2
‘အိပ်မက်သုံးသောင်း’
■ သက်ငြိမ်
“မောင်မင်းကြီးသား ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ သက်တော်ရာကျော်ရှည်ပါစေတော်”
အတုံးလိုက် အတစ်လိုက်ရှိလှသည့် ဆုတောင်းသည် အားပါးတရ။ ဆုတောင်းသည် အသားချည်း ဖြစ်လျက်ရှိသည်မှာ အရိုးတစပင်မပါသကဲ့သို့ စေတနာတို့ဖြင့် ရွှန်းစိုလျက်။ လက်ထဲ ကိုင်ထားသည့် မွဲပြာပြာ ငွေစက္ကူနှစ်ချပ်ကို တသောင်းကျပ်တန်တွေဟု ပြောတော့ တအံ့တဩဖြစ်နေသေးသည်။
“ငါတို့ငယ်ငယ်ကဆို မူးစေ့ မတ်စေ့ပဲရှိတာ။ လက်ထဲ တကျပ်ပြည့်အောင်တောင် ကိုင်ဖူးတာ မဟုတ်ဘူး”
ဘဝတလျှောက် ဆင်းရဲမွဲတေမှုကို မှေးတင်ကြီးပြင်းလာခဲ့သည့် အဖွားအတွက် တသောင်းကျပ်တန်နှစ်ရွက်သည် ကြီးမားလွန်းသည့် ပမာဏသာ ဖြစ်သည်။ ဖင်လှန်ခေါင်းလှန် လှည့်ကြည့်ရင်း နှုတ်ခမ်းထိပ်မှာ အပြုံးရိပ်တွေခိုနေကြသည်။ ဆယ်စုနှစ် ရှစ်ခုကျော်အတွင်း တလုံးတဝ ပိုင်ဆိုင်ရသည့် ငွေစက္ကူကျပ်နှစ်သောင်းကား အဖွားအတွက် ကြီးမားကျယ်ပြန့်လှပါဘိခြင်း။ တထောင်ကျပ်တန်တို့ကိုသာ အမြင့်ဆုံးထားကာ စုဆောင်းထားတတ်သည့် အဖွားသည် ငါးထောင်ကျပ်တန်ကိုမျှ မကိုင်ခဲ့တတ်။ ငါ မရေတတ်ဘူးဟု ဆိုတတ်သည်မို့ အဖွားအတွက် တထောင်ကျပ်တန်တို့ကိုသာ အမြင့်ဆုံးထားကာ ပေးရသည်။
“ဟဲ့ ဘာဖြစ်လို့ ပေးတာတဲ့လဲ”
မထိတ်သာ မလန့်သာ မေးပြန်သည်။ ပေးရခြင်းသာရှိလျက် ရရှိခြင်း မရှိဖူးသော ထူးဆန်းဖွယ် ဖြစ်ရပ်အား သဘောပေါက်အောင် ရှင်းပြရသည်။
“အဖွားက အသက်ရှစ်ဆယ်ကျော်နေပြီမို့လေ။ အသက်ရှစ်ဆယ်ကျော်တွေကို နိုင်ငံတော်အစိုးရက ထောက်ပံ့ကြေးပေးတာ”
လေးနေသည့်နားကို ကြားအောင် အော်ပြောရသည်။ တုန်ခါနေသည့်ခေါင်းက ပို၍ပင် တုန်သွားသလိုလို။ အကြောင်းမသိလျှင် မဖြစ်နိုင်ဟု ခန္ဓာဗေဒဖြင့်ငြင်းချက်ထုတ်သည်ဟုပင် ယူဆသွားနိုင်သေးသည်။ သို့သော် အဖွား၏ ရင်ဘတ်စည်တီး အံ့ဩတကြီးဖြစ်ပုံက အားလုံးကို ပြုံးစိစိဖြစ်ကြစေကုန်၏…
“အိုး…ဘုရား ဘုရား။ ဒီအသက်ဒီအရွယ်အထိ ရောက်ခဲ့ပြီ။ ဘုရင်ကပေးတဲ့ ပိုက်ဆံတခါများတောင် မရဖူးပေါင်” တဲ့။
ခေါင်းပေါင်းစကို ဖြုတ် ဘယ်ပခုံးပေါ်သပ်သပ်ရပ်ရပ်တင်ကာ ဆုပေးစကားတွေဆိုပြန်သည်။
“မောင်မင်းကြီးသား ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ သက်တော်ရာကျော်ရှည်ပါစေတော်”
ဆွေမတော် မျိုးမစပ် ဒီလောက်သိတတ်ရုံနှင့်ပင် မင်းကောင်းမင်းမြတ်။
တောင်ရှည်ဝတ်ကာ သံလျက်ကိုင်လျက် မင်းကြီးများအသံကိုသာ ကြားယောင်နေမည်ဖြစ်သော အဖွားအတွက် နိုင်ငံတော်အစိုးရဟူသည် အတောင်နှစ်ဆယ်ဝတ်ကာ သံလျက်ကိုင်သည်ချည်းကို မြင်သည်။
ပြီးနောက်
“ဟဲ့ ငါတို့ဆီက ဘာပြန်ပေးရအုံးမှာလဲ”
နှစ်သောင်းငွေအတွက် ပေးဆပ်နိုင်မည့်အရာတွင် သူ့ဆီမရှိသောအရာတွေ ပါမည်စိုးနေရှာပုံရ၏။
“ဘာမှမပေးရပါဘူး အဖွားရဲ့။ ဒါက ထောက်ပံ့ကြေးဆိုတော့ အဖွားတို့ကို ဒီအတိုင်း ပေးတာပါ။ ဒီပိုက်ဆံတွေက အဖွားအပိုင် ဖြစ်သွားပြီလေ။ အဖွားလှူချင်တာလှူ။ စားချင်တာ ဝယ်စား”
လှူဒါန်းငွေ လာပို့ပေးသူက ဆိုတော့ အဖွားတပြုံးပြုံး သူ့ဘဝ လူဖြစ်မရှုံးတော့ဘူးဟုပင် ဆိုလိုက်သေးသည်။
“အဖိုးကြီးသာ ရှိနေသေးရင် မင်း,ကပေးတဲ့ ပိုက်ဆံကို ရဖူးသွားအုံးမှာ”
လွန်ခဲ့သည့် ငါးနှစ်ကျော်က သံသရာသို့ခြေဦးလှည့်သွားသည့် လင်ယောက်ျားကို သတိတရ ဆိုပြန်သည်။ ငွေစက္ကူကိုကြည့်ကာ…
“ဒီငွေတရွက်ကို ဆရာတော်ကျောင်းကို သွားလှူလိုက်ရအောင် မြေးရယ်” အဖွားဘေးငုတ်တုတ်ထိုင်ကာ ဖောင်ဖြည့်ပေးနေသော မြေးဖြစ်သူ ကျမအား လှမ်းပြီး ပြော၏။
“ညနေကျ သွားမယ်လေ အဖွား။ အခု ဒီမှာလေး အဖွားလက်မှတ်ထိုးပေးရမယ်”
“ဟဲ့ ငါ လက်မှတ်မထိုးတတ်ဘူး”
“နာမည်ရေးပေးရင် ရပြီလေအဖွား”
အ သုံးလုံးကိုပင် ကွင်းလုံးကျွတ်ကျခဲ့ဖူးသည်ဆိုသော အဖွားအတွက် တောင်ပေါ်တက်သည်ထက်ပင် ခက်လှသော လက်မှတ်ဆိုသည့်အရာအတွက် ချွေးတွေပင် ပျံထွက်နေကြသည်။
“ငါမရေးတတ်ပါဘူး။ ရေးပေးလိုက်စမ်းပါ”
အချိုးမကျစွာကိုင်ထားသည့် ဘောပင်ကို ပြန်ပေးကာ ဆိုပြန်သည်။
ကျမကပင် အဖွား၏ ငွေနှစ်သောင်းအတွက် လက်မှတ်တုတချက်ဖြင့် လဲလှယ်ကာ ပါရမီဖြည့်ခွင့်ရလိုက်သည်။
ငွေလာပို့သည့် မြို့နယ်အုပ်ချုပ်ရေးဝန်ထမ်းက ပြန်တော့မည်ဆိုတော့ အိမ်ကထွက်သမျှ ပဲနှမ်း ကောက်ညှင်းတွေကို ထည့်ပေးလိုက်ချင်ပြန်သေးသည်။
“ကျေးဇူးတင်ပါတယ် အဖွား။ အဖွား ကျန်းမာအောင်နေနော်။ လာမယ့်နှစ်ကျရင် ထောက်ပံ့ကြေးက သုံးသောင်းရမှာ”တဲ့။
အဖွားက ရွှင်လန်းမှုအပေါင်းဖြင့် နှုတ်ဆက်နေပြန်လေသည်။ မင်းကျွေးသော မင်းစာ သုံးသောင်းအတွက် အဖွား၏ အသက်ရှည်မှုသည် မျှော်လင့်ချက်တို့ဖြင့် စူးလက်လျက်ရှိ၏။
……………
“အမေ အားဆေးထိုးရအောင်…”
အဖွား၏သမီးဖြစ်သူ ကျမအဒေါ်က ချော့ကာ မော့ကာ သတ်မှတ်ကာလရောက်နေသည့် အားဆေးထိုးဖို့ ပြောရသည်။ စိတ်ဝင်စားပုံမရသည့် အဖွားအား
“အမေ ကျန်းမာပြီး အသက်ရှည်မှ နိုင်ငံတော်ကပေးတဲ့ ငွေသုံးသောင်းရမှာ”
အတွန့်မတက်တော့…
အဖွား၏ ငွေသုံးသောင်း မျှော်လင့်ချက်သည် ကြီးမားလျက်ရှိပုံရ၏။ အဒေါ်က ဆေးဖိုးရှင်းလိုက်သည်မှာ သုံးသောင်းထက်ပိုနေကြောင်းကို အဖွားမသိလိုက်။
ရှေးဟောင်း နှောင်းဖြစ်များထဲမှ ငွေများအကြောင်းကို စကားပြောကောင်းဆဲ….။
“တို့များ ငယ်ငယ်ကဆို အခုလို ဘယ်မှာ စားစရာသောက်စရာ ပေါပါ့မလဲ။ ဝယ်စရာ နေရာလည်း မရှိသလို ဝယ်ဖို့ပိုက်ဆံလည်း မရှိဘူးလေ။ ဒါကြောင့်လည်း နေ့လည်နေ့ခင်း သွားရည်စာတွေက ကောက်ညှင်းတွေ၊ အိမ်မှာလုပ်တဲ့မုန့်တွေ၊ ယာထဲ အခင်းထဲက ထွက်တဲ့ ကန်စွန်းဥလို စိမ်းစားဥလို အာလူးလိုတွေ တောထဲတောင်ထဲကရတဲ့ အသီးအနှံလို စားစရာတွေပဲ ရှိတာ။ ပိုက်ဆံဆိုတာ တကျပ်ပြည့်အောင် ကိုင်ဖူးတယ်လို့တောင် မရှိသလောက်ဘဲ”
သက်တမ်းနှစ်ရှစ်ဆယ်ကျော်မှာ မိုင်ငါးဆယ်ဝန်းကျင်အတွင်းထက် ပိုမသွားဖူးသော အဖွား၏ ဘဝခရီးကား ရှည်လျားလှသည်။ အတွေ့အကြုံတွေက များလှသည်။ သို့သော် အဖွားအတွက် တိုင်းရေးကိုမသိ၊ နိုင်ငံရေးကိုလည်း မသိ။ လာမည့်အပတ်အတွင်း မဲပေးရမည်ကိုလည်း မသိ။
“အဖွား နောက်အပတ်ဆို မဲပေးရတော့မယ်”
“ဘာလုပ်ဖို့ မဲပေးတာလဲ”
အဖွားနားလည်မည့်စကားလုံးကို သုံးရသည်။
“ဘုရင်အသစ်ရွေးကြမှာလေ”
“ဟေ… အဲ့လိုရွေးလို့ ရသလား”တဲ့။
“အဖွားလည်း မဲပေးရမယ်။ တယောက်ယောက်ကို မဲထည့်ပေးရမယ်”
အဖွားသိသည့် ဘုရင်သည် ငွေနှစ်သောင်းကြီးများတောင် ထောက်ပံ့ကြေးပေးခဲ့ဖူးသည်။ အဖွားအတွက် များများစဉ်းစားနေဖို့မလို…
“ငွေသုံးသောင်းပေးမယ်ဆိုတဲ့ မင်းကို မဲထည့်ပေးလိုက်မယ်” တဲ့။
ဘေးလူများ ပြုံးကြရသည်။ ငွေနှစ်သောင်းသည် အဖွားအတွက် အတိတ်ဖြစ်ပြီး ငွေသုံးသောင်းသည် အနာဂတ်ဖြစ်သည်။ အဖွား၏ တွန့်ကွေး ပျော့တွဲကျနေသည့် ပါးပြင်တွေနှင့် မျက်နှာပေါ်က အရေးအကြောင်းများကို ငေးနေမိသည်။ အဖွားကား ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆဲ။ အဖွားနားလည်ခဲ့ရသည့် သူ့ဝန်းကျင်အကြောင်းကို ပြောဆဲ။ သူ ဖြတ်သန်းခဲ့ရသည်များကို ပြောဆဲ။ ရလာသည့် အတွေ့အကြုံအသစ်ထဲမှ ငွေသုံးသောင်းကို မျှော်လင့်ဆဲ…။
အဖွားသည် အသက်ရှစ်ဆယ်ကျော်လာပြီ။ မကြာခင် အသက်ကိုးဆယ်ပြည့်တော့မည်။ နောက်တကြိမ် မဲပေးခွင့်ရှိအုံးမလား သေချာမသိ။
သို့သော် အဖွားအတွက် ဒီတခါ ထောက်ပံ့ကြေးအဖြစ် ငွေသုံးသောင်းရမည်ကို သေချာနေခဲ့လေသည်။
#4.12.2024/Wed(7:43AM)
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
