲ့ ပြုတ်ကျမှ မသာပါ တန်းပေါ် နေမှာ မတွေးမိဖူးလား”
တုတ်ထိုးအိုး‌ပေါက် အပြောခံလိုက်ရတော့ ဒေါ်ဖြူလုံး မျက်စောင်းထိုးပစ်လိုက်တယ်။ ပြီးတော့ စူးစမ်းတဲ့ ဒေါ်ဖြူလုံးနဲ့ ဖောစေး အကြည့်တွေကိုလည်း သူက သဘောပေါက်ပုံရတယ်။
“ကျုပ်ရွာဖက်ကို ခဏပြန်လာတာ၊ ဟိုကောင်တွေ စစ်ကြောင်းထိုးတော့ ကျုပ်တို့အဖွဲ့တွေ ကစဥ့်ကလျားဖြစ်တော့ ဒီမှာ ခဏပြန်လာခိုတာ၊ ဒီဖက်တွေက ခွေးတွေက အရောက်အပေါက်နည်းတယ် လေ။ တပ်ဖွဲ့အင်အားစုချိန်ခဏခိုဦးမယ်”
“ဒါဆို ကြက်တော်စုကိုလာလည်ဦး၊ ကျမအိမ်မှာ ထမင်းလာစားချည့် ”
“ဟုတ်တယ်၊​ ကျမတို့ ရွာကလူတွေက ဦးလေးကိုမြင်ကြရင် နှုတ်ဆက်ချင် စကားပြောချင်ကြမှာ သေချာတယ်၊ ကျမတို့ကလည်း ဦးလေးအကြောင်း ကြိုပြောပြထားမှာပေါ့”
“ကျမတို့ တရားမျှတမှုကိုလိုလားတယ် ၊ စစ်ကြောင့် ပြည်သူတွေနစ်နာတယ်။ ရွာတွေ ရော အိမ်တွေရော ဆုံးကြတယ်။ ကိုယ့်ဖက်က အသက်စွန့်ပါဝင်နေကြတဲ့ ပြည်သူစစ်သားတိုင်းကို ရွာက လူတွေက မြင်တွေ့ချင်ကြ၊ စကားပြောချင်ကြတာ၊ ကျမကဆို ကျမတို့အသက်ကိုကယ်တော့ အသက်ကယ်ကြေးအဖြစ် ထမင်းတနပ်တော့ ကျွေးချင်တာ”
“အသက်ကယ်ကြေး ဘာညာတော့မပြောပါနဲ့ဗျာ၊ လမ်းကြုံတုန်းကယ်ခွင့်ရတာ၊ နောက်များ တော့ မိုးတိတ်အောင် ရေကျအောင်စောင့်၊ အခုလို စွန့်စွန့်စားစား အရဲမကိုးပါနဲ့‌ဗျာ၊ အခုလည်း ကျုပ်မှာ ယူနီဖောင်းရှိတာမဟုတ်ဘူးဗျ။ ဒီလို အချိန် တကိုယ်စာလဲစရာ အဝတ်ကရှားတယ် ဟိုဖက်ကမ်းရောက်မှပဲ အသိအိမ်မှာလဲရတော့မယ်”
ပြောရင်းနဲ့ ရေထဲဆင်းကယ်လိုက်ရလို့ ရေစိုသွားတဲ့ သူ့ဘောင်းဘီကို စိတ်ပျက် လက်ပျက် ကြည့်နေတယ်။ အသားဖြူဖြူ၊ မွန်မွန်ရည်ရည်နဲ့ စစ်ယူနီဖောင်းကတော့ စုတ်ပြတ် ဟောင်းနွမ်းနေတယ်။
ဒေါ်ဖြူလုံး ပေါင်အထိရေစက်စက်ကျ စိုရွှဲနေတဲ့သူ့ဘောင်းဘီကို အတူလိုက်ကြည့်မိတယ်။ ပြီးတော့ စိတ်ထဲကလည်း သူ့ကို ဘုမသိဘမသိ ပြောဆိုခဲ့မိတဲ့အတွက် အားနာသွားမိတယ်။ အခုတော့ ဘောင်းဘီတထည်လုံး ရေတွေနဲ့ ရွှဲလို့ ပေါ့။
“ရောက်တဲ့အခါတော့ ထမင်းတော့လာစားဖြစ်အောင်လာစား။ အသက်ကယ်ကြေးမဟုတ်လည်း ယူနီဖောင်းရေစိုတဲ့ လျော်ကြေးပေါ့” လို့ ရယ်ရယ်မောမော ပြောလိုက်တယ်။
ရေစက်စက်ကျနေတဲ့ ဘောင်းဘီကိုကြည့်ရင်း ဒေါ်ဖြူလုံးပြောလိုက်တော့ သူက မျက်မှောင် ကုတ်ရာက ပြုံးရင်း ခေါင်းတချက်ညိတ်လိုက်တယ်။ ဒေါ်ဖြူလုံးတို့အိမ်ပြန်လမ်းမှာ ရေကငြိမ်သွားတယ်။ မိုးလည်း တိတ်သွားတယ်။ ရေကျသွားလောက်ပြီမို့ စစ်သားကြီးလည်း ဟိုဖက်ကမ်းကူးလောက်ပြီပေါ့။
“ဒီတခါ‌တော့ ကမ်းကူးခါနီး ရေအတိမ်အနက်စမ်းဖို့ ဒီတခါတော့ ဘောင်းဘီချွတ်စရာ မလိုတော့ဘူးထင်တယ်” လို့ တွေးလိုက်မိတော့
ဒေါ်ဖြူလုံး တယောက် အားကုန်နေတဲ့ ခြေထောက်တွေနဲ့ လှမ်းရင်းတွေးရင်း ဟစ်ကနဲ ရယ်လိုက်မိတော့တယ်။ ။
(စီဒီအမ် သူနာပြုဆရာမတဦး၏ ဖြစ်ရပ်မှန်ကို အခြေပြုရေးဖွဲ့ပါသည်။)
.

Related Posts

Leave a Comment