“အိပ်ပျော်ပြီးရင် စိတ်ပျော်သွားမှာလား”
ဂနိုက်
ရေးလက်စ စာရွက်အလွတ်ဟာ ရေးလက်စအတိုင်းပဲ ရပ်တန့်သွားတော့တာပဲ။ ဘုရားခန်းထဲက ဘုရားစင်လည်း အရင်အတိုင်း ရှုပ်ပွဆဲပဲ။ ပင့်ကူမျှင်ပေါင်း များစွာနဲ့ပေါ့။ ငါမွေးထားတဲ့ကြောင်ကလည်း ငါ့ကို စိတ်ပျက်စွာ ထိုင်ကြည့်နေဆဲ (လို့ ထင်တာပဲ)။ ငါ့ကလေးအတွက် ၀ယ်လာတဲ့ အရုပ်ကားကိုလည်း ဆိုင်ကအထွက်မှာ ပန်းကုံးတွေ လက်ထိပ်မှာအပြည့် တွဲလွဲဆွဲထားတဲ့ ကလေးတယောက်ကို ပေးပစ်လိုက်တယ်။ အနည်းဆုံးတော့ သူတို့ ပြန်ရောင်းစားတော့မယ်မထင်ဘူး။ ဘယ်ကစဖြစ်မှန်းကို သေချာမသိတော့ပေမဲ့ ဖြစ်ချင်တိုင်းကို ဖြစ်နေတော့တာပဲ။ ငါ့အယူအဆနဲ့ငါ ရေတွေကို ခပ်ထုတ်နေတာကြာပေါ့။
စိတ်ငြိမ်သွားမလားလို့ ဂယောင်ခြောက်ခြားနဲ့ အိမ်ရှေ့ထွက်ထိုင်တော့ လမ်းပေါ်က အရှိန်အတော်သင့်နဲ့ ဖြတ်သွားတဲ့ဆိုင်ကယ်ပေါ်က ရဲတယောက်က ငါ့ကို ဘုကြည့် ကြည့်သွားသလို ခံစားလိုက်ရတယ်။ “ပလိစ့် ဂစ်ဖ်မီ ယော်အိုင်းဒီ” လို့ ဆင်းမပြောသွားတာဘဲ တော်သေးတယ်လို့ ပြောရမယ်။ အဲ့သလိုမျိုးပေါ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုက ငါတို့အပေါ်မှာ နေသားတကျ ရှိသွားသလိုမျိူး။ အိတ်စ်ပါယာဒိတ် ကျော်သွားတဲ့ ခေါက်ဆွဲထုတ်တွေ မီးဖိုချောင်ရဲ့ထောင့်တိုင်းမှာ ရှိနေသလိုမျိုး။ ဒါဟာ ပုံမှန်လို ငါတို့ကို အကြောက်တရားတွေက ခြောက်လှန့်နေတာမျိုးပါပဲ။
ခြင်ထောင်ထဲမှာ ဘယ်သူမှမခိုင်းဘဲ ပျံနေတဲ့ ခြင်တွေဘက်က တခုခု တွေးကြည့်ဖူးလား။ ပျံနေရင်း နားနေရင်း ဘယ်သူကရော သေချင်မှာလဲ။ တယောက်ယောက်ရဲ့ သွေးကိုစုပ်ချင်တာ ဆန္ဒကြောင့်မဟုတ်ဘဲ ဆက်လက် အသက်ရှင်ဖို့ပဲဖြစ်မှာ။ ၇ ရက်ပဲ သက်တမ်းရှိတယ် ဆိုပေမဲ့လည်းပေါ့။ စူပါမားကတ်တွေပေါ်က ရေခဲသေတ္တာတွေထဲရောက်သွားတဲ့ ဆယ်လ်မွန်ငါးတွေကလည်း စောက်သည်းကွဲသွားတဲ့ကောင်တွေ ဖြစ်နိုင်တာပဲ။ ငါ့ခေါင်းထဲစွဲနေတာတခုပဲရှိတယ်။ အပြန်မတတ်ရင် သေတတ်တယ်။ အပျံမတတ်ရင် သေတတ်တယ်။ အရမ်းပြန်ချင်ပေမဲ့ ပြန်ဖို့ကိုကြောက်ရွံ့မိတဲ့ စိတ်ဆာလောင်မှုတွေလို့ပဲ ဆိုရမှာ။
အတွေးတွေ သိပ်များနေပြီကွာလို့ တွေးမိတော့ အတွေးတွေရပ်ဖို့ ကိုယ့်ကိုယ်ကို သတိပေးရင်းနဲ့ အိမ်ရှေ့ကနေ အိမ်ထဲကို ဘယ်လိုပြန်ရောက်လာလဲ မသိတော့ဘူး။ တံခါးပိတ်ခဲ့ရဲ့လားလို့ ကိုယ့်ကိုယ်ကိုမေးတော့မှ တစုံတယောက်အလာကို စောင့်နေတာမို့ တံခါးတွေပိတ်ဖို့ မေ့ပစ်ခဲ့တာကို သတိရသွားတယ်။ ရေချိုးခန်းတံခါး၀မှာ ငါ့ကြောင်ကအိပ်နေတာတွေ့လို့ ခြေထောက်နဲ့ပိတ်ကန်ပြီး စ,ဖို့လုပ်နေတုန်း ငါငယ်ငယ်က ရန်ဖြစ်တော့ နောက်ကျောကနေ ကန်ခံရဖူးတာကို သတိရသွားလို့ ခရင်မီတထုပ်ဖောက်ပြီး ကြောင်ရှေ့ချပေးလိုက်တယ်။ ငါ့ကိုယ်ငါ အတွေးတွေထဲကကန်နှိုးဖို့ကလွဲရင် ဘာကိုမှ သတိမရတော့ဘူး။ ငါ ရေချိုးခန်းဘက်ကို ဘာလုပ်ဖို့သွားတာလဲဆိုတာပါ သတိမရတော့ဘူး။ ဒီဘက်နှစ်တွေမှာ ငါတို့ခေတ်က ဘွဲ့လက်မှတ်တွေ သုံးစားမရသလို ငါ့ဦးနှောက်တွေက လုံးဝ သုံးစားလို့မရတော့ဘူးလို့ ထင်မိနေတာလည်း တော်တော်ကြာပြီ။
စိတ်ဆောင်လို့ပဲ ငါ ရပ်တန့်ဖို့ မကြိုးစားတော့တာ။ အလုပ်တခုကို ပြီးအောင်လုပ်ဖို့နဲ့ ထမင်းများများ စားဖို့စိတ်ပဲ ရှိတော့တာ။ ငါလျှော့ပေးလိုက်ရင် ငါရပ်သွားမှာဆိုတာသိပေမဲ့ အသက်ရှူရပ်သွားမှာကိုတော့ ကြောက်နေတုန်းပဲ။ ရိုးရိုးလေးပဲပြောရရင် နေမကောင်းတဲ့ရက်တွေမှာ တခုခုစားဖို့ ထပ် ခံတွင်းပျက်တာကြောင့် ဘာမှ မစားချင်တော့တာမျိုးပဲ။ ယဲ့ယဲ့ပဲကျန်တော့တဲ့ငါ့ကို ဘာလို့ ထပ်နင်းချင်နေတာတာလဲလို့ အော်ပြောတဲ့ဘဲကို ကြည့်လိုက်တာ အနှိပ်ခန်း မှာဖြစ်နေတယ်။ အဲ့လိုပဲ လူစွမ်းအားအရင်းအမြစ်တွေဟာ ပျောက်ဆုံးသွားတာ ပျောက်ဆုံးနေခဲ့တာ ဘယ်တုန်းကမှမရှိတော့သလိုမျိုးပဲ။ ငါတို့ရေးခဲ့ဖူးတဲ့ အိပ်မက်ပန်းချီကားတွေ တစစီ ပျံ့ကြဲသွားပြီ။ ဘယ်တုန်းကရှိနေခဲ့တဲ့ အိပ်မက်လဲဆိုတာပါ မေ့သွားတော့ ရယ်ရတယ်။ တကယ်တော့လေ ငါတို့ဟာ အရက်မမူးရင် အရာအားလုံးကို မေ့နိုင်ပါတယ်။
“နေကောင်းတုန်းကလိုပြန်နေပါလား” လို့ တယောက်ယောက်က ပြောသွားတာကို မှတ်မိတယ်။ ဘယ်သူပြောသွားလဲဆိုတာ မေ့သွားပြီလေ။ နေမကောင်းဖြစ်တယ်ဆိုတာ အရမ်းမေ့တတ်တာကို ပြောတာဖြစ်မယ်လို့ ထင်လိုက်တာပဲ။
မင်းကလွဲရင်
အားလုံးကို အကြာကြီးစဥ်းစားရပါတယ်
မေ့တတ်တာဟာ ရောဂါဖြစ်ပြီး
မေ့မရတာဟာလည်း ရောဂါပါပဲ။
ဆူးရစ်နွယ်
ဆာလောင်မွတ်သိပ်မှုပေါင်းများစွာနဲ့ နှုတ်ခမ်းတွေကို မျှော်လင့်နေသလိုပဲ။ တယောက်ယောက်အကြောင်းကို မေ့သလို မစဉ်းစားဘဲနေလို့ ရ,မရ ကိုယ်တိုင် ဆုံးဖြတ်နေရသလိုမျိုးပဲပေါ့။မ သိစိတ်ရဲ့ ဆတ်ခနဲ ခေါင့်ညိမ့်မိရခြင်းတွေဟာ နေပြန်ကောင်းဖို့ နေပြန်သာဖို့ မိုးမရွာဖို့ စသဖြင့် ခေါင်းခဲနေရတဲ့ အခိုက်အတန့်တိုင်းကို ကျော်ပစ်ပြီး အစားထိုးလို့မှမရတာ။ ဆိုတော့ အတွေးတွေ သိပ်လွန်နေတာကို သတိထားမိပြီလို့ သတိပေးလိုက်ရတယ်။
“ငုပ်ခနဲ” လား “ထောက်ခနဲ” လား အသံကို သိပ်မမှတ်မိတော့ဘူး။ ရုတ်တရက် ဖိနပ်ပြတ်သွားတော့ ရေခဲသေတ္တာပြေးဖွင့်ပြီး ရေဝဝသောက်။ အပြင်ထွက်ဖို့ပြင်ရတယ်။ ဖိနပ်မပါဘဲ ဖိနပ်ဆိုင်သွားရတဲ့အရသာက ဖိနပ်စီးချင်လို့ ပူဆာနေတဲ့ မြို့ပြင်က ကလေးပေါက်စနလေးတွေရဲ့ လိုအင်ဆန္ဒလောက် မကြီးပေမဲ့လည်း အလွယ်တကူ ဆုံးဖြတ်ချက်ချရတာပဲ။ သိပ်စဉ်းစားနေရင် ရူးသွားမှာ။ မဟုတ်သေးပါဘူး ရူးပြီးသားပဲဟာ။
ဘွဲ့ယူစာတမ်းကို သတိရလို့ လှမ်းမေးမိတော့ မျက်နှာဖုံးက အမည်တောင် မသဲကွဲတော့တဲ့အဖြစ်။ ဆေးလိပ်တွေလျှော့သောက်သလို ချောင်းတွေ လျှော့ဆိုးလို့မရတဲ့ပြဿနာ … စားတယ်။ နေပူတယ်ဆိုပြီး ဦးထုပ်ဆောင်းဖို့မေ့တယ်။ ပေါင်းအိုးနဲ့ ထမင်းတည်ပြီး ခလုတ်နှိပ်ဖို့မေ့တယ်။ မိုးလင်းရင် မနက်စာစားဖို့မေ့တယ်။ ညဉ့်ဘက်တွေ စောစောအိပ်ဖို့မေ့တယ်။ တစုံတယောက်ကို သတိရဖို့ကလွဲရင် အကုန်မေ့တယ်။ သူငယ်ချင်းတယောက် အိမ်ရောက်လာတော့ ရေကုန်နေတဲ့ ရေအိုးကိုကြည့်ပြီး အပြင်ပြန်ထွက်သွားတယ်။ ရေဘူးတဘူးထမ်းပြီး ပြန်ရောက်လာတယ်။ သောက်ရေအိုးထဲကို ရေစစ်စွပ်ပြီး သောက်ရေသန့်လောင်းထည့်တော့ တော်တော်ရီ (ရယ်) ရတာပဲလို့ မှတ်ချက်ပေးလိုက်တယ်။ ငါ ရေဘူးကို မ,မနိုင်တော့ပေမဲ့လဲပေါ့။ စဉ်းစားကြည့်လေ ရေစက်ဘယ်လောက်ပါပါ ပြန်ကိုမဆုံနိုင်တော့တာမဟုတ်လား။
အဲ့လိုနဲ့ အမျိုးမျိုးယောက်ယက်ခတ်ပြီး မျက်လုံးပွင့်လာတော့ အိပ်ယာထဲမှာ။ ညက အိမ်ရှေ့ထွက်ထိုင်ခဲ့လားဆိုတာပြန်စဉ်းစားရင်း ဟိုတစ ဒီတစ အိပ်မက်လို့ယူဆပြီး ရေသောက်ဖို့ထွက်လာတော့ ရေသန့်ဘူးက မိချောင်းပေါ်နေပြီ။ “ညကအိပ်မက်က တော်တော်စားတာပဲ သောက်ရေအိုးကြီးနဲ့ဟ” လို့ရီပြီး သောက်ရေသွား၀ယ်ဖို့ အပြင်ထွက်ဖို့ ကြိုးစားတော့တာပဲ။ မျက်နှာမသစ်ဘဲ မသွားသင့်ဘူးဆိုတဲ့ အတွေး၀င်လာလို့ ရေချိုးခန်းကိုထွက်လာရင်း ရေချိုးခန်းရှေ့ရောက်တော့ ငါ့ပါးစပ်အဟောင်းသား ရေချိုးခန်းအရှေ့မှာ ငါ့ကြောင်ဟာ အိပ်လျက် သူ့ပါးစပ်နားမှာ ဖောက်ထားကာစ ခရင်မီထုပ်က ဒီတိုင်းပဲ။
၂၅၊ စက်တင်ဘာ၊၂၀၂၄
Be the first to comment