
‘အိမ်ကိုလွမ်းတဲ့အကြောင်း….’

အိမ်ဟာနွေးထွေးတဲ့အသိုက်အမြုံဖြစ်ကြောင်း
ငါတို့အားပါးတရပြောချင်စိတ်ဖြစ်တော့
ငါတို့ဟာအိမ်နဲ့မိုင်ပေါင်းအဝေးကြီးမှာ
ဒုက္ခတရားအပြည့်နဲ့ .. ။
လမ်းမကြီးကိုကြောက်ရွံ့မုန်းတီးရင်း
ကိုယ်နဲ့မဆိုင်တဲ့နယ်ပယ်မှာငြီးငွေ့ရင်း
ကိုယ့်ကိုယ်ကိုတောင်မေ့လျော့လာရင်းနဲ့
အိမ်ကိုပိုတမ်းတဖြစ်လာတယ် ။
ညတွေရဲ့
ခပ်စိပ်စိပ်ကယောက်ကယက်အိပ်မက်တွေထဲမှာ
အိမ်အကြောင်းပဲအပ်ကြောင်းထပ်ရင်း
မိုးလင်းမှာကို ကြောက်နေရတယ် ။
အိမ်ပြန်ချင်စိတ်ကြီးစိုးတဲ့ညတွေမှာဆို
စွန့်စားခဲ့ရတဲ့ ရည်မှန်းချက်ကြီးကို
ပစ်ထားခဲ့ချင်ပြန်တယ် ။
ညဉ့်နက်နက်ရဲ့အမှောင်ထုထဲကို
ဗလာမျက်လုံးနဲ့ငေးနေရင်း
အိမ်ရဲ့ပုံရိပ်တွေမြင်မိတဲ့အခါဆို
စီးကရက်မီးခိုးတွေနဲ့ပုလင်းလွတ်တွေဟာ
ဘေးနားမှာ ငိုချင်းချလို့ ။
ဒါပေမယ့်လေ
ပြန်စရာအိမ်တွေ
ပြာဖြစ်သွားတဲ့လူတွေအကြောင်း
ရပ်ရွာတွေရှေ့က ကြယ်ဖြူနဲ့အုတ်ဂူတွေအကြောင်း
ခေါင်းထဲဝင်လာပြန်တော့
တောက်ခေါက်သံပြင်းပြင်းနဲ့
အံကြိတ်အားတင်းရပြန်တယ်။
ဒီလိုနဲ့ပဲ..
မကျွမ်းကျင်မှုနယ်ပယ်မှာ
အသားကျအောင်နေ
ဒုက္ခဆိုတာတော့
ငယ်ပေါင်းကြီးဖော်လိုပေါ့ ။
အတွေ့အကြုံအခြေအနေအရ
မာကြောကျွပ်ဆပ်နေတဲ့ကိုယ်ဟာ
အိမ်အကြောင်းတွေးမိတော့
နှလုံးသားဟာဖန်သားပြင်လိုပဲ
မာပေမယ့်ကြည်လင်နေသေးတာတော့
ကိုယ်တအံ့တဩ ။
အခိုက်အတန့်တစ်ခုမှာ
စိတ်ပါလက်ပါပြုံးမိတာတွေက
မိသားစုထမင်းဝိုင်းတစ်ခုကရယ်သံလေးတွေကို
ပြန်ပြောင်းမြင်ယောင်မိတာရဲ့
တစ်ဝက်ပဲနွေးထွေးစေတာပါ။
ရည်မှန်းချက်တွေပြီးသွားလို့
အိမ်ပြန်ရောက်တဲ့အခါ
အားလုံးရဲ့အပြုံးမျက်နှာတွေကို
အားပါးတရငေးရင်း
အိမ်ကိုဘယ်လောက်လွမ်းကြောင်း
မာကျောတဲ့ကိုယ်ဟာ မျက်ရည်ကျခဲ့မိကြောင်း
ပြောပြမိမှာပါလေ ။
အခုတော့ ..
အိမ်ဟာ အိပ်မက်တစ်ခုဖြစ်ပြီး
အိပ်မက်မှာလည်း အိမ်ဖြစ်နေကြောင်း
စကားလုံးတွေပဲဖွင့်ဟနိုင်တော့တယ် … ။ ။
Be the first to comment