ဖျားသွေး
အိပ်ရာအကြောင်းပြောမယ်ဆို ကျနော့်အတွက်တော့ ကြယ်ငါးပွင့်ဟိုတယ်က မွေ့ယာတွေ ခုတင်တွေကိုတော့ ချန်လှပ်ရမယ် ထင်ပါရဲ့။ ဘာလို့ဆိုတော့ ကျနော်မှ မရောက်ဖူးတာကို။ အမှောင်လေးတွေပျို့တာနဲ့ တမြိုက်မြိုက်ပူလာတဲ့ညဦးမှာ အိမ်ထဲမှာ ကုပ်နေလို့မရတော့ ပုဆိုးတထည် ကျောပေါ်လွှားပြီး ရွာလယ်ကို ထွက်လာရတယ်။
ရွာလယ်က သဲချောင်းရိုးက ကောနေတော့ သဲဇာတွေပဲရှိတယ်။ နေ့ခင်းများမြင်ရင်တော့ ဆိတ်အုပ်နွားအုပ်တွေ ဖြတ်သန်းနေကြမို့ အမှိုက်သရိုက်တွေနဲ့ ထောင်းလမောင်းထနေတဲ့ သဲဇာပြင်ကြီးက ညကြတော့ ကြယ်ရောင် လရောင်ကြောင့်လား မဆိုနိုင်။ ဖြူလွင့်လွင့်အရောင်နဲ့ ရှစ်နာရီမှကျော်တာနဲ့ အေးသလိုဖြစ်လာပြီ။ သဲပြင်ကို ရွံရမှန်းလည်းမသိ။ ပုဆိုးလေးခင်းပြီး အိပ်လိုက်တာပဲ။ ချောင်းပြင်ပေါ်မှာ ကိုယ့်လိုကောင်တွေက စီရရီ။ အချို့က မှောက်လျက်။ အချို့က ပက်လက်။ အချို့က ဆေးလိပ်လေးဖွာရင်း ကောင်းကင်ကို ငေးလိုငေးနဲ့။
ကြယ်တွေက ကျနော်တို့ကို စီးမိုးကြည့်နေတာပေါ့။ နေ့လယ်များဆိုရင်လည်း အိပ်စရာနေရာ ထပ်ရှာရပြန်တယ်။ အညာနွေရဲ့ နေ့လည်ခင်းက အိမ်ထဲမှာနေစရာမရှိအောင် ပူတော့ ရွာအရှေ့ဘက် ကန်နားက ခြုံအောက်တွေကို သွားရတယ်။ အဲဒီနားမှာတော့ သစ်ပင်အရိပ်တွေကောင်းလို့ ထင်ပါရဲ့။ ပုဆိုးကလေး ဖြန့်ခင်းပြီး ကြက်ဆူရိုင်းပင်တွေအောက် တိုးခွေ့အိပ်တာနဲ့ တရေးလောက်တော့ ပျော်တာပဲ။ ပုရွက်ဆိတ်လေးဘာလေးတော့ အနည်းအပါးကိုက်တာပေါ့လေ။
ဆောင်းနှောင်းကာလရောက်ပြီဆိုရင် ကျနော်တို့ အညာတလွှားမှာ ဘုရားပွဲ ဇာတ်ပွဲတွေ ပြည့်နေတတ်တယ်။ အဲဒီလို ပွဲခင်းကနေများ မူးမူးနဲ့ အိမ်ပြန် တော့မယ်ဆို ရွာနဲ့ကလည်းဝေးတော့ အိမ်ကိုမရောက်တော့တာ သိနေတော့ အိပ်စရာနေရာ ရှာရတယ်။ ပွဲခင်းထဲမှာ ရည်းစားသနာ ဘာညာရှိရင်တော့ လှမ်းအချက်ပြပြီး သူ့ပေါင်ပေါ် ခေါင်းခွေ့မှိန်းရတာ ဇိမ်ပေါ့။ ရည်းစားမရှိ ကြိုက်သူမရှိတဲ့ ကျနော်တို့ဘဝမှာတော့ ပွဲညမှာ အိပ်ရာရှာရတာ ဒုက္ခတခုပါပဲ။ ပွဲဇာတ်စင်အစပ်က ယာပြင်ထဲအိပ်ရင်လည်း ယာပြင်ပေါ်က လူပေါင်းစုံ အပေါ့အလေးစွန့်ထားတာ။ လှဲအိပ်လို့ မဖြစ်နိုင်။ နောက်ဆုံးတော့ ဘုရားအဝင်က ခြင်္သေ့ရုပ်ကြီးတွေကြားကို ကြိုးစားတက်ရတယ်။ အဲဒီလောက်ထိ မသွားနိုင်အောင် ပလပ်ကျွတ်နေတဲ့ ကောင်တွေကတော့ သေးဗွက်အိုင်လားမသိ ဘာမသိလည်း မတတ်နိုင်ဘူး။ ယာပြင်ကွင်းထဲ ပက်လက်ကလေးတွေ လဲနေကြတယ်။
သူ့အတွက်တော့ ကြယ်ငါးပွင့်ဟိုတယ်က ခုတင်ပေါ်ရောက်နေတယ် ထင်မှာပဲ။ ခြင်္သေ့ကြီးရဲ့ ပေါင်ကြားအောက် ဝင်အိပ်ရတာ ယာပြင်ထက်စာရင်တော့ နွေးတာပေါ့။ ပါလာတဲ့ အနွေးအင်္ကျီလေးထဲ လက်သျှိုရင်း ခေါင်းက အောက်ကိုချလိုက်တာနဲ့ ရီဝေနေတဲ့ လေဟာပြင်ကြီးထဲ ရောက်သွားပြီး အိပ်ပျော်သွားပြီ။ လက်ထဲမှာ ပိုက်ဆံငါးဆယ်လောက် ကျန်သေးရင်တော့ အပြာကားတွေ တညလုံးပြတဲ့ ဇာတ်စင်ထောင့်က ဗီဒီယိုရုံထဲ အေးဆေး ဝင်အိပ်လို့ရတယ်။
ရုံထဲဝင်တာနဲ့ ပိုက်ဆံမပေးရတဲ့ ရဲတွေက ထိပ်ဆုံးကနေထိုင်ပြီး မော့မော့ကြီးနဲ့ အပြာကားတွေ ကြည့်နေကြတယ်။ မျက်စိနှစ်လုံးလုံး မီးရောင်စုံတွေဖြာနေတဲ့ ကိုယ်တွေအတွက်တော့ တီဗီက ဘာတွေပြမှန်းလည်းမသိ။ ရုံထောင့်စပ်ကလေး မှီလိုက်တာနဲ့ အိပ်ပျော်သွားတာပဲ။
အဒေါ်ကြီးအိမ်မှာ ကပ်နေခဲ့တုန်းက အိမ်ပြန်နောက်ကျတော့ တံခါးသော့ခတ်သွားပြီ။ အိမ်ရှေ့က ကွပ်ပျစ်ပေါ်မှာလည်း ခြင်က အရမ်းကိုက်တော့ အိပ်မရဘူး။ ဒါနဲ့ လမ်းထိပ် လက်ဖက်ရည်ဆိုင်က စားပွဲထိုးလေးဆီ သွား လှမ်းနှိုးပြီး သူ့ဘေးမှာအိပ်ရဖို့ ခွင့်တောင်းရတယ်။ သူ့အိပ်ရာက အိပ်ရာလို့ပြောဖို့တောင် အဓိပ္ပါယ် လုံလောက်ရဲ့လားမသိ။ ညရောက်လို့ ဆိုင်သိမ်းတာနဲ့ စားပွဲခုံတွေကို လူတယောက် အိပ်ရရုံ စီပြီး အပေါ်မှာ ခြင်ထောင်အစုတ်လေးကို ရအောင် ထောင်ပြီး ဝင်အိပ်လိုက်ရတာပဲ။ အခင်းရယ်လို့လည်းမပါ။ ခေါင်းအုံးကလည်း ဆိုင်ပိုင်ရှင် ကောင်တာထိုင်ရင်း ဖင်ခုထိုင်ရာမှာသုံးတဲ့ ဖက်တုံးကြီးထင်ပါရဲ့။ ကျနော့်မှာ ကောင်လေးဘေးကို ကျုံ့ပြီးလှဲရင်းနဲ့ပဲ အိပ်လိုက်ရတာပဲ။
နယုန်လရောက်တိုင်း ကျင်းပစမြဲဖြစ်တဲ့ အညာ မြို့သာနတ်ပွဲက လူတွေအင်မတန်စည်တော့ ယာပြင်ကျဉ်းကျဉ်းလေးထဲမှာ ဈေးရောင်းသူတွေဟာ ဖြစ်သလိုပဲ ရောင်းချနေကြရတယ်။ ဒီ ဆိုင်ကွက်လပ်ကလေးပေါ်ပဲ ဈေးရောင်း ဒီနေရာလေးမှာပဲ ညကျရင် ပြန်အိပ်။ ရက်ရှည်လာတဲ့ လှည်းတွေကလည်း ပြည့်နှက်နေတယ်။ လူအရမ်းများတော့ အချို့တွေမှာ လှည်းပေါ်မှာ နေရာမရတော့ လှည်းအောက်ဆင်းအိပ်ရတယ်။ အလေးအပေါ့ စွန့်ချင်တဲ့လူတွေမှာ အိမ်သာရယ်လို့လည်း ဆောက်မထားလို့လား။ နေရာမအားတာလား မပြောတတ်ပါဘူး။ ဈေးတန်းကြီးရဲ့နောက်မှာပဲ ထဘီ ပုဆိုးတွေကို မျက်နှာနားအထိ မပြီး အလေးအပေါ့ စွန့်နေကြတယ်။ ကွင်းပြင်ကြီးတခုလုံး မစင်နံ့တွေ လွင့်နေတယ်။
လှည်းအောက်မှာ အိပ်ရသူတွေအဖို့ မစင်မွေ့ယာအကြားကို ခေါင်းချရတာနဲ့ ဘာထူးမှာလဲ။ ဒါပေမဲ့လည်း သူတို့ကိုကြည့်လိုက်တော့ ဆွီတီဟုမ်းမွေ့ယာကြော်ငြာတဲ့ မင်းသားမင်းသမီး မျက်နှာပေးမျိုးနဲ့ လှည်းကလေးတွေအောက်မှာ အိပ်စက်နေကြတာပါပဲ။
ထိုင်းဘက်ကိုလစ်ဖို့ မြဝတီကိုရောက်တော့ ညနေမိုးချုပ်လှပြီ။ ပင်ပန်းနေတာမို့ နေရမယ့်အဆောင်ကိုလည်း သတိမပြုနိုင်။ ပျင်းတာနဲ့ ယမကာဆိုင်ကို သွားလိုက်တယ်။ ခွက်ပုန်းတွေ ဆက်တိုက်ကစ်လိုက်တော့ အတော်လေး ပလပ်ကျွတ်သွားပြီ။ လူက အရက်ဆိုင်ကအထွက်မှာ ယိမ်းထိုးနေပြီ။ အဆောင်ကိုပြန်မှ ဖြစ်တော့မယ်။ အဆောင်ကို ပြန်ရောက်တော့ ပွဲစားတွေစီစဉ်ပေးတဲ့ အဆောင်တွေမှာ လူတွေက ပြွတ်သိပ်ထိုးနေပြီ။ အဆောင်အပေါ်ထပ် တက်တဲ့လှေကားကို တိုးဝှေ့ပြီး အပေါ်ကို လှမ်းကြည့်တော့ အလွန်အမင်း ပင်ပန်းနေပုံရတဲ့ ရွှေ့ပြောင်းပြည်သားတွေဟာ လိင်ဖိုလိင်မရယ်လို့လည်း ခွဲမနေနိုင်တော့ဘူး ထင်ပါရဲ့။ ဆယ်ယောက်တောင် မဆန့်လောက်မယ့် နေရာကလေးမှာ အယောက်နှစ်ဆယ်လောက် ပြုံထပ်ပြီး အိပ်နေကြတယ်။ အိပ်ရာဆိုတာ ဘယ်မှာလဲလို့ မေးဖို့အကြောင်းမရှိ။
ကျနော့်မျက်စိထဲမှာ ရေနွေးဖျောထားတဲ့ ဖားတွေ ပွက်ပွက်ဆူနေတဲ့ ရေနွေးဇလားထဲ ပူးကပ်နေသလို မြင်သွားမိတယ်။
အဆောင်က ဆင်းလာတော့ ဝန်းကျင်က တိတ်ဆိတ်နေပြီ။ အဆောင်တွေဘေးက တိုက်မြင့်ကြီးတွေကို မော့ကြည့်မိတယ်။ တိုက်ကြီးရဲ့အပေါ်ထပ်မှာ မီးတွေ ထိန်လင်းနေတယ်။ အိမ်ပိုင်ရှင်တွေလည်း အိပ်နေရော့ပေါ့။ သူတို့အိပ်ခန်းထဲက အိပ်ရာတွေက ဘယ်လိုတွေ နေမလဲမသိ။ သူဌေးသူကြွယ်တွေဆိုတော့ အိပ်ရာကြီးတွေကလည်း ခမ်းခမ်းနားနား ဖြစ်မှာပါပဲ။ အိပ်ရာကြီးတွေက ကျယ်ဝန်းလှလွန်းလို့ အကောင်းစား ကျွန်းခုတင်ကြီးပေါ်မှာ လူးလိမ့်နေကြမလား။ စပရင်မွေ့ယာ ဆိုတာကြီးပေါ်မှာ ခုန်ဆွ ခုန်ဆွ လုပ်နေကြမလား။
သူတို့ဘဝတွေမှာ အိပ်စရာအိပ်ရာမရှိလို့ အုံးစရာခေါင်းအုံးလို့တောင် မရှိလို့ ကိုယ့်ကျောကိုယ် ကိုယ့်လက်ကိုယ်ပဲ အိပ်ရာခင်းအမှတ် ခေါင်းအုံးအမှတ်နဲ့ လက်ပေါ် ခေါင်းတင် ကျောခင်းရင်းနဲ့ပဲ အိပ်ခဲ့ရတာမျိုးတွေကို ကြုံဖူးကြမယ်တောင် မထင်။ ကျုပ်တို့အဖိုး လက်ထက်တုန်းက ရွာကို ဂွမ်းကပ် ခင်းစောင် ရောင်းတဲ့သူတွေ လာဖူးတယ်ဗျ။ သူတို့မှာ တထည်မှ ရောင်းချမရဘဲ ပြန်သွားရသတဲ့။ ဘာလို့လဲဆိုတော့ ကျနော်တို့ဆီက တောသူတောင်သားတွေမှာ ကျောအောက်ကို ဂွမ်းကပ်စောင်ခင်းပြီး အိပ်ရတယ်ဆိုတာ ဘယ်တုန်းကမှ မကြားဖူးလို့တဲ့။ ဒီဇာတ်လမ်းကို ခင်ဗျားတို့ကို ထိုင်ပြောရင် ရယ်တောင် ရယ်ကြမလား မသိ။ အဲဒီလို ဂွမ်းကပ်စောင်ခင်းပြီး တခါမှ မအိပ်ဖူးသူထဲမှာ ကျနော်လည်း အပါအဝင်ပဲ မဟုတ်ဘူးလား။ နူးညံ့ပျော့ပျောင်းခြင်း ဆိုတဲ့စကားက ကျနော်တို့အတွက် စာသင်ကျောင်းက စာအုပ်ထဲမှာ ထည့်ရေးထားဖို့မလိုဘူး ထင်ပါရဲ့။ အိမ်အနားက အမေကြီးလည်း ဆောင်းလလယ်ကြီးထဲမှာပဲ မီးဖိုဘေးက ကွပ်ပျစ်ကလေးပေါ်မှာပဲ အခင်းမပါ ခေါင်းအုံးမပါဘဲ အိပ်နေရင်း အသက်ကုန်သွားခဲ့တာလေ။ ကျနော့်လို လေလွင့်ရွက်ဝါတရွက်လို ဖြစ်နေတဲ့ လူတယောက်အဖို့တော့ ဒီအမယ်ကြီးလို ကွပ်ပျစ်ကလေးပေါ်မှာတောင် အေးအေးလူလူ အိပ်နေရင်း အသက်ကုန်ခွင့်ရဖို့ သေချာပါ့မလား မဆိုနိုင်သေး။
ရီဝေနေတဲ့ ကျနော်ဟာ တိုက်အိမ်ကြီး ခြံထောင့်နားက တံတိုင်းကလေးကို လက်လှမ်းမှီပြီး တဝေါ့ဝေါ့ ထိုးအန်လိုက်ရတယ်။ ခေါင်းတခုလုံးထဲက ပန်ကာတွေလည်နေသံကို ကြားရတယ်။ ပန်ကာသံမဟုတ်ဘူး။ အက်ရှင်ကားထဲက ရဟတ်ယာဉ်သံတွေလားမသိ။ မခွဲခြားနိုင်။ မဟန်နိုင်တော့။ ကျောခင်းစရာ တနေရာရာကို ရှာမှဖြစ်တော့မယ်။ ဒီနားမှာ လှဲအိပ်ဖို့ မဖြစ်နိုင်။ ရွာဘက်က ပွဲခင်းမဟုတ်။ ရွာလယ်က ချောင်းပြင်မဟုတ်။
အံကြိတ်မတ်တပ်ရပ်ရင်း လမ်းဘေးဝဲယာကို လိုက်ကြည့်မိတယ်။ မီးကင်းတဲကလေးများ တွေ့နိုင်မလားပေါ့။ ကိုယ်တို့နယ်မြို့ကလေးက ပြန်စရာအိမ်မရှိတော့တဲ့ လေလွင့်လူငယ်တွေမှာတော့ ရပ်ကွက်ထိပ်က မီးကင်းတဲတွေဟာ နေစရာအိမ်ပါပဲ။ ဘုံဘိုင်မှာ ရေသွားချိုးမယ်။ လက်ဖက်ရည်ဆိုင်နောက်က အိမ်သာမှာ အလေးအပေါ့စွန့်မယ်။ ကြွပ်ကြွပ်အိတ်ထဲ ထည့်ထားတဲ့ အင်္ကျီနဲ့ဘောင်းဘီကို လဲဝတ်မယ်။ အကြံအဖန်မရှိတဲ့ရက်တွေမှာ ဘုရားနားက ဇရပ်တွေပေါ်ပဲ သွားအိပ်ရင်း စားနေကြ နှစ်ရာတန် ထမင်းဆိုင်မှာ အကြွေးမှတ်စားမယ်ပေါ့။ ရပ်ကွက်ထဲ ပြန်လာတဲ့အခါ မီးကင်းတဲပေါ်ပဲ တက်အိပ်လိုက်ကြမယ်ပေါ့။
ကျနော်ဟာ မီးကင်းတဲကို ကြိတ်မှိတ်လိုက်ရှာရင်း ငယ်ဘဝက အိပ်ရာကလေးကို သတိရနေတယ်။ အဖီလေးဘေးက ထန်းလက်လေးမိုးထားတဲ့ အိပ်ရာကလေး။ အဖေခေါင်းချသွားတဲ့ ကုတင်လို့ပြောတဲ့ ယိုင်နဲ့နဲ့ ခုတင်ကလေးပေါ်မှာ ဖျာစုတ်ကလေးခင်းထားတဲ့ အိပ်ရာကလေး။ ရွာလယ်က သဲတောထဲကနေ တရေးနိုးလို့ ပြန်လာတိုင်း အတင်းတိုးဝင်အိပ်ရတဲ့ လေတဖြူးဖြူးနဲ့ အိပ်ရာကလေး။ ဖျာကြမ်းကလေးပေါ်မှာ ချည်သားအဖြူကလေးနဲ့ ယက်စွပ်ထားတဲ့ ခေါင်းအုံးကလေးနဲ့ အိပ်ရာကလေး။
ဒီတသက် ဘယ်တော့မှ ပြန်ရောက်တော့မှာ မဟုတ်တော့ဘူးလို့ မှတ်ထင်နေမိတော့တဲ့ အိပ်ရာကလေး။
Be the first to comment