
‘အားလုံး မိုက်ကယ်ကေ’

အိမ်နီးချင်း မိုက်ကယ်ကေကို သတ်တဲ့အမှုနဲ့ သူ့ကို ရဲတပ်သားဝတ်စုံ ဝတ်ထားတဲ့ မိုက်ကယ်ကေက ဖမ်းတယ်။ “ငါ ဘယ်သူ့ကိုမှ မသတ်ဘူး၊ အခု မင်းလည်း ရှိနေတာပဲ၊ မင်းသေတာ ဟုတ်မှ မဟုတ်တာပဲကွာ မိုက်ကယ်ကေရာ” လို့ သူကပြောပေမဲ့ ရဲတပ်သား မိုက်ကယ်ကေက လက်မခံဘူး။ “မင်းက သူ့ကို သေနတ်နဲ့ ဒီလိုပစ်သတ်ခဲ့တာ” လို့ ပုံသဏ္ဌာန်တူလုပ်ပြပြီး သူ့ကို လက်ထိပ်ခတ်တယ်။ ပြီးတော့ ကားသမားဝတ်စုံ ဝတ်ထားတဲ့ ဒရိုင်ဘာ မိုက်ကယ်ကေ မောင်းတဲ့ အချုပ်ကားနဲ့ သူ့ကို တရားရုံးကို ခေါ်သွားတယ်။ ရှေ့နေ မိုက်ကယ်ကေက စွဲချက်တင်ပြီးတော့ တရားသူကြီး မိုက်ကယ်ကေက သူ့ကို ထောင်ဒဏ် တဆယ့်သုံးနှစ် ချတယ်။ အဲဒီနောက် ထောင်ဝန်ထမ်း မိုက်ကယ်ကေက သူ့ကို သူနေရမယ့် အကျဉ်းထောင်ဆီကို ခေါ်သွားတယ်။ အဖြစ်အပျက် တလျှောက်လုံး သူ ဘာမှပြောလို့မရဘူး။ သူ ဘယ်လိုငြင်းငြင်း ဘယ်သူမှ လက်မခံဘူး။
ဒီလိုနဲ့ ထောင်ထဲမှာ တဆယ့်သုံးနှစ် ကြာပြီးတဲ့နောက် တရက်မှာ ထောင်မှူးကြီး မိုက်ကယ်ကေက ထောင်ကျရက်စေ့ပြီဖြစ်လို့ ပြန်လို့ရပြီဆိုပြီး သူ့ကို ပြောတယ်။ ဒါပေမဲ့ သူ အကျဉ်းထောင်ကနေ အိမ်ကို ပြန်ရောက်ရောက်ချင်းမှာပဲ အိမ်နီးချင်း မိုက်ကယ်ကေက သူ့ကိုနှုတ်ဆက်ပြီး “မင်း ငါ့ကိုသတ်ခဲ့တဲ့အတွက် ရဲတွေ မင်းကို လိုက်ရှာနေကြပြီ” လို့ ထပ်ပြောတယ်။ ငါ အခုလေးတင် ထောင်ကလွတ်လာတာပဲ၊ မင်းကလည်း သေမှမသေတာ၊ အခု ငုတ်တုတ် ကြီး ရှိနေတာပဲ၊ ဘာညာတွေ ပြောပေမဲ့ မရဘူး။ အိမ်နီးချင်း မိုက်ကယ်ကေက သူ့ရဲ့အရှေ့တင်ပဲ ရဲတပ်သား မိုက်ကယ်ကေဆီကို ဖုန်းဆက်တယ်။ မကြာခင် ရဲတပ်သား မိုက်ကယ်ကေ ရောက်လာတော့မယ်၊ ပြီးရင် မိုက်ကယ်ကေကို သတ်တဲ့အမှုနဲ့ သူ့ကို ထပ်ပြီးဖမ်းမယ်၊ သူ ဘာလုပ်ရမလဲ၊ ထွက်ပြေးရမလား၊ ထွက်မပြေးဘဲ တရားရုံးမှာ ငြင်းရင်ကော ရပါ့မလား၊ ပြီးခဲ့တဲ့ တခါတုန်းကလည်း သူ ဘယ်လိုမှ ငြင်းလို့မရတာပဲနဲ့ သူ အမျိုးမျိုးတွေးတယ်။ နောက်တော့ သူ့ခေါင်းထဲမှာ ရုတ်တရက် ပေါ်လာတဲ့အကြံအတိုင်း သူ့ကိုယ်သူ မိုက်ကယ်ကေအဖြစ် ပုံစံပြောင်းလိုက်တယ်။ အားလုံးက အချိန်မီလေးပဲ။ ရဲတပ်သား မိုက်ကယ်ကေ ရောက်လာတော့ မိုက်ကယ်ကေနှစ်ယောက် ဖြစ်နေတာကိုတွေ့ပြီး ခေါင်းကုတ်၊ ပြန်ထွက်သွားတယ်။ အဲဒီနောက်တော့ သူလည်း ထောင်ထဲမှာ နောက်ထပ် တဆယ့်သုံးနှစ် မနေရဖို့ သူ့ရဲ့ပုံစံအမှန်ကို ပြန်မသွားဘဲ မိုက်ကယ်ကေအနေနဲ့ ဆက်ပြီးနေဖို့ ဆုံးဖြတ်လိုက်တယ်။
Be the first to comment