“အိန္ဒိယသမုဒ္ဒရာနဲ့ အာရပ်ပင်လယ်”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
သီပေါကနေ TNLA ဆုတ်ပေးလိုက်တယ် ဆိုတဲ့အတွက် အောက်တိုဘာလထဲမှာ မန်း-လားရှိုးအထိ စကမအတွက် လမ်းပြန်ပွင့်သွားပြီဖြစ်တယ်။
‘ကုန်သွယ်ရေးလမ်းဆုံ’
သီပေါအပြီး စကမရဲ့ပစ်မှတ်ဟာ မန်းမြောက်တကြောမှာ မန်း PDF၊ TNLA တို့နဲ့ ပွဲဆက်တွေဆက်ရှိမှာဖြစ်သလို ရှမ်းမြောက် (မူဆယ်၊ ချင်းရွှေလီ) တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းအတွက် လမ်းဆုံဖြစ်တဲ့ သိန္နီကို MNDAA နဲ့ တရုတ်ကြားခံပြီး ဆက်ကြရဖို့ရှိတယ်။ စကမအတွက် မူဆယ်လမ်းကြောဟာ အခက်အခဲတွေရှိဆဲဖြစ်ပေမယ့် ချင်းရွှေဟော်ဘက်အထွက်ကတော့ လမ်းသာလာတယ်လို့ ပြောလို့ရလာတယ်။
ပြီးခဲ့တဲ့လပိုင်းတွေက မန်းမြောက်ရဲ့ MNDAA၊ TNLA နဲ့ SSPP တို့ကို ဝဘက်က ခေါ်သတိပေးခဲ့တာတွေနဲ့ လတ်တလောကျင်းပခဲ့တဲ့ NCA ၁၀နှစ်ပြည့်မှာ ဝပြောခွင့်ရပြောခဲ့တဲ့ တနိုင်ငံလုံးငြိမ်းချမ်းရေးကို ထောက်ခံပါတယ်ဆိုတဲ့ စကားတွေအရ ရှမ်းမြောက်ပေါ် တရုတ်ဖိအားဟာလည်း အတော်ပုံပေါ်လာပြီလို့ ပြောရမှာပါပဲ။
ဒီလထဲမှာ စောင့်ကြည့်ရမယ့် အစည်းအဝေးနှစ်ခုက တရုတ်မှာကျင်းပမယ့် TNLA – စကမ ဆွေးနွေးပွဲနဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ၄ ကြိမ်မြောက် ဗဟိုကော်မတီ စုံညီအစည်းအဝေးဖြစ်တယ်။
‘နယ်စပ်ကိုဖြတ်ကျော်လာတဲ့ ဖိအားများ’
တကယ်တော့ တရုတ်အကူအညီမပါဘဲ စကမ ပြန်တက်လာဖို့ မလွယ်ကူဘူးလို့ လက်ခံတယ်ဆိုရင် တော်လှန်ရေးမှာ ပြင်ပနိုင်ငံကြီးတွေ၊ ယေဘုယျပြောရရင် နိုင်ငံတကာရဲ့သက်ရောက်မှုဟာ အတိုင်းအတာတခုအထိ အရေးပါတယ် ဆိုတဲ့သဘောကို လက်ခံကြရမှာပဲဖြစ်တယ်။ နွေဦးဟာ မေ့လျော့ခံ တော်လှန်ရေးတခု ဖြစ်ခဲ့ရတာဟာ အခြေခံအကြောင်းရင်းတွေ ရှိပါလိမ့်မယ်။ နိုင်ငံတကာက နောက်ဆုတ်နေပေမယ့် အိမ်နီးချင်းနိုင်ငံတွေက သူတို့အကျိုးစီးပွားနဲ့သူ ဝင်ရောက်ပတ်သက်နေတာအထင်အရှား တွေ့မြင်နေရမှာဖြစ်တယ်။
နွေဦးပေါ် ပထမဆုံး ဝင်ရောက်ပတ်သက်ခဲ့တာက အိမ်နီးချင်းဆိုတာထက် အာဆီယံဖြစ်တယ်။ ခုချိန်ထိ အာဆီယံဟာ ပူးလာလိုက် ခွာသွားလိုက်နဲ့ မြန်မာ့အရေးမှာ သူ့ရဲ့ သဘောတူညီချက်ငါးချက် (5PC) နဲ့ လိုက်ပါနေဆဲဖြစ်တယ်။ သို့ပေမယ့် ခုနောက်ပိုင်းပိုပြီး ထဲထဲဝင်ဝင်ပတ်သက်ဖို့ ကြိုးစားလာတာက တောင်အာရှလို့ ပြောရမယ့်သဘောမျိုးဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်မှာ အစိုးရအပြောင်းအလဲဖြစ်အပြီး ယာယီအစိုးရသစ်က လူသားချင်းကူညီမှုစင်္ကြန်ကို ကမ်းလှမ်းခဲ့ချိန်က စတယ်လို့ ပြောနိုင်တယ်။ ဒီကမ်းလှမ်းချက်ကို ဘင်္ဂလားဒေ့ရှ် ပြည်တွင်း နိုင်ငံရေးအဖွဲ့အစည်းတွေ အတွင်းမှာကို သဘောတူညီချက် မရတဲ့အတွက် ရှေ့မတိုးနောက်မဆုတ် ဖြစ်နေရတဲ့သဘောဖြစ်တယ်။
ဒီအနေအထားဟာ တိုက်တိုက်ဆိုင်ဆိုင် MNDAA၊ TNLA အဆုတ်၊ AA အထီးတည်း ကျန်ရစ်ခဲ့ချိန်နဲ့ တပြိုင်နက်တည်းလောက်မှာဖြစ်လာတဲ့အတွက် အထူးသတိထားဖို့ဖြစ်တယ်။ အန်အယ်လ်ဒီအစိုးရကို အကျပ်အတည်းတွင်း တွန်းပို့ခဲ့တဲ့ ရိုဟင်ဂျာအရေးအခင်းနဲ့အတူ ရခိုင်နယ်စပ်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ နိုင်ငံတကာ ပတ်သက်မှုတွေဟာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာစေနိုင်တဲ့အဆက်အစပ်တွေကို တွေ့ရှိလာရတယ်။
‘တောင်အာရှ’
တောင်အာရှမှာ ၈ နိုင်ငံပါဝင်ပြီး ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ နီပေါလ်တို့မှာ လူထုဆန္ဒပြပွဲတွေနဲ့အတူ ဒီနှစ်ပိုင်းအတွင်း အစိုးရတွေ ပြုတ်ကျခဲ့တယ်။ အိန္ဒိယနဲ့ ပါကစ္စတန် စစ်ဖြစ်တယ်။ အာဖဂန်နစ္စတန်ကနေ အမေရိကန်ဆုတ်ခွာတဲ့ ၂၀၂၁ ဩဂုတ်မှာ တာလီဘန်အစိုးရ အာဏာရခဲ့တယ်။ ဘိုင်ဒင်ဆုတ်ခဲ့တဲ့ အာဖဂန်မှာ ထရမ့်က ခု လေတပ်အခြေစိုက်စခန်းကို ပြန်လိုချင်တယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောတယ်။
ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ နီပေါလ်အစိုးရတွေ ပြုတ်ကျခဲ့တဲ့ နောက်မှာ အမေရိကန်ရှိနေတယ်လို့ ခန့်မှန်းချက်တွေရှိပြီး အိန္ဒိယပါကစ္စတန်စစ်ကို ထရမ့်က အမြန် ရပ်တန့်နိုင်ခဲ့တယ်။ အမေရိကန်ဟာ အာဖဂန်နဲ့ (တနည်း တာလီဘန်နဲ့) ၂၀၀၁ နိုင်းဝမ်းဝမ်းကနေ ၂၀၂၁ အထိ နှစ် ၂၀ တိတိ ခက်ခဲကြမ်းတမ်းတဲ့ စစ်ပွဲတွေနဲ့ ထိန်းချုပ်မှုတွေ ဖြစ်ခဲ့တယ်။ ဒါကြောင့် အမေရိကန်ရဲ့ တောင်အာရှ အနီးကပ် ကြည့်ရှုချက်တွေဟာ ဘာတွေဖြစ်မလဲဆိုရင် အိန္ဒိယ-ပါကစ္စတန်စစ် (နျူကလီးယား ထိန်းချုပ်မှု) နဲ့ အာဖဂန်ပြဿနာ (အကြမ်းဘက်စစ်) လို့ ပြောနိုင်ပေမယ့် တရုတ် ဒေသတွင်းဝင်ရောက် သြဇာတည်ဆောက်လာတာကို တန်ပြန်ဖို့ကလည်း ကြီးမားတဲ့ အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်လာတာဖြစ်တယ်။
တရုတ်-ပါကစ္စတန် ကုန်သွယ်ရေးစင်္ကြန်ဟာ အိန္ဒိယနဲ့ ပါကစ္စတန်စစ်ကို တချိန်လုံး တောင်းဆိုနေတဲ့ ကက်ရှ်မီးယားကိုဖြတ်ပြီး အာရပ်ပင်လယ်ကိုပေါက်တဲ့ ဂွာဒါ-ကတ်ရှကာလမ်းကြောင်း (မြန်မာမှာ ကျောက်ဖြူ-ကူမင်းလမ်းနဲ့ သဘောအတူတူဖြစ်တယ်) ဖြစ်တယ်။ ဒီကုန်သွယ်ရေးစင်္ကြန်ဟာ တရုတ် ကုန်တွင်းပိုးလမ်းမရဲ့ အစိတ်အပိုင်းတခုဖြစ်သလို ပါကစ္စတန်ရဲ့ အဓိက အခြေခံအဆောက်အဦးတွေ (လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်နဲ့ သတင်းဆက်သွယ်ရေး) ကို တည်ဆောက်ပေးဖို့ဖြစ်တယ်။
‘သံတမန်ရေးနဲ့ စစ်’
အေအေဟာ တောင်အာရှတွင်းက ရိုက်ခတ်လာမယ့် ပြဿနာတွေကို ဟန့်တားဖို့ အစိုးရတရပ်ရဲ့ ရပ်တည်ချက်မျိုးနဲ့ လုပ်ပိုင်ခွင့်မျိုး ရှိမနေဘူး။ နုဂျီရဲ့ နိုင်ငံခြားရေးပေါ်လစီနဲ့ နိုင်ငံတကာ သံတမန်အခင်းအကျင်းက ဒါကို ဘယ်လို ပံ့ပိုးနိုင်မလဲ၊ နုဂျီရဲ့ စစ်ရေးမဟာဗျူဟာက အေအေရဲ့အထောက်အပံ့ကို ပြန်ယူပြီး မကွေးတိုင်းကို ဘယ်လို အထိုင်ချမလဲဆိုတာတွေကို အဖြေရှာနိုင်ခဲ့မယ်ဆိုရင် လတ်တလောထွက်ပေါ်နေတဲ့ တရုတ်ရဲ့ ရှမ်းမြောက်ဖိအားကို သွယ်ဝိုက်တဲ့နည်းနဲ့ တန်ပြန်ထားနိုင်တယ်လို့ ပြောနိုင်ပါလိမ့်မယ်။