အိတ်မည်းကြီး

“အိတ်မည်းကြီး”
◼️တာပလု
အိတ်တလုံးကို အချိန်အတော်ကြာတဲ့အထိ မျက်လုံးထဲမှာ ပြန်ပြန်ပေါ်လာတယ်။ အခုအချိန်ထိလည်း တခါတခါ ပြန်ပေါ်လာတုန်းပဲ။ သတိမရအောင် ဖျောက်ထားကြည့်တော့လည်း မရပါဘူး၊ ပြန်ပေါ်လာတာပဲ။ ဘာလို့ ဒီလောက်တောင် စွဲလန်းရလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီး မေးခွန်းထုတ်ကြည့်တယ်။ကျနော်နဲ့ အချိန်အတော်ကြာကြာ အတူရှိခဲ့ကြဖူးလို့ပဲ နေမှာပါဆိုပြီး ကိုယ့်မေးခွန်းရဲ့အဖြေကို ပြန်ရလိုက်တယ်။
ကျနော် စာကြည်ခန်းထဲမှာ ရေနံဆီမီးခွက်တလုံးရဲ့ အလင်းရောင်နဲ့ တယောက်ထဲ အလုပ်ရှုပ်နေတတ်တယ်။ တခါတလေတော့ ကျနော့်ညီက ကျနော့်စာကြည့်ခန်းထဲလာပြီး ကျနော်နဲ့အတူ စာတွေ အော်ကျက်တတ်တယ်။ အခန်းဆိုတာ အိမ်တအိမ်ရဲ့ အများမမြင်နိုင်တဲ့ နေရာပါ။ အခန်းကို ဝါးထရံနဲ့ ကာထားတယ်။ ဒီဝါးထရံက ကျနော့်အသက်ထက် ကြီးတယ်လို့ အဖေကပြောတယ်။ နှစ်ပေါင်း ၃၀ ကျော် ရှိပြီ။ ဝါးတွေဆိုတာ နေမထိ၊ မိုးမထိ၊ နှင်းမထိရင် နှစ်ပေါင်း ၁၀၀ လောက် သက်တမ်းကို မယိုင်မနဲ့ဘဲ ကြံ့ကြံ့ခံနိုင်မယ့်သဘောတော့ ရှိတယ်။
အဲဒီဝါးထရံပေါ်မှာ အမြဲတမ်းလိုလို နေရာယူထားတာက အမည်းရောင် အိတ်တလုံးပါ။ နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိတဲ့ ဝါးထရံက အိမ်တအိမ်ရဲ့ အခန်းဖွဲ့စည်းပုံမှာ စနစ်တကျဖြစ်အောင် တာဝန်ယူရတဲ့အပြင် အိတ်တလုံးကိုပါ ထမ်းပိုးထားရပါသေးတယ်။ အဲဒီအိတ် မရောက်ခင်ကတော့ နာရီတလုံး၊အဖေ့ပုဆိုးနဲ့ ကျနော်တို့ ညီအကိုတွေရဲ့ အဝတ်အစားတချို့ကို ထမ်းပိုးထားရတာပါ။ တခါတလေတော့ အဖေ့အင်္ကျီတွေပါ ထမ်းပိုးထားရပါတယ်။ အမေ့ထဘီတွေကတော့ ဒီထရံပေါ် လာမတင်ဘူး။
ဒီဝါးထရံပေါ် တင်ထားတဲ့အရာတွေထဲမှာ ကျနော်တို့ ငယ်ဘဝက ဓာတ်ပုံ‌တွေလည်းပါတယ်။ ပေါ့ပေါ့ပါးပါးပဲ ထမ်းပိုးထားရတာပါ။ အိတ်မည်းတလုံး ရောက်လာကတည်းက နောက်ထပ် လေးလံတဲ့ ဝန်ပိုတခုကို စတင် ထမ်းပိုးရတော့တာပါ။
အိတ်ထဲမှာ ဖူးဖောင်းပြည့်နှက်နေတဲ့ စာရွက်စာတမ်းတချို့ ရှိတယ်။ တခါတလေ အမှတ်တမဲ့နဲ့ အဲဒီစာရွက်စာတမ်းတွေထဲက စာရွက်တရွက်ကို ဆွဲထုတ် ပြီး ဖတ်ကြည့်တယ်။ ဘာတွေရေးထားမှန်း မသိဘူး။ သူ့နေရာနဲ့သူ စာရွက်ကို အစီအစဉ်တကျ ပြန်ထားလိုက်တယ်။
အိတ်မည်းတလုံး ဒီဝါးထရံပေါ် ရောက်ရှိလာချိန်ကစပြီး ကျနော်တို့မိသားစု စီးပွားရေး ခြွတ်ခြုံကျဖို့ အစပြုလိုက်တာပဲ။ အိတ်တလုံး ထရံပေါ်ချိတ်ဆွဲထားယုံနဲ့ မိသားစုစီးပွားရေး ထိခိုက်စရာလိုသလားဆိုတဲ့ မေးခွန်းမျိုး မေးနိုင်ပါတယ်။ သေချာတာကတော့ ကျနော်တို့မိသားစု အိတ်မည်းတလုံး ရောက်ရှိလာချိန်ကစပြီး ဆင်းရဲတွင်း နက်သထက် နက်သွားတာပါပဲ။
အဖေက အိတ်မည်းတလုံးကို ပခုံးတဘက်မှာချိတ်ပြီး မနက်မိုးလင်းတာနဲ့ အိမ်ကနေ ထွက်သွားတယ်။ ညနေ မိုးစုတ်စုတ်ချုပ်မှ အိတ်တလုံးနဲ့ အိမ်ကိုပြန် ရောက်လာတယ်။ ကော်လံဂတုံး အင်္ကျီအဖြူကိုဝတ်ပြီး ခုလိုပဲ မနက်သွား ညပြန် တယောက်ထဲ အလုပ်ရှုပ်နေတတ်ပါတယ်။ ကျနော်တို့က အဖေဟာ အမှုတခုခုကို လိုက်နေတာလို့ပဲ သိထားတယ်။ အမှုတခုဖြစ်ရင် တရားရုံးသွားရတာ ရှေ့နေငှားရတာတွေနဲ့ အမှုအခင်းနဲ့ ဆိုင်တာတွေကို ရှာဖွေဖတ်မှတ် လေ့လာတာတွေ သူလုပ်ချင်လုပ်နေမှာပါ။ ကျနော်တို့က သူ ဘာတွေလုပ်နေသလဲဆိုတာကို နားမလည်သလို နားလည်အောင်လည်း မမေးဖြစ်ပါဘူး။
မနက်မိုးလင်းတာနဲ့ အိတ်တလုံးကို ပခုံးမှာချိတ်ပြီး ထွက်သွားလိုက်၊ ညနေအိမ်ပြန်လာလိုက် လုပ်နေတာ ဘယ်လောက်ကြာသွားလဲဆိုတာတောင် သတိမထားမိလိုက်ဘူး။ကျနော် အလယ်တန်းကျောင်းသားဘဝကနေ တက္ကသိုလ်တက်တဲ့အထိ အဖေက အိတ်တလုံးနဲ့ပဲ အလုပ်ရှုပ်နေတုန်းပါ။
သူဝတ်နေကျ ကော်လံဂတုံး အင်္ကျီအဖြူက ဖားဥတွေစွဲပြီး ညိုညက်ညက်တောင် ဖြစ်နေပါပြီ။ အင်္ကျီတထည် ဟောင်းနွမ်းသွားလို့ နောက်ထပ်အင်္ကျီတထည် ဝယ်ဝတ်ဖို့ ငွေကြေးအလုံအလောက် မရှိလို့ဆိုတာ ပြောနေစရာ မလိုတော့ပါဘူး။ ကျနော်တို့လည်း တစတစနဲ့ မပြည့်စုံခြင်းကို စတင်ခံစားလာရပါပြီ။
ဆန်အိုးထဲ ဆန်မရှိတာ၊ လူတောတိုးဖို့အတွက် ဝတ်စရာမရှိတော့တာ၊ ကျောင်းစရိတ်အတွက် လိုအပ်တဲ့ ငွေကြေးတွေကို လုံလောက်အောင် မပေးနိုင်တာတွေ မသိမသာနဲ့ ကြုံလာရသလို သိသိသာသာကြီး ကွယ်ဝှက်ထားလို့မရအောင် ကြုံလာရတာတွေလည်း ရှိလာပါတယ်။ မိသားစုတစုရဲ့ စီးပွားရေးချွတ်ခြုံကျခြင်း၊ ဟန်မပျက် အခြေအနေကနေ ဟန်ချက်ပျက်တဲ့ အခင်းအကျင်းကို ရောက်လာပါတော့တယ်။
အရပ်ထဲမှာတော့ “နင့်အဖေ အရည်မရ အဖတ်မရ အဲဒီအမှုကိုလိုက်နေလို့ နင်တို့ အခုလို‌ဖြစ်ရတာ။” အရည်မရ အဖတ်မရ အမှုကိုလိုက်နေလို့ ကျနော်တို့မိသားစု အခုလို ဖြစ်ရတာလားဆိုတဲ့ အတွေးမျိုး ခေါင်းထဲရောက်လာပါတယ်။ အချိန်အတော်ကြာတဲ့အထိလည်း ခေါင်းထဲက ထုတ်လို့မရခဲ့ဘူး။
သက်မဲ့အိတ်တလုံးက မိသားစုတစုကို စီးပွားရေးကျအောင် ဘယ်လိုလုပ်နိုင်မှာမို့လို့လဲလို့ မထင်လိုက်ပါနဲ့။ သက်မဲ့အိတ်တလုံးက သက်ရှိတွေကို အကြပ်ရိုက်စေတာမျိုးက ကိုယ်တွေ့ကြုံမှ သိရတာမျိုးပါ။ ပတ်ဝန်းကျင်ရဲ့ မှတ်ချက်တွေကြောင့်ပဲ အဖေဟာ မိသားစု စားဝတ်နေရေးကို အရေးမစိုက်ဘဲ သူ့အိတ် တလုံးနဲ့ အချိန်ပေးနေတယ်လို့ မကျေနပ်တဲ့စိတ်တွေ ပေါ်လာတယ်။
မကျေနပ်တဲ့စိတ်ဆိုတာ အဖေ့အပေါ်မှာတော့ မဟုတ်ဘူး။ အဖေနဲ့ အမြဲလိုလို အတူရှိနေတဲ့ အိတ်မည်းတလုံးကိုပါ။ ဒီအိတ်ထဲမှာ အမှုတွေရှိနေတယ်။အဖေကိုက အမှုအခင်းလိုက်ရတာကို ဆေးစွဲသလို စွဲနေတာ။ မိသားစု စားဝတ်နေရေးဆိုတာ သူနဲ့မဆိုင်တော့သလို ပစ်ထားတာလည်း ကြာခဲ့ပြီ။ မိသားစု စားဝတ်နေရေးဆိုတာ အိမ်ထောင်ဦးစီးတယောက် ရှိလျက်သားနဲ့ အခုလို ဖရိုဖရဲ ဖြစ်နေတာကြီးက လက်သင့်ခံနိုင်စရာလည်း မရှိဘူးပေါ့။
အိမ်ထောင့်တာဝန် ဝိုင်းဝန်းထမ်းရွက်ကြဖို့ဆိုတာ လောက်လောက်လားလား မဖြစ်သေးတဲ့ ကျနော်တို့ညီအကိုတွေကလည်း လူပိုတွေလို ဖြစ်လာတယ်။ မီးဖိုချောင်ထဲက ထမင်းနပ်မှန်အောင်တော့ အမေက ထိန်းထားလို့ တော်သေးတယ်ပဲ ပြောရမယ်။ ဒါဟာ အိတ်တလုံးကြောင့် ဖြစ်ရတာ။ အိတ်တလုံးထဲမှာ အမှုတွဲတွေ ရှိတယ်။ အမှုအခင်းဆိုတာ တရားရုံး ရောက်သွားတာနဲ့ တရားလိုရော၊ တရားခံရော တတိတိ ဖဲ့စားခံရတော့မှာကို ကြိုမသိထားကြလို့ ဖြစ်မှာပါ။ အဖဲ့စားခံစရာ မရှိတော့ဘူးဆိုရင်တော့ တရားမျှတခြင်းကို ဘယ်နေရာမှာ သွားရှာမလဲဆိုတာ စောဒကတက်စရာဖြစ်မှာပါ။
အဖေက တရားမျှတခြင်းကို တရားရုံးမှာ သွားရှာနေချိန်မှာ သူနဲ့ သူ့မိသားစုက တရားရုံးရဲ့ တတိတိ ဖဲ့စားခံရတဲ့ သားကောင်တွေ ဖြစ်သွားတာကိုတော့ သူ သတိမထားမိလိုက်ပါဘူး။
ကျနော်တို့ညီအကိုတွေရဲ့ တော်လှန်ရေးက အဲဒီအချိန်မှာပဲ စတင်လာပါတယ်။ ပုန်ကန်ခြင်းအလုပ်ကို စလုပ်ကြတယ်။ ကလေးသဘာဝပီပီ ကလေးအသိ၊ကလေးစိတ်နဲ့ ပြုမူဆောင်ရွက်တာမျိုးပါပဲ။ အဖေ့ကို အမူအရာတခုခုနဲ့ မထီတရီလုပ်ပြီး ပုန်ကန်တာမလုပ်ဘူး။ တရားရုံးဆိုတာကြီးကိုလည်း အမှန်တရားရှာဖွေရာနေရာ မဟုတ်ပါဘူးဆိုတဲ့ အသိလည်း မရှိခဲ့ဘူး။ ကျနော်တို့ရဲ့ ပုန်ကန်ခြင်းအရာက သက်မဲ့အိတ်တလုံးကိုပါ။ သက်မဲ့အိတ်တလုံးဆိုတာ လူသားတွေပြုသမျှ နုရတာပဲ မဟုတ်လား။
အိတ်မည်းကြီးကို ဝါးထရံမှာချိတ်ပြီး အဖေ ကျောကွယ်သွားပြီဆိုတာနဲ့ အိတ်ကို လျှာထုတ်ပြတာ၊ ပြောင်ပြတာ၊ ထရံတန်းပေါ်ကနေဖြုတ်ပြီး သစ်သားကြမ်းပြင်ပေါ်ကို “အုန်း” ကနဲမြည်အောင် ပစ်ချတာ။ ပြီးတော့ ထရံတန်းပေါ်ပြန်တင် ရှေ့ကနည်းအတိုင်း ပြန်လုပ်တယ်။ ဒါဟာ မကျေနပ်ချက်ကို ထုတ်ဖော်လိုက်တာပဲ။ လက်ခလယ်ထောင်ပြတဲ့ ယဉ်ကျေးမှု မထွန်းကားသေးလို့ အိတ်မည်းကြီးကို လက်ခလယ်ထောင်ပြတာတော့ မလုပ်မိလိုက်ဘူး။ ရိုင်းရိုင်းပြပြ အပြုအမူတခုခု လုပ်မိလိုက်သလားဆိုတာတော့ ကောင်းကောင်း မမှတ်မိတော့ဘူး။
သက်မဲ့အိတ်ကြီးတလုံးထဲမှာ အမှုအခင်းတွေ ထုပ်ပိုးသိမ်းဆည်းထားတယ်။ အဲဒီ ထုပ်ပိုးသိမ်းဆည်းထားတဲ့ အရာတွေကို ကျနော်တို့ရဲ့ လူသားဖြစ်တည်ခြင်းတချို့ကို ဖဲ့ဖဲ့ပေးလိုက်ရတာ ဘာမှ မကျန်တော့သလောက်ဘဲ။ နောက်ထပ် ဖဲ့ပေးစရာလည်း ရှိမှမရှိတော့တာ။ ဒီအိတ်မည်းကြီးကို ထရံတန်းပေါ်မှာ မမြင်ချင်တော့ဘူး။ အိတ်မည်းကြီးထဲက အမှုအခင်း စာရွက်စာတမ်းတွေဆိုတာကိုလည်း မီးပုံရှို့လိုက်ရင် ကောင်းမှာပဲ။ သက်မဲ့အိတ်ကြီးတလုံးနဲ့ သက်ရှိကလေးတွေနဲ့ အိမ်တအိမ်မှာ အဲ့လို ကတောက်ကဆ ဖြစ်ဖူးကြတယ် ဆိုတာပါပဲ။
About The Call 690 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*