
‘အိမ်ကလေးတလုံးကျပျောက်သွားတော့’

အချိန်တွေဆုတ်ယုတ်သွားတဲ့အကျိုးအပဲ့နှစ်တွေ
ထမင်းပေါင်းအိုးကိုဖွင့်တော့ ဖန်ခွက်ရှည်မျောမျောပဲတွေ့
မှိုတက်နေတဲ့ ဦးဏှောက်ကိုအလုပ်ပေးတော့မှ
ငါ့ခြေမကလေး ခလုတ်တိုက်ရင်တော့ အမေရေလို့
မယောင်တတ်တော့ပြီ။
ကလေးတယောက်လက်ထဲက လွတ်သွားတဲ့ပူပေါင်းလို
ငါတို့ဟာတကယ်ပဲအိမ်ကလေးဆီကပြေးထွက်လာခဲ့ပေါ့
ရုတ်တရက်
*အိမ်ကိုမင်းလွမ်းနေသားနဲ့တေပေပြီး အခုလောက်ထိတော့မင်းမခွဲစဖူး
ဆိုပြီး ကီးကြောင်ကြောင်အသံက ငါ့ကိုနှောင့်ယှက်
၇ နှစ်လုံးလုံးဝေးခဲ့တဲ့ အိမ်ကလေးဆီ
ကြိုးကြာငှက်လေးပြန်ရောက်နိုင်တော့ပါမလား
မိသားစုရဲ့အရိပ်အယောင်ကို နေပူထဲလိုက်နင်းရင်း
နေထွက်ကာစ မြေသားလမ်းမပေါ်က
သစ်ရွက်ခြောက်အပြည့်နဲ့အိမ်ကလေးကိုသတိရ
ဝေးခဲ့တဲ့ ရာသီတွေအကြောင်းနဲ့ကြုံရတဲ့အခက်အခဲတွေ
အဖေ့ကိုပြောပြချင်လှပြီ။
အမေကတော့
ဝရံတာကဖြတ်သွားတဲ့
အိမ်တန်းပြန်ငှက်ကလေးတွေကိုကြည့်ရင်း
အငယ်ကောင်အိမ်ပြန်နောက်ကျပြန်ပြီးဆိုပြီး
စက်ပိတ်ထားပါတယ်ရှင်ပဲဖြေနေတဲ့ ဖုန်းနံပတ်ကို
တကြိမ်ပြီးတကြိမ်ခေါ်နေမှာပဲ။
သောကြာနေ့ညနေတွေတိုင်း အေးတောင့်နေတဲ့
ဘီယာခွက်ဘေးကရေသီးတွေကိုကြည့်ရင်း
ချစ်သူကို စိတ်ကောက်နေသလို
ငါ့အကိုဟာ တောက်တခတ်ခတ်နဲ့ ငါ့ကိုမျှော်နေမှာ။
နောက်ဆုံးကမူခင်းသတင်းတွေဆီတဖျပ်ဖျပ်လှန်ဖတ်
နိုင်ငံပိုင်ရုပ်သံလိုင်းကို ခံစားချက်မရှိဖွင့်
အချိန်ကျော်သွားမှသက်ပြင်းချပြီး
မျက်မှန်ကိုစားပွဲပေါ်ပစ်တင်လိုက်
ဧည့်ခန်းမှာဦးတည်ရာမရှိထလျှောက်လိုက်နဲ့ အဖေ့ကို
အားနာလိုက်တာ။
ကိုယ့်ကိုကိုယ်အန်ချလိုက်တော့မှ
မျက်ရည်ဟာ ထိန်းမရတော့ဘူး
အိမ်ကိုလှမ်းခေါ်လို့မရလို့ အိမ်ဆီအသွား
အိပ်မက်ကလန့်လန့်နိုးလာရတဲ့အဖြစ်
ညတွေဟာ
ညဉ့်နက်တဲ့အထိ ခြံတံခါးကို
တမျှော်မျှော်နဲ့စောင့်နေတဲ့ငါ့မိသားစုဝင်တွေကိုမှအားမနာ
မညှာမတာပဲ အညိုအမည်းစွဲထဲအထိ လေးလံနေတုန်း။
၁၅၊ စက်တင်ဘာ၊ ၂၀၂၄
*မျိုးကြီးသီချင်းစာသား
Be the first to comment