
“အာဏာတည်မြဲရေး ဘာမဆိုလုပ်မည့်
မြန်မာရာဇဝတ်ကောင် စစ်အုပ်စု”
‘သြဂုတ်လတွင် ရွေးကောက်ပွဲကျင်းပရေးအစီအစဥ်ကို စစ်တပ်က စွန့်လွှတ်လိုက်ခြင်းကြောင့် အတုအယောင် ရွေးကောက်ပွဲမှတဆင့် တည်ငြိမ်မှု ရရှိနိုင်လိမ့်မည်ဆိုသည့် ဥာဏ်နည်းလှသည့် မျှော်လင့်ချက်များ လက်တွေ့ဖြစ်လာရေး အလှမ်းဝေးသွားပြီဖြစ်သည်။’အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျူ USIP အင်တာနက်စာမျက်နှာတွင် မတ်လ ၉ ရက်နေ့က ဖော်ပြခဲ့သည့် ရဲမျိုးဟိန်း၏ Myanmar’s Criminal Junta Will Do Anything to Consolidate Power ဆိုသည့် ခေါင်းစဥ်ဖြင့် ဆောင်းပါးကို ကျော်မိုးက ဘာသာပြန်ဆိုထားပါသည်။
ဆောင်းပါးရှင် ရဲမျိုးဟိန်းသည် USIP တွင် ဧည့်ပညာရှင်တဦးဖြစ်ပြီး ဝီလ်ဆင် စင်တာ၏ ဂလိုဘယ်ဖဲလိုးတဦးလည်းဖြစ်ပါသည်။)
၂၀၂၃ ခုနစ် သြဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု လပေါင်းအတန်ကြာ ပြောကြားပြီးနောက်တွင် မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ရုတ်တရက် ပြောင်းလဲလိုက်သည်။ စစ်အုပ်စု၏ တရားဝင်မှုမရှိသည့် အုပ်ချုပ်မှုကို နောက်ထပ် ၆ လ သက်တမ်းတိုးမည်ဟု ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲတခုကျင်းပရန် တိုင်းပြည်ကို လုံလုံလောက်လောက် ထိန်းချုပ်နိုင်မှုမရှိကြောင်း ယင်းထုတ်ပြန်ချက်ဖြင့် ဝန်ခံလိုက်ခြင်းဖြစ်သည်။ အတုအယောင် ရွေးကောက်ပွဲမှတဆင့် မြန်မာနိုင်ငံတည်ငြိမ်ရေး လမ်းပွင့်သွားစေမည်ဟု တုံးအစွာ ယုံကြည်နေသည့် နိုင်ငံတကာအသိုင်းအဝိုင်းမှ တချို့သောသူများအတွက် အဆိုပါ ထုတ်ပြန်ချက်သည် ဆုတ်ဆိုင်းမှုတခုပင်ဖြစ်သည်။
နယ်မြေများကို ပြည့်ပြည့်ဝဝ ထိန်းချုပ်နိုင်ခြင်းမရှိဟု စစ်အုပ်စုက တရားဝင် ဝန်ခံလိုက်ခြင်းသည် စစ်အစိုးရကို ပြန်လည်အသက်သွင်းရေးဆိုသည့် ရည်မှန်းချက် ပြည့်ဝခြင်းမရှိသည်ကိုလည်း ညွှန်ပြလျက်ရှိသည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မရေရာမှုများ ပေါ်ပေါက်လာသည်နှင့်အမျှ စစ်ဗိုလ်ချုပ်များသည် အာဏာတည်မြဲရေး တခြားသော ဖြစ်နိုင်ခြေများကို ရှာဖွေနေပြီဖြစ်သည်။
ယခင် အာဏာသိမ်းမှုများ၏ ပုံစံခွက်ဖြစ်သည့် စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်ပြီး မသမာသည့် ရွေးကောက်ပွဲ လုပ်ပေးသည့်ပုံစံကို နိုင်ငံတကာအသိုင်းအဝိုင်းတွင် လွဲမှားစွာယုံကြည်နေသူ အများအပြားရှိသည်။ စစ်အုပ်စု၏ ရွေးကောက်ပွဲကို မြန်မာနိုင်ငံငြိမ်းချမ်းစေမည့် လမ်းကြောင်းတခုအဖြစ် မျှော်လင့်ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်းရှိ ပြည်သူများနှင့် ထိတွေ့ဆက်ဆံဖူးသူမှန်သမျှအနေဖြင့်မူ လက်ရှိတကြိမ်သည် ယခင်အကြိမ်များနှင့်မတူကြောင်း ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်သည်။
လွတ်လပ်မှု အတော်အတန်ရှိခဲ့သည့် ပြီးခဲ့သည့် ၁၀ နှစ်တာကာလသည် လူထုကြား အားကောင်းသည့် အင်အားစုများကို နိုးထစေခဲ့သည်။ ထိုအင်အားစုသည် လှုပ်ရှားမှုတခုအတွက် အဓိကကျောရိုးဖြစ်ပြီး အကြမ်းဖက်ရန်၊ သွေးခွဲရန် ယတိပြတ် ပိုင်းဖြတ်ထားသည့် လူသတ် မာဖီးယား စစ်အုပ်စုနှင့် ရင်ဆိုင်နေရသည့်တိုင် အခိုင်အမာ ရပ်တည်နေဆဲဖြစ်သည်။ ထို့အတွက်ကြောင့်လည်း မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းစေရေး လက်တွေ့လမ်းကြောင်းမှာ ခုခံတွန်းလှန်ရေးအင်အားစုများကို ထောက်ခံပံ့ပိုးခြင်းမှတဆင့်သာ ရောက်ရှိနိုင်ပြီး စစ်အုပ်စုကို ထောက်ခံပံ့ပိုးခြင်းဖြင့် ရရှိမည်မဟုတ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံသင့်သည်။
‘၂၀၀၈ စစ် အခြေခံဥပဒေကို ပြန်လည် အသက်သွင်းခြင်း’
မင်းအောင်လှိုင်၏ထုတ်ပြန်ချက် ထွက်မလာခင် တရက်တွင် စစ်အုပ်စု၏ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (NDSC) က ဥပဒေကြောင်းအရ ခိုင်လုံသည့် မည်သို့သော အကြောင်းပြချက်မျိုးကိုမျှမပေးဘဲ မြန်မာနိုင်ငံတွင် ‘ပုံမှန်အခြေအနေများ’ ပြန်မရောက်သေးဟု ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်က စစ်တပ်အုပ်စိုးမှုကို သက်တမ်းတိုးရန် မင်းအောင်လှိုင်အတွက် အကြောင်းပြချက် ဖြစ်စေခဲ့သည်။
၂၀၀၈ စစ်အခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ NDSC သည် ကနဦး နိုင်ငံတော်အရေးပေါ်အခြေအနေဖြင့် စစ်အုပ်ချုပ်ရေးကို ၁ နှစ် ခွင့်ပြုပြီးနောက်တွင် အရေးပေါ်အခြေအနေကို ၂ ကြိမ် သက်တမ်းတိုးခွင့်ရှိသည်။ တကြိမ် သတ်တမ်းတိုးမှုကို ၆ လသာ သတ်မှတ်ထားသည်။ (၂၀၂၁ ခုနစ် ဖေဖော်ဝါရီ ၁ ရက်နေ့အပြီးတွင် စစ်တပ်က နိုင်ငံတော် အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့သည်) အခြေခံဥပဒေအရ (အရေးပေါ်အခြေအနေ) ၂ နှစ်တာ ကာလ အပြီးတွင် ရွေးကောက်ပွဲကို ၆ လအတွင်း ကျင်းပရမည်ဖြစ်သည်။ လက်ရှိအခြေအနေသည် ပုံမှန်မဟုတ်သည့် အခြေအနေ ဖြစ်နေခြင်းကြောင့်ဟုဆိုပြီး စစ်တပ်အုပ်စိုးမှုကို နောက်ထပ် ၆ လ သက်တမ်းတိုးပေးပိုင်ခွင့်ရှိသည်ဟု NDSC က တရားလက်လွတ် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ကိုယ်တိုင်ရေးဆွဲထားသည့် အခြေခံဥပဒေကိုပင် ကျော်လွန်လုပ်ဆောင်ခြင်းသည် ခေတ်သစ် မြန်မာ့သမိုင်းတွင် စစ်တပ်အတွက် အထူးအဆန်းမဟုတ်ပေ။ လွတ်လပ်ပြီး မြန်မာနိုင်ငံအတွက် ရေးဆွဲခဲ့သည့် ၁၉၄၇ ခုနစ် အခြေခံ ဥပဒေကို လေးစားလိုက်နာကြောင်း မြန်မာစစ်အာဏာရှင်တို့၏ဖခင် ဗိုလ်ချုပ်နေဝင်းက ၁၉၆၂ ခုနှစ် အာဏာမသိမ်းခင် အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။ သူ လေးစားလိုက်နာပါသည်ဟု အကြိမ်ကြိမ်ပြောခဲ့သည့် ၁၉၄၇ အခြေခံဥပဒေကို အာဏာသိမ်းပြီးသည့်အခါ ဖျက်သိမ်းပစ်ခဲ့သည်။ အလားတူပင် ၁၉၈၈ စက်တင်ဘာ စစ်အာဏာသိမ်းမှုခေါင်းဆောင် ဗိုလ်ချုပ်စောမောင်သည်လည်း နေဝင်း၏ ၁၉၇၄ ခုနစ် အခြေခံဥပဒေကို စစ်တပ်က လေးစားလိုက်နာပါမည်ဟု ကတိပြုခဲ့သည်။ သို့သော်လည်း ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းယူပြီးနောက် ထို အခြေခံဥပဒေကို ဖျက်သိမ်းခဲ့သည်။ ယခုနောက်ဆုံး စစ်အာဏာသိမ်းခေါင်းဆောင်သည်လည်း ၎င်းတို့နည်းလမ်းအတိုင်း ခြေရာနင်း လုပ်ဆောင်နေခြင်းပင်။
‘တုံးအသည့် မျှော်လင့်ချက်များ မှေးမှိန်သွားခြင်း’
ခုခံတွန်းလှန်ရေး လှုပ်ရှားမှုကို ဖြိုခွဲရန်နှင့် စစ်တပ်က အာဏာထိန်းချုပ်မှုအပေါ် နိုင်ငံတကာ တရားဝင်မှု ရရှိစေရေး မျှော်လင့်ပြီး စစ်အုပ်စုက ၂၀၂၃ ခုနစ် သြဂုတ်လတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ပြင်ဆင်ခဲ့သည်။ ၎င်းတို့ရွေးကောက်ပွဲ၏ အရေးပါမှုနှင့် ပြင်ဆင်နေမှုများကို စစ်အုပ်စုက အသားပေး ဝါဒဖြန့်ခဲ့သဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းကြား ဆွေးနွေးငြင်းခုန်မှုများတွင် အဓိကဇာတ်ကောင်ဖြစ်လာသည်။
ရွေးကောက်ပွဲသည် မင်းအောင်လှိုင်အတွက် ထွက်ပေါက်တခု ဖြစ်လာနိုင်သည်ဟု နိုင်ငံတကာမှ လေ့လာသုံးသပ်သူတချို့ ယုံကြည်လာစေရန် ဖြားယောင်းနိုင်ခဲ့သည်။ စစ်အာဏာရှင်သည် ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် သဘောထားခြင်းမဟုတ်ဘဲ ခုခံတွန်းလှန်ရေးအင်အားစုများကြား အကွဲကွဲအပြားပြားဖြစ်စေပြီး စစ်ရေး ရည်မှန်းချက်များ ပြည့်မီရန်၊ အာဏာထိန်းချုပ်မှု ခိုင်မာစေရန်အတွက်သာ ရည်ရွယ်ကြောင်း ပြသသည့် များစွာသော အထောက်အထားများကို လျစ်လျူရှုခြင်းဖြစ်သည်။ အချို့ကလည်း အနှစ်သာရမရှိသည့် ဥပဒေကြောင်းကိုကိုင်ပြီး ငြင်းချက်ထုတ်ကြသည်။ အခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပရန်ကလွဲ၍ စစ်အပ်စုတွင် တခြားနည်းလမ်း မရှိတော့ဟူသည့် ငြင်းချက်မျိုးဖြစ်သည်။ ၂၀၂၁ ခုနစ် စစ်အာဏာသိမ်းမှုကိုယ်နှိုက်သည်ပင် အခြေခံဥပဒေကို ဗြောင်ကျကျ ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်ဆိုသည့်အချက်ကို လျစ်လျူရှုသည့် ငြင်းဆိုချက်မျိုးပင်။
၂၀၀၈ အခြေခံဥပဒကို ကာကွယ်စောင့်ရှောက်သူအဖြစ် မင်းအောင်လှိုင်က မကြာခဏ ပုံဖော်လျက်ရှိသော်လည်း အာဏာတည်မြဲရေးအတွက်ဆိုလျှင် အခြေခံဥပဒေကိုပင် ချိုးဖောက်ရန် အသင့်ရှိနေကြောင်း မင်းအောင်လှိုင်၏ လုပ်ဆောင်ချက်များက သက်သေပြလျက်ရှိသည်။ အာဏာမသိမ်းခင် ရက်အနည်းငယ်အလိုကပင် လိုအပ်ပါက အခြေခံဥပဒေကို ဖျက်သိမ်းရန် အသင့်ပြင်ထားသည်ဟု မင်းအောင်လှိုင်က လူသိရှင်ကြားပြောကြားခဲ့သည်။
‘ကိုယ်ရှင်သန်ရေးသာ စိတ်ဝင်စားသည့် စစ်တပ်’
အာဏာတည်မြဲရေးအတွက်ဆိုလျှင် လိုအပ်သည့် နည်းလမ်းမှန်သမျှကို လုပ်ဆောင်မည့် အာဏာမက်သည့် စစ်တပ်၏ မှောင်မိုက်သည့် မှတ်တမ်းအသီးသီးကို ခေတ်သစ် မြန်မာ့သမိုင်းတွင် တွေ့နိုင်သည်။ ဤအချက်သည် ယခုအခါ ယခင်ကထက်ပင် ပို၍ မှန်ကန်လာပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အာဏာလက်လွှတ်လိုက်ရပါက သူတို့ကိုယ်တိုင် သေဆုံးရမှုနှင့် စစ်တပ် နိဂုံးချုပ်မှုတို့ကို သေချာပေါက် ကြုံရမည်ဟု စစ်တပ်တွင်းရှိသူ အများအပြားက ယုံကြည်နေခြင်းကြောင့်ပင်။
အာဏာမက် စစ်ဗိုလ်ချုပ်များကို လွှမ်းမိုးထားသည့် ကြီးစွာသော တွန်းအားသည် အခြေခံဥပဒေနှင့် တရားဥပဒေ စိုးမိုးမှုကို ကာကွယ်စောင့်ရောက်ရေး၊ တည်ငြိမ်ရေး သို့မဟုတ် လူထုကောင်းစားရေး လုပ်ဆောင်ရန်မဟုတ်ဘဲ နိုင်ငံတော်အာဏာကို အလုံးစုံ ထိန်းချုပ်ထားရေးသာဖြစ်သည်။ လက်တွေ့တွင်လည်း စစ်ဗိုလ်ချုပ်များသည် တိုင်းပြည် သာယာဝပြောရေးကို အာရုံထားသူများမဟုတ်၊ တိုင်းပြည် သို့မဟုတ် လူထု အဘယ်မျှလောက် ထိခိုက်ပျက်စီးသွားမည်ကို စိုးစေ့မျှမတွေး၊ ကိုယ် ရပ်တည်ရှင်သန်ရေးနှင့် ကိုယ်ကျိုးစီးပွားကိုသာ အလေးထားသည့် မာဖီးယားဂိုဏ်းတခုအဖြစ်သာ နားလည်ကြည့်သည်က ပိုကောင်းမည်ဖြစ်သည်။
၎င်းတို့ရှင်သန်မှုကို အာမခံနိုင်ပါက မည်မျှပင် အဖိုးအခကြီးမားသည့် အောင်ပွဲကိုဖြစ်စေ ရအောင်ယူရန် စစ်ဗိုလ်ချုပ်များက အသင့်ဖြစ်နေသည်။ တရားဝင်မှု မည်မျှပင် ကင်းမဲ့ပါစေ၊ မည်မျှပင် သွေးထွက်သံယိုများပါစေ၊ အလုံးစုံအောင်ပွဲမဟုတ်ဘဲ အကန့်အသတ်ရှိသည့် အောင်ပွဲပင်ဖြစ်ပါစေ ရယူရန် အသင့်ရှိနေသည်။ ယဥ်ကျေးသည့်ကမ္ဘာမှ ကင်းကွာသည့် အထီးကျန် ကိုယ်ပိုင်ကမ္ဘာတွင် စစ်ဗိုလ်ချုပ်များ နေထိုင်နေကြခြင်းဖြစ်သည်။ အဆိုးမြင်ဝါဒ၊ အလွန်အကျွံစိတ်ကြီးဝင်မှု၊ တယူသန်သဘောထား၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုကင်းမဲ့ခြင်း၊ သူတပါးကိုရန်လိုခြင်း၊ ကိုယ်ရှင်သန်ရေးနှင့် ကိုယ်ကျိုးစီးပွားတို့၏ အဓိကမောင်းနှင်ခံနေရသည့် မာဖီးယားဂိုဏ်းဝင်စိတ်ဓာတ်ကို စစ်ဗိုလ်ချုပ်များတွင် အထင်အရှားတွေ့မြင်ရသည်။ လူထု ငြိမ်ဝပ်သွားစေရန် သတ်ဖြတ်မှုများကို ကြီးကြီးမားမား လုပ်ဆောင်ခြင်း၊ ခုခံတွန်းလှန်မှုကို သွေးခွဲခြင်း နည်းလမ်းဖြင့်သာ ၎င်းတို့ရှင်သန်နိုင်မည်ဟု စစ်အုပ်စုက ယုံကြည်လျက်ရှိသည်။
ထို့အတွက်ကြောင့်လည်း စစ်အုပ်ချုပ်ရေးသည် မည်သည့်အခါမျှ တည်ငြိမ်ခြင်းမရှိဘဲ လက်ရှိ ခုခံတွန်းလှန်မှုများတွင် တိုက်ရိုက် ပါဝင်ပတ်သက်ခြင်းမရှိသူများ အပါအဝင် လူအများက စစ်တပ်ကို အကြီးအကျယ် ကဲ့ရဲ့ပြစ်တင်နေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံ တည်ငြိမ်ရေးလမ်းကြောင်းကို စဥ်းစားသည့်အခါ လူထု၏ သဘောထားဆန္ဒက အဓိက ဖြစ်သင့်သည်။ ကိုယ့်လူထုအပေါ် နှစ်နှစ်ကြာ ရက်ရက်စက်စက် သတ်ဖြတ်မှုများ ကျူးလွန်ထားသော၊ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်၍ စွမ်းဆောင်ရည်မပြည့်ဝသည့် စစ်တပ်ကို မြန်မာ့ အနာဂတ်အစိုးရအဖွဲ့တွင် မည်သို့ ထည့်သွင်းနိုင်မည်နည်း။
‘နိုင်ငံတကာတုံ့ပြန်မှုများကို ပုံဖော်နေသည့် လွဲချော်သည့် နားလည်မှုများ’
မဲဆန္ဒရှင်လူထုနှင့် အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နေသည့် အုပ်ချုပ်သူများဆိုသည့် ကိုယ်တွေ့ကြုံ အစိုးရတရပ်ကို မြင်သည့်ပုံစံဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းရှိ မူဝါဒချမှတ်သူအများအပြားက မြန်မာစစ်အုပ်စုကို ရှုမြင်လျက်ရှိသည်။ သွေးထွက်သံယိုမှုများနှင့် ယုတ်မာရက်စက်သော သတ်ဖြတ်မှုများကို စစ်အုပ်စုက မည်မျှပင် ကျူးလွန်ထားပါစေ စစ်ခေါင်းဆောင်များသည် စဥ်းစားဆင်ခြင်နိုင်လိမ့်မည်ဟု နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် မြန်မာ့အိမ်နီးချင်းနိုင်ငံများက မျှော်လင့်ဆဲဖြစ်သည်။ စစ်ဗိုလ်ချုပ်များသည် ‘ဆင်ခြင်တုံတရားရှိသည့် နိုင်ငံတွင်အရေးပါသူများ’ အဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းက မှားယွင်းစွာပုံဖော်ပြီး မြန်မာနိုင်ငံ အကျိုးစီးပွားအတွက် လုပ်ဆောင်မည့်သူများဟု မျှော်လင့်နေကြသည်။
ယင်းကဲ့သို့ ရှုမြင်မှုသည် စစ်တပ်အပေါ် အကြီးအကျယ် မှားယွင်းစွာ နားလည်မှုဖြစ်သည်။ ၎င်းတို့သည်
ဆယ်စုနှစ်ပေါင်းများစွာကြာ တိုက်ခိုက်မှုများကြောင့် အစွန်းရောက်နေသော၊ စိတ်ဝေဒနာ ရရှိနေသော စစ်ရည်ဝ နေသည့် အစွန်းရောက် အမျိုးသားရေးဝါဒီ အကြောက်လွန်သူများ စုပေါင်းထားသည့် အုပ်စုလေးသာဖြစ်သည်။ တိုင်းပြည်ကို ၂၀၁၀ ခုနှစ်မတိုင်ခင် အုပ်ချုပ်သွားသည့် စစ်အစိုးရကို ‘ငတုံးများ’၊ ‘မိုက်မဲသူများ’ အဖြစ် စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယူက ကင်ပွန်းတပ်ခဲ့ပြီး ၎င်းတို့နှင့်ဆက်ဆံရသည်မှာ ‘လူသေများနှင့် စကားပြောရသကဲ့သို့’ ဖြစ်သည်ဟု မှတ်ချက်ပြုဖူးသည်။ မြန်မာ့အရေးသည် ကမ္ဘာ့နိုင်ငံရေးတွင် သီးခြားဖြစ်တည်နေပြီး ဝေးကွာလှသည့် ကိစ္စရပ်တခုဖြစ်သဖြင့် ကိုယ့်ဖာသာ အလုံပိတ်ထားသည့် မြန်မာစစ်ခေါင်းဆောင်များအကြောင်း သိရှိနားလည်ဖို့ဝေးစွ မြန်မာနိုင်ငံနှင့် မြန်မာလူထုအကြောင်းကိုပင် ပြည်ပအစိုးရ အနည်းငယ်ကသာ ရေးရေးမျှ သိရှိထားသည်။
ထို့အတွက်ကြောင့်လည်း စစ်တပ်အပေါ် မှားယွင်းစွာ နားလည်မှုသည် လွဲချော်သည့် ကောက်ချက်များနှင့် အန္တရာယ်များသည့် လုပ်ရပ်များဆီ ဦးတည်သွားစေသည်။ စစ်အုပ်စုသည် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဥ်တခုကို စိတ်စေတနာကောင်းဖြင့် လုပ်ဆောင်လိမ့်မည်ဆိုသည့် အယူအဆကို ကိုင်စွဲထားကြသည်။ ယင်းသည် မည်သို့သော အောင်မြင်မှုမျှမရသည့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်၏ အခြေခံအမြင်ပင်ဖြစ်သည်။ ဘုံသဘောတူညီချက် ၅ ချက်ကို ၂၀၂၁ ခုနစ်တွင် သဘောတူခဲ့သော်လည်း ‘အာဆီယံ သဘောတူညီချက် ၅ ချက်ကို ဥပဒေကြောင်းအရ မဖြစ်မနေလိုက်နာရန် မလိုအပ်သည့် သဘောတူညီချက်ဟု မြန်မာနိုင်ငံကရှုမြင်ကြောင်း’ စစ်အုပ်စုက ဖေဖော်ဝါရီလတွင်ပြောဆိုပြီး သဘောတူညီချက်၏ အရေးပါမှုကို ဗြောင်ကျကျ ချိုးနှိမ်ပစ်ခဲ့သည်။ မကြာသေးခင်ကပင် စစ်အုပ်စုက အရေးပေါ်အခြေအနေ သက်တမ်းတိုးခြင်း၊ အကြမ်းဖက်မှုများ ဆက်ကျူးလွန်နေခြင်းများက အာဆီယံအစီအစဥ်ကို မထီလေးစားပြုခြင်းဖြစ်သည်။ သဘောတူညီချက်ထဲတွင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်ဆိုင်းရန်နှင့် ပါဝင်ပတ်သက်နေသည့် အင်အားစုအားလုံးကြား ဆွေးနွေးပြောဆိုရန်တို့ပါရှိသည်။
‘တည်ငြိမ်ရေး လမ်းကြောင်းများ’
မြန်မာ့အရေးအတွက် စေ့စပ်ညှိနှိုင်းပြီး ရရှိလာသည့် အဖြေတခုပေါ်ထွက်လာရေး ချင့်ချိန်စဥ်းစားကြမည်ဆိုလျှင် နိုင်ငံတကာ သက်ဆိုင်သူများအနေဖြင့် စစ်ဗိုလ်ချုပ်များ၏ မာဖီးယားဂိုဏ်း စိတ်နေစိတ်ထားကို သိနားလည်ရမည်ဖြစ်သည်။ ဗိုလ်ချုပ်များသည် စေ့စပ်ညှိနှိုင်းမှု၏တန်ဖိုးကို သိနားလည်ခြင်းမရှိဘဲ ရက်စက်စွာ အင်အားသုံးခြင်းကိုသာ နားလည်သည်။ လက်ရှိအခြေအနေအောက်တွင် ဗိုလ်ချုပ်များသည် စေ့စပ်ရေးထက် အဆုံးမရှိသောစစ်ပွဲ ဆင်နွှဲရေးကိုသာ ပို၍လိုလားသည်။ စစ်ရေးအရ အောင်မြင်မှုမရနိုင်တော့ဟု မြင်လာမှသာ စေ့စပ်ရေးစားပွဲဝိုင်းသို့ စစ်ဗိုလ်ချုပ်များ ရောက်လာမည်ဖြစ်သည်။
ထို့အပြင် စစ်ရေးအရ တန်းတူညီမျှသည်ဟု ၎င်းတို့ရှုမြင်သည့် အဖွဲ့များနှင့်သာ စေ့စပ်မှု လုပ်ဆောင်ကြောင်း စစ်တပ်သမိုင်းတလျှောက် သက်သေပြခဲ့ပြီးဖြစ်သည်။ ဥပမာအားဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ရက္ခိုင့် တပ်တော် ပါဝင်ရေးကို စစ်တပ်က ပိတ်ပင်ခဲ့သည်။ နောက်ဆုံး ရက္ခိုင့်တပ်တော် စစ်အင်အားကောင်းလာပြီး ထိန်းချုပ်နယ်မြေရှိလာတော့မှသာ စေ့စပ်ခဲ့သည်။ အာဏာမသိမ်းခင်ကလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်စဥ်တခုတွင် အင်အားသေးငယ်သည့် လူမျိုးစုလက်နက်ကိုင် အဖွဲ့တဖွဲ့မှ ကိုယ်စားလှယ်ကို ‘ခင်ဗျားတို့မှာ အင်အားဘယ်လောက်ရှိလို့ ကျုပ်နဲ့ တန်းတူ ဆွေးနွေးချင်ရတာလဲ’ ဟု စစ်ဗိုလ်ချုပ်တဦးက ကြမ်းတမ်းစွာ စိန်ခေါ်ပြောကြားသည်ကို စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးသည်။ ၁၉၈၁ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်စီးသွားသည့်အကြောင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် ခေါင်းဆောင်ဟောင်း ဘရန်ဆိုင်းက ‘အားနည်းတဲ့ အနေအထားတရပ်နဲ့ ကျနော်တို့ ဆွေးနွေးနေရတာကို နားလည်လာတယ်။ တခြားသော လူမျိုးစုအဖွဲ့အားလုံးနဲ့ စုစည်းညီညွတ်မှသာ (စစ်တပ်နဲ့ ဆွေးနွေးရေးမှာ) ကျနော်တို့ အောင်မြင်နိုင်မယ်’ ဟု သုံးသပ်ခဲ့သည်။
စစ်တပ်၏ အကြမ်းဖက်မှုကို ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့် လူမျိုးစုများကဲ့သို့ပင် မြန်မာလူထုသည် စစ်ဗိုလ်ချုပ်များ၏လက်ထဲတွင် အကြီးအကျယ် ဘေးဒုက္ခရောက်နေကြသည်။ စစ်ရေးအရ အနိုင်ရမည့်လမ်းမမြင်မှသာ စစ်တပ်သည် စေ့စပ်ဆွေးနွေးလာလိမ့်မည် ဆိုသည်ကိုလည်း နားလည်လာကြသည်။ ထို့အတွက်ကြောင့်လည်း စစ်တပ်ကို ခုခံတွန်းလှန်ရေး လက်နက်ကိုင်ရန် လိုအပ်သည်ဆိုသည့် နာကြင်ဖွယ်ရာ ဆုံးဖြတ်ချက်ကို လူထုအနေဖြင့် မလွှဲမရှောင်သာ ချမှတ်ရခြင်းဖြစ်သည်။
ယင်းအခြေခံအချက်များကို လက်ခံခြင်းမရှိလျှင် နိုင်ငံတကာအသိုင်းအဝိုင်းသည် စစ်အုပ်စု၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဆက်လက်၍ ထိတွေ့ဆက်ဆံ၊ ထောက်ခံပံ့ပိုးနေဦးမည်ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့ အောင်ပွဲရနိုင်သေးသည်ဆိုသည့် စစ်တပ်၏ ယုံမှားထင်မြင်မှုကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်သလို တိုင်းပြည်ကိုကယ်တင်ရေး မြန်မာလူထု၏ ကြိုးပမ်းအားထုတ်မှုကို အားနည်းစေမည်ဖြစ်သည်။ စစ်အုပ်စု အားကောင်းစေသည့် လုပ်ဆောင်ချက်မှန်သမျှသည် အကြမ်းဖက်ပဋိပက္ခနှင့် မြန်မာလူထုခံစားနေရသည့် ဘေးဒုက္ခကို ရှည်ကြာစေမည်သာဖြစ်သည်။ ခုခံတွန်းလှန်ရေးအင်အားစုများ အားကောင်းလာစေရေး လုပ်ဆောင်ချက်များကသာ စေ့စပ်ညှိနှိုင်းသည့် ရလဒ်တခုထွက်ပေါ်လာရေး ပိုမိုနီးစပ်စေမည်ဖြစ်သည်။
အစိုးရအဖွဲ့တွင် စစ်ဗိုလ်ချုပ်များ ပါဝင်နေခြင်းသည် မြန်မာနိုင်ငံတည်ငြိမ်ရေး ဆောင်ကျဥ်းနိုင်မည့် လမ်းကြောင်း မဟုတ်ပေ။ ၎င်းတို့သည် မြန်မာလူထု၏ ကဲ့ရဲ့ပြစ်တင်ခြင်းကိုလည်း ခံနေရပြီဖြစ်သည်။ စစ်အုပ်စုက အာဏာကို ချုပ်ကိုင်ထားသရွေ့ မတည်ငြိမ်မှုနှင့် အကြမ်းဖက်ပဋိပက္ခတို့က မြန်မာနိုင်ငံကို ဆက်လက်ပြီး ဖိစီးနှိပ်စက်နေဦးမည်သာဖြစ်ပေသည်။
(မူရင်း – https://www.usip.org/…/myanmars-criminal-junta-will-do…)
Be the first to comment