အိပ်မက်နံပါတ် ၄၉၆

‘အိပ်မက်နံပါတ် ၄၉၆’
◼️ အီယန်
လေနှင်ရာ လွင့်နေတဲ့ တိမ်တွေကို ငေးကြည့်နေရင်းမှာပဲ နှစ်ကာလဟာ အလယ်တည့်တည့်ကနေထက်ပိုင်းကျိုးကျသွားတယ်။ ခြောက်လတာဆိုတဲ့ ကာလဟာ ကိုယ်အမှန်တကယ် ပိုင်ဆိုင်ခွင့်ရတဲ့ အချိန်မဟုတ်သလိုပဲ အားတက်သရော ဖြတ်သန်းရမှာကိုလည်း မေ့ခဲ့။ သတိရလို့ နောက်ပြန်လှည့်ကြည့်လိုက်တော့ ခြစားခံလိုက်ရတဲ့ စာရွက်တွေလို ဘာအခန်းမှာ ဘာအမှတ်တရကို ချရေးမိခဲ့တာလဲဆိုတာ ခြေရာလက်ရာ ရှာမရတော့။
နှစ်စတုန်းကတော့ ပိုက်ဆံလေး ပြန်စုပြီး အမေ့အပြုံးကို ပြန်ရွေးမယ်၊ ပိုတာလေးနဲ့ အိပ်မက်တွေကို အရောင်တင်မယ် စိတ်ကူးနဲ့ အတွေးတွေကို ဆင်ကိုးစီး စားမကုန်လောက်အောင် တွေးခဲ့ပေမဲ့ တခုမှလည်း ဖြစ်မလာ။ ဖြစ်လာအောင်လည်း အားမထုတ်နိုင်။ ရယ်စရာကောင်းတာက နှစ်စက အားကောင်းမောင်းသန်နဲ့ စီးဆင်းနေခဲ့တဲ့ စိတ်အားထက်သန်မှုတွေဟာ အသက် ၃၀ ပြည့်အပြီးမှာတော့ လဲမှိုပွင့်လေးလိုပဲ လွင့်ချင်ရာ လွင့်ပြီး ဘယ်ဆီရောက်မှန်းမသိ။
အသက်ကြီးလာတာကြောင့်ပဲလား။ ဒါမှမဟုတ် ကမ္ဘာကြီးကပဲ တနေ့တခြား ပိုလေးလံလာတာကြောင့်ပဲလား။ သက်ပြင်းရှိုက်နေတဲ့ သူတွေကို ငေးကြည့်မိတော့လည်း ဒီလိုပဲ ဘဝကို တရွတ်တိုက် ဆွဲခေါ်သွားကြတာ တွေ့တယ်။ ဒါဟာ လုပ်ရိုးလုပ်စဉ်ပဲလား အမေလို့ မေးခွန်းထုတ်မလို့ ရှိသေး၊ အမေ့နားထင်နားထင်တဝိုက်က အဖြူရောင် ဆံခြည်မျှင်လေးတွေကို ရေတွက်မိပြီး မေးရမှာ မေ့သွားတယ်။ တချောင်း … နှစ်ချောင်း … သုံးချောင်း။
ဒီနှစ်ပိုင်းအတွင်းမှာ တခုတ်တရ လုပ်မိလာတာက အားရင်အားသလို အိပ်တတ်ပြီး လောဘကြီးမိလာတာက ခေါင်းအုံးပေါ် ခေါင်းတင်လိုက်တာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားချင်တာပဲ။ မဆိုစလောက်လေး ကျွမ်းကျင်လာတယ်လို့ ခံစားရတာကတော့ လွှတ်ချတတ်တာပဲ ဖြစ်မယ်။ စွဲလမ်းမှုက ကိုယ်ရည်ကိုယ်သွေးလို ဖြစ်ခဲ့တော့ ဒီခက်ခဲမှုက တဖြည်းဖြည်း လွယ်လာတာ မြင်ရတာ ဝမ်းသာမိတယ်။
လွှတ်ချလိုက်တာတွေထဲမှာ အိမ်ပြန်တဲ့ လမ်းကလေး ပါမသွားဖို့တော့ အံကို တင်းတင်းကြိတ်ပြီး ဆုပ်ကိုင်ထားရတယ်။ အဲ့ဒါကတော့ ကိုယ်ထင်ထားတာထက် ပိုခက်တဲ့အလုပ်ပဲ။ မာနတွေမှာ မနက်ဖြန်ဆိုတာလည်း မရှိတော့ပါဘူး။ အရောင်မှိန်လွန်းသွားတော့ အမှောင်လမ်းမှာ ပြန်ရှာဖို့လည်း ခက်ရ။ အပြုံးလေးတခွဲသားနဲ့ပဲ မျက်စိရှေ့ ရောက်လာသမျှကို တည့်တည့်ကြီး ဝင်တိုးရ။ မြေသားနုနုမို့ တရိရိ ပွတ်စားခံရလည်း ဘာအရေးလဲကွယ်။ ခံနိုင်ရည်ရှိမှုကို နောက်ဘဝထဲကနေ တဆယ်တိုးနဲ့ ချေးထားတယ်။
ညအိပ်ရာဝင်တိုင်း သေသေချာချာလေး တောင်းဖြစ်တဲ့ ဆုကတော့ မနက်ဖြန်မှာလည်း ပန်းကလေးတွေ ပွင့်နေသေးဖို့ပဲ။ စောင့်ကြည့်နေပါလေ … အိမ်ပြန်လမ်းပေါ်မှာ အမေ့ရယ်သံအားကိုးနဲ့ လောကဓံကို ခေါင်းထောက်ကြည့်နိုင်တဲ့ တနေ့ အိမ်ရှေ့က စံပယ်ရုံကလေး‌လို တလောကလုံး မူးမေ့သွား​အောင်အထိ မွှေးဖြာပြဦးမှာ။
About The Call 762 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*