
‘အသစ်တဖန် မနက်ဖြန်များ’

လေကွယ်ရာမီးညှိရသလို
ဘဝကမလွယ်ဘူး အသက်ကမလွယ်ဘူး
ဆေးလိပ်ကလေးဖွာချင်တော့လည်း
ရအောင်ညှိရ မီးကူးရ
အသက်ရှင်ချင်တော့ အသက်ကိုရအောင်ကူးရ
မေတ္တာတရားကို ရအောင်ကူးရ
တယောက်အရိပ်ဟာ တယောက်ကိုမိုးရင်း
အေးမြကြရစမြဲ…။
ခင်ဗျားမှာရှိတဲ့ရေတချို့တဝက်က
ကျုပ်ငတ်နေတာကိုပြေမယ်
ကျုပ်မှာရှိတဲ့ ပေါင်မုန့်တချို့တဝက်ဟာ
ခင်ဗျားဝမ်းမီးကိုငြိမ်းမယ် ။
နေပဲကွယ်ကွယ် လပဲကွယ်ကွယ်
နှလုံးသားတွေလင်းနေဖို့ပဲမဟုတ်လား
မုန်တိုင်းပြီးရင်
လေပြည်လေညင်းလာရစမြဲ
အသက်တွေကိုမျှယူထမ်းလို့
ရောက်မလာသေးတဲ့သောကြာနေ့ဆီသွားကြမယ်
တနေ့နေ့ရှိနေသမျှ
အသက်ရှင်ကြပါစို့ရဲ့
တနေ့နေ့မှာ
ပုံပြင်ဆိုးတပုဒ်ကို ဟားတိုက်ရယ်မော
ပျော်ရွှင်ကြပါစို့ရဲ့…။ ။
Be the first to comment