ထွင်
”သမီး အိမ်ကို မပြန်ချင်ဘူးနော်”
တဲ့ … ကလေးငယ်တိုင်းဟာ မိဘရှိရာအိမ်ကို ခင်တွယ်တတ်ကြပေသည်။ ကျောင်းတက်နေသည့်အချိန်၊ အိမ်နှင့် ဝေးကွာလှသော တနေရာသို့ ရက်အတော်ကြာ ရောက်နေသည့်အခါမျိုးတွင် အိမ်ကို ပြန်ချင်တတ်ကြသည်။ သည့်ကြောင့် မိဘဖြစ်သူများကို ”အိမ်ပြန်ရအောင်” ဆိုပြီး ဂျီကျတတ်သည်။ ကျွန်ုပ်တွေ့ခဲ့သည့် သုံးနှစ်အရွယ် သမီးလေးကတော့ ”သမီး အိမ်ကို မပြန်ချင်ဘူးနော်” ဟု မိခင်ဖြစ်သူအား ဂျီကျလိုက်သည့်အသံကို ကျွန်ုပ် ကြားလိုက်ရသည်။ အကြောင်းက သည်သို့ ရှိပါသည်။
အကြောင်းက သည်သို့ ရှိပါသည်။ ကျွန်ုပ်သည် စီဒီအမ်ဝန်ထမ်းဖြစ်သည်။ မင်းအောင်လှိုင်က အာဏာသိမ်းလိုက် သောကြောင့် ဝန်ထမ်းဖြစ်သော ကျွန်ုပ်သည် စီဒီအမ် ဝင်လိုက်ခြင်းဖြစ်သည်။
မင်းအောင်လှိုင်က တိုင်းပြည်အာဏာ သိမ်းလိုက်သောအခါ တိုင်းအနှံ့၊ ပြည်အနှံ့ တော်လှန်ပုန်ကန်သူများ ပေါ်ပေါက်လာတော့သည်။ ထိုသူပုန်များကို ပအဖ၊ ပကဖ၊ ပီဒီအက်ဖ်ဟု ခေါ်တွင်သည်။ ကျွန်ုပ်သည်ကား ရရာလက်နက် ဆွဲကိုင်တော်လှန်နိုင်ရန် မတတ်နိုင်သော အားနည်းချက်တခုရှိသဖြင့် ကျွန်ုပ်တတ်နိုင်သည့် စားဖိုမှူးအလုပ်ကိုသာ ဝင်ရောက်လုပ်ကိုင်ရသည်။ ပီဒီအက်ဖ်တိုင်း ထမင်းစားရမည်မဟုတ်လား။ ထမင်းစားမှ တော်လှန်တိုက်ခိုက်နိုင်မည်မဟုတ်လား။ ဆိုတော့ဖြင့် ပီဒီအက်ဖ်များ စားသောက်ရန် ထမင်း ဟင်းချက်သည့် စားဖိုမှူးအလုပ်သည်လည်း တော်လှန်ပုန်ကန်ခြင်း တမျိုးဖြစ်ပေသည်။ ကျွန်ုပ်သည် ထိုသို့ နှလုံးသွင်းတတ်ပေသည်။
ကျွန်ုပ်တို့ တောဝင်ခိုလှုံသော နေရာသည်ကား တောနက်လှပေသည်။ တောနက်မှသာ ရန်သူများ မလာရောက်နိုင်မည် မဟုတ်လား။ လုံခြုံပေမည် မဟုတ်လား။
တောနက်သောကြောင့်ပင် သစ်ပင် ပန်းမန် အစုံအလင်ရှိသည်။ အလေ့ကျ ပေါက်ရောက်နေကြသော သရက်၊ မန်ကျည်း၊ ဆီးဖြူ၊ ဆီးသီး၊ သနပ်ခါး၊ တယ်သီးပင်တို့ ပေါများသည်။ အဖူးအသုပ် လုပ်စားရသော သမုန်း၊ တောပဲကြီး၊ သမဲ၊ ပန်းလိပ်ပြာ၊ တောလက်ဖက်ရိုင်း၊ လက်ပံတို့လည်း ပေါများသည်။ မွှေးကြိုင်လှပသော ပန်းများဖြစ်သည့် လက်ထုပ်ပန်း၊ ရေငတ်ပန်းတို့လည်း ရှိသည်။ မိုးအခါဆိုလျှင် မျှစ်၊ မှို၊ ဖား စသဖြင့် လှိုင်လှိုင်ပေါများသည်။ စမ်းချောင်းကလေးလည်း ရှိသဖြင့် ရေမရှားပေ။ ထို့ကြောင့် ကျွန်ုပ်တို့အတွက် သဘာဝက အခမဲ့လက်ဆောင်ပေးသော အသီး၊ အရွက်၊ အပွင့်တို့ ပေါများသည်။ ကျေးငှက်သာရကာ မျိုးစုံလည်း ရှိပေသည်။
ကျွန်ုပ်တို့နေထိုင်ရာ တဲအား ဝါးကပ်မိုး၊ ထန်းလက်ကာ၊ ထန်းလက်မိုး၊ ဝါးကပ်ကာကာ ဆောက်လုပ်ထားသည်။ ထိုတဲသည် နဘဲပင်၊ လက်ပံပင်၊ သမုန်းပင်ကြီးများကို မှီပြီး ဆောက်လုပ်ထားသည်။ နဘဲသီး သီးချိန်နှင့် သမုန်းပွင့်၊ လက်ပံပွင့်တို့ ပွင့်ချိန်ဆိုလျှင် ကျေးငှက်သာရကာပေါင်းစုံသည် တကျီကျီတကျာကျာ သီဆိုကာ နဘဲသီးများကို စားကြသည်။ လက်ပံပွင့်ဝတ်ရည်၊ သမုန်းပွင့်ဝတ်ရည်များကို စုပ်ကြသည်။ ထိုအခါ ပီဒီအက်ဖ်တို့သည် ကိုယ့်အိပ်ရာကနေပင် လေသေနတ်ဖြင့် ငှက်များကို ချိန်ရွယ်ဖမ်းသတ်ကြသည်။ ကျွန်ုပ်သည် ငှက်ကလေးများကို သနားလှသော်လည်း ပီဒီအက်ဖ်ဟူသည် ရက်စက်တတ်ဖို့ လိုသလို လက်ဖြောင့်ဖို့လည်း လိုအပ်သည်မို့ အလေ့အကျင့်သဘော သက်ရောက်ပေသည်ဆိုပြီး ငှက်ကလေးများအပေါ် သနားစိတ်ကို ဖျောက်ဖျက်ရသည်။
ပီဒီအက်ဖ်တို့၏ လေသေနတ်ကြောင့် ငှက်ပေါင်းစုံသည် ဖုတ်ကနဲ့ ပြုတ်ကျလာကြရာ ကြက်တူရွေးများပင် ပါသည်။ ကြက်တူရွေးငှက်များကိုပင် ရရှိသည်ဆိုလျှင်ဖြင့် ကျေးငှက်သာရကာ ဘယ်လောက်စုံလင်သည်ကို တွေးကြည့်နိုင်သည်။ ထို့ကြောင့် စားဖိုမှူးဖြစ်သော ကျွန်ုပ်သည် ငှက်မွေး မနုတ်ရသည့်နေ့ မရှိပေ။ ငှက် နေ့တိုင်းကင်ရသည်။ ငှက်ကင်ထောင်း နေ့တိုင်းစားရသည်။ ပုတက်ကလေးများလည်း မိတတ်ကြသဖြင့် ပုတက်ကင်ကလေးကို ကြက်သွန်ဖြူဖြင့် ထောင်းကာ သံပရာရည်ဆမ်းပြီး စားရသည်မှာ နတ်သုဒ္ဓါတမျှ ဖြစ်ပေသည်။ ဒါတင်မက အရွယ် ရောက်စ နွားပျိုတကောင်အရွယ်မျှရှိသော သမင်ကြီးတကောင်ကိုလည်း ကျော့ကွင်းတွင် မိခဲ့ဖူးသည်။ သမင်ကြီးသည် ဦးချိုမပါပေ။ အရွယ်ရောက်ပြီးသော သမင်သည် ဦးချိုကို ချိုးပစ်တတ်သည်ဟု ကြားဖူးသည်။ ထိုသမင်သည်လည်း ဦးချိုကို ချိုးထားတာဖြစ်ရမည်။ ချိုကို ချိုးထားသော သမင်သည် ဘယ်အရွယ်အစားရှိသည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။ ထိုအရွယ်အစားရှိသော သမင်မျိုးကိုပင် မိဖူးသည်ဆိုလျှင်တော့ ဘယ်လောက် တောနက်သည်ကို တွေးကြည့်နိုင်ပေသည်။
တောနက်ရသော အကြောင်းရင်းကို ပြောနေရသည်မှာလည်း အကြောင်းရှိပေသည်။ မင်းအောင်လှိုင် အာဏာသိမ်းလိုက်သဖြင့် တော်လှန်ပုန်ကန်ကြရသော ကာလတွင် သုံ့ပန်းအမျိုးမျိုးကို ဖမ်းဆီးရမိသည်။ ထိုသုံ့ပန်းအမျိုးမျိုးထဲတွင် မင်းအောင်လှိုင်၏ လက်ပါးစေ ခြေနှစ်ချောင်းပါသော စစ်ခွေး၊ ရဲခွေးများ ပါဝင်သည်။ မင်းအောင်လှိုင်၏ နောက်လိုက်ကျွန် ပျူစောထီးများလည်း ပါဝင်သည်။ တော်လှန်ရေးသမားများနှင့် တော်လှန်ရေးသမားများ ဘက်တွင်ရှိသော ပြည်သူများကြားတွင်နေပြီး ဖြစ်ပျက်သမျှ အကြောင်းစုံအား မင်းအောင်လှိုင်ဘက်ထံသို့ သူလျှိုလုပ် သတင်းပေးသော အသားထဲက လောက်ထွက် ဒလန်များလည်း ပါဝင်သည်။ တော်လှန်ရေးသမားများဘက် တွင်ရှိသော မြို့ပြနှင့် ကျေးလက်ဘက်မှလည်း ပြဿနာပေါင်းစုံရှိကြရာ ဖမ်းဆီးခံရသော တရားခံအမျိုးမျိုးလည်း ပါဝင်သည်။ (ဥပမာ မုဒိမ်းမှု၊ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု။ ထိုတရားခံများ၏ အမှုများကို ပအဖ၊ ပကဖ၊ ပီဒီအက်ဖ်များက စီရင်ရသည်။ ရဲသား၊ စစ်သားများ မရှိသောကြောင့်ပင်။) ထို သုံ့ပန်းများနှင့် တရားခံအပြစ်သားများစွာအား ကျွန်ုပ် စားဖိုမှူးလုပ်ရာ တောနက်ဆီသို့ ပို့ဆောင်ပြီး ကျခံသင့်သော ပြစ်ဒဏ်များစွာကို စီရင်လေသည်။ ရှင်းရှင်းပြောရလျှင် ကျွန်ုပ် စားဖိုမှူးလုပ်ရသော တောနက်သည် တော်လှန်ရေးသမားများ၏ တရားရုံး၊ အကျဥ်းထောင်ပင် ဖြစ်လေသည်။
သည့်အပြင် သည်နေရာသည် အလင်းဝင် စစ်သား၊ ရဲသားနှင့် အလင်းဝင် ပျူစောထီးများ၊ ပျူစောထီးရွာများကနေ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြသော ပိတ်မိခံပြည်သူများ၏ ခိုလှုံရာနေရာလည်း ဖြစ်ပေသည်။ ထိုသူများအား ကျွန်ုပ်တို့က စောင့်ရှောက်သည်။ ဖေးမသည်။ ကျွေးမွေးသည်။ မေးမြန်းစုံစမ်းစရာရှိလျှင် မေးမြန်း စုံစမ်းသည်။ ပြီးလျှင် သတင်းဌာနကြီးထံသို့ သတင်းပေးပြီး ပြည်သူ့ထံသို့ သတင်းကောင်းပါးအပ်ပါသည်။ အလင်းဝင်လာသဖြင့် ဆုချသင့်တန် ချသည်။
ဤသည်မှာ တောနက်ရသော အကြောင်းရင်းကို ပြောပြနေရသည့် အရင်းခံအကြောင်းပင် ဖြစ်လေသည်။ တော်လှန်ရေးသမားများ၏ တရားရုံး၊ အကျဥ်းထောင်သည် ဤမျှ တောနက်ရပေမည်။ သို့မှသာ သည်နေရာသို့ ရောက်ရှိပြီးမှ ပြန်ခွင့်ရသော၊ လွတ်မြောက်သွားရသော တရားခံတို့သည် သည်နေရာကို မည်သည့်နေရာမှန်း မသိနိုင်ပေလိမ့်မည်။ တကယ်လည်း ဒီနေရာသို့ ပို့ဆောင်ခြင်း ခံရသူများသည် သည်နေရာကို မည်သည့်နေရာမှန်း မသိနိုင်ကြပေ။ ကျွန်ုပ် သည်နေရာသို့ ရောက်နေသည့် အတောအတွင်း မြင်တွေ့ခဲ့ရသမျှတွင် ပို့ဆောင်ခံရသူတို့သည် မျက်စိလည် နေကြသည်ချည်းဖြစ်သည်။ အရှေ့အရပ်က ဘယ်ဘက်မှန်းမသိ၊ အနောက်အရပ်က ညာဘက်မှန်း မသိကြ။ အမျိုးသမီးကြီးတယောက်ဆိုလျှင် အနောက်အရပ်ကို အရှေ့အရပ်ထင်ပြီး ဦးခေါင်းလှည့်အိပ်နေသည်ကို တွေ့ခဲ့ရဖူးသည်။ သည်နေရာကို တော်လှန်ရေးနှင့် မသက်ဆိုင်သူများ သိသွားလျှင် သတင်းပေါက်ကြားသွားနိုင်သည်။ သတင်းပေါက်ကြားလျှင် သည်နေရာသည် မင်းအောင်လှိုင်က လေယာဥ်နှင့် ဗုံးကြဲမည့်နေရာ ဖြစ်သွားနိုင်သည်။
ကျွန်ုပ်သည် သည်နေရာတွင် စားဖိုမှူးအဖြစ် ဝင်ရောက်လုပ်ကိုင်နေသည့် ကာလအတွင်း သည်နေရာမှ အဖြစ်အပျက်ပေါင်းစုံကို မြင်တွေ့ခဲ့၊ ကြုံတွေ့ခဲ့ရသည်။ တော်လှန်ရေးသမားများ ဖမ်းဆီးရမိသော သုံ့ပန်းများနှင့် တရားခံများထဲတွင် လွတ်လမ်းမရှိတော့သဖြင့် သေဒဏ်ကျခံရသူများလည်း မြင်တွေ့ခဲ့ရသည်။ ထိုသူများအား မြှုပ်နှံထားသည့် နေရာများကိုလည်း သိထားသည်။ ကျွန်ုပ်သည် စားဖိုမှူးဖြစ်ရာ မှိုရှာ၊ မျှစ်ချိုး၊ ထင်းလည်းခွေရသဖြင့် ထိုသူတို့၏ မြေစာပုံပေါ်ကနေ နင်းသွားရသည်လည်း ရှိသည်။ ကျော်ဖြတ်သွားရသည်လည်း ရှိသည်။ သို့သော်လည်း ကျွန်ုပ်သည် ကြောက်ရွှံ့စိတ် တစိုးတစိမျှ မရှိပေ။ အဘယ်ကြောင့်ဆိုမူ ကျွန်ုပ်သည် မတရားမှု၊ မကောင်းမှုကို ဆန့်ကျင်သူဖြစ်ပြီး ထိုသူတို့သည် မတရားမှုနှင့် မကောင်းမှုကို ထောက်ခံသူများ ဖြစ်နေသောကြောင့်ပင်။ မကောင်းမှုလုပ် သူသည် ကောင်းမှုလုပ်သူကို အနိုင်မယူနိုင်ပေ။ ထို့ကြောင့်ပင် ထိုသူတို့သည် နာနာဘာဝကဲ့သို့၊ တစ္ဆေ သရဲကဲ့သို့ ကျွန်ုပ်ကို တခါဖူးမျှ မခြောက်လှန့်နိုင်ခဲ့ပေ။
ကျွန်ုပ် သည်နေရာသို့ စားဖိုမှူးဘဝဖြင့် ဝင်ရောက်တော်လှန်နေသော အတောအတွင်း မြင်တွေ့ခဲ့၊ ကြုံတွေ့ခဲ့ရသမျှထဲမှာ ကျွန်ုပ်ရင်ကို နင့်ကနဲ ဖြစ်စေခဲ့ရသော အကြောင်းလေးတခု ပြောပြချင်မိသည်။ ထိုအဖြစ်အပျက်ကလေးကြောင့်သာ ကျွန်ုပ် သည်စာကိုရေးဖို့ အတွေးပေါ်လာရခြင်း ဖြစ်ပေသည်။ အကြောင်းက သည်သို့ပင်။
တခုသောနံနက်တွင် ကျွန်ုပ်သည် လင်းကြက်တွန်သံ ကြားကြားချင်း အိပ်ရာထပြီး ထမင်းချက်လျက် ရှိလေသည်။ အလင်းရောင်မြင်ရပြီး မကြာမီကလေးတွင် ကျွန်ုပ်တို့ထံသို့ မှန်လုံကားတစီး ထိုးဆိုက်လာခဲ့သည်။ ကျွန်ုပ်သည် ထမင်းချက်ရင်း ကားပေါ်မှ ဆင်းလာသူများကို ကြည့်လိုက်ရာ အမျိုးသမီးများနှင့် ကလေးများကို တွေ့ရသည်။ ကျွန်ုပ်သည်လည်း ဧည့်သည်များ ရောက်လာသည်မှန်း သိလိုက်သဖြင့် အသင့်စွက်ပြီးသား ရေနွေးဓာတ်ဘူးကို တည်ခင်းသည်။ ကျွေးစရာအဖြစ် ကိတ်မုန့်ထုပ်လေးသာ ရှိသဖြင့် အိတ်ကိုဖောက်ပြီး ဧည့်ခံလိုက်လေသည်။ ထိုအခါ ဧည့်သည်များအားလုံး၏ မျက်လုံးများသည် ကျွန်ုပ်ချလိုက်သော ကိတ်မုန့်ထုပ်ထံသို့ ရောက်ရှိသွားကြသည်။ သူတို့သည် ကိတ်မုန့်ကို မမြင်ရတာ ကြာသလိုပင် ကြည့်နေကြသည်။ ကျွန်ုပ်သည် ထမင်းအိုးမွှေရန်ရှိသဖြင့် ထမင်းအိုးရှိရာဘက်သို့ လှည့်မွှေပြီး ဧည့်သည်တို့ထံသို့ ကြည့်လိုက်ရာ ကိတ်မုန့်ထုပ်သည် ပြောင်သလင်းခါသွားသည်ကို အံ့သြဖွယ် တွေ့လိုက်ရပေသည်။ ထိုအခါမှ သူတို့သည် ပျူရွာတရွာတွင် ပိတ်မိခံရသော ပြည်သူများဖြစ်မှန်း အတွေ့အကြုံအရ သိလိုက်ရပေသည်။ ပျူရွာမှ ပြည်သူများသည် အစာရေစာ ပြတ်လပ်သည့်အခါ ပြည်သူ့ပီဒီအက်ဖ်ထံ အလင်းဝင်လာတတ်သလို ထွက်ပြေး တိမ်းရှောင် ခိုလှုံလာတတ်ကြမှန်း ကျွန်ုပ်သိထားသည်။
ထိုအခါမှ ကျွန်ုပ်သည် ထိုသူတို့ကို ကြည့်လိုက်ရာ အမျိုးသမီးကြီးတဦး၊ သုံးဆယ်ကျော်အရွယ် အမျိုးသမီးနှစ်ဦးနှင့် ငါးနှစ်အောက် ကလေးငယ် လေးဦး ပါဝင်သည်ကို တွေ့ရသည်။ အားလုံး အမျိုးသမီးများချည်း ဖြစ်သည်။ အမျိုးသား မပါပေ။ အမျိုးသမီးနှစ်ဦးမှာ ကလေးငယ်များ၏ မိခင်များ ဖြစ်နိုင်သည်။
ကျွန်ုပ်သည် သူတို့ကိုကြည့်ပြီး ဘယ်လောက် ဒုက္ခကြုံခဲ့ကြရသည်ကို သိကာ သနားသွားရသည်။ ကလေးငယ်များ ပါဝင်သောကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်သည် မနက်စာကို ဖွယ်ဖွယ်ရာရာ ချက်ကျွေးမည်ဟု ဆုံးဖြတ်ကာ ဟင်းအမယ်မျိုးစုံ ချက်ကျွေးလိုက်ပါသည်။
ကျွန်ုပ်သည် ရွံမုန်းသင့်သူကို အရွံမုန်းကြီး ရွံမုန်းတတ်ပြီး သနားသင့်သူကို သနားတတ်ပေသည်။ မိခင်နှစ်ဦးနှင့် အမျိုးသမီးကြီးတို့မှာ ပျူရွာကဖြစ်သောကြောင့် သနားသင့် မသင့် မသိရသေးပေမင့် ကလေးငယ်များကိုတော့ သနားသင့်သည်ဟု သိသဖြင့် သနားပေသည်။ ကလေးငယ်ဟူသည် ဘာမျှ မသိတတ်ကြသေးပေ။ ကလေးငယ်တဦးသည် မည်သည့်လုပ်ရပ်မျိုးကို လုပ်ပစေ ကလေးငယ်၏ အုပ်ထိန်းသူသာလျှင် အခရာမို့ ကလေးငယ်၏ လုပ်ရပ် မှန်သမျှသည် အုပ်ထိန်းသူနှင့်သာ သက်ဆိုင်ပေသည်။ ကလေးငယ်မှာ အပြစ်မရှိပါပေ။ ထို့ကြောင့် သည်ကလေးများသည် ပျူဖြစ်နေပါက မိခင်များက ပျူဖြစ်နေသောကြောင့်သာ ဖြစ်ပေသည်။ မိခင်အပြစ်ရှိလျှင်တောင် ကလေးငယ်မှာ အပြစ်မရှိပါပေ။
ထို့ကြောင့် ကျွန်ုပ်သည် ကလေးငယ်များအပေါ် နွေးထွေးစွာ ဆက်ဆံသည်။ သို့သော်လည်း ကလေးငယ်များသည် ကျွန်ုပ်ကို ကြောက်နေကြသည်။ ကျွန်ုပ်က အမျိုးမျိုး ပြုံးပြသော်လည်း ကြောက်မြဲ။ အနားကပ်မခံ။ ကျွန်ုပ်၏ ထူထဲသော နှုတ်ခမ်းမွေးများကို ကြောက်များ နေသလားဆိုပြီး ကျွန်ုပ်သည် နှုတ်ခမ်းမွေးများကို ရိတ်ပစ်ပါသည်။ သို့သော်လည်း ကလေးငယ်များသည် ကြောက်မြဲပင်။
ကလေးငယ်တို့ နေခဲ့သော ပျူရွာထဲတွင် စစ်ခွေး၊ ရဲခွေးများနှင့် ပျူစောထီး များစွာရှိသည်။ ထိုသူများက ကလေးငယ်များအား ဘယ်ကလောက် အကြောက်ဇာတ် သွင်းခဲ့သည်မသိဆိုပြီး ကျွန်ုပ်သည် ကလေးများကို သနားရသည်။ သည့်ကြောင့် ”ဦးဦးက သမီးတို့ရွာက လူကြီးတွေနဲ့ မတူပါဘူး၊ သဘောကောင်းပါတယ်” ဟုပြောကာ ချော့ရသည်။ သို့သော် မထူးပါပေ။
ထို့ကြောင့် ကျွန်ုပ်သည် ကလေးများ မကြောက်စေရန် မုန့်ကျွေးသည်။ မယူရဲ။ မိခင်ကို အပေးခိုင်းရသည်။ မိခင် ပေးမှ ယူသည်။ ကလေးငယ်များရှေ့တွင် မိခင်များနှင့် အဆင်ပြေအောင် နေပြသည်။ သည်တော့မှ ကလေးငယ် များသည် ကျွန်ုပ်အား ခင်မင်လာတော့သည်။ ကျွန်ုပ်အနား ကပ်တော့သည်။
ကျွန်ုပ်သည် မိခင်များနှင့် စကားစမြည်ပြောကြရင်းက စာလည်း နည်းနည်းပါးပါး ရေးတတ်သူပီပီ ကုန်ကြမ်းကလေးများ ရမလားဆိုပြီး စကားနှိုက်ကြည့်သည်။ မိခင်များ၏ ပြောပြချက်အရ ထမင်းမစားခဲ့ရတာ ခြောက်လမျှ ကြာခဲ့ပြီဖြစ်ကြောင်း၊ စားလို့ရသည့် အရွက်မှန်သမျှ ရေနွေးဖျောပြီး ဆီမပါ၊ ဆားမပါဘဲ မျိုချခဲ့ရသည့်အကြောင်း၊ ကလေးငယ်များသည် အမြဲ ဆာလောင်နေကြကြောင်း၊ ကလေးငယ်များ၏ ဖခင်များသည် ထိုရွာမှ ပျူစောထီးများ ၏ ဖမ်းဆီးမှုကြောင့် ထွက်ပြေး တိမ်းရှောင်သွားကြရကြောင်း၊ မိမိတို့သည်သာ မွေးကင်းစ ကလေးများနှင့် အရွယ်မရောက်သေးသည့် ကလေးများကြောင့် ထွက်ပြေးလို့မရခဲ့ကြောင်း၊ ရွာအပြင်ပင် မထွက်ဝံ့ကြကြောင်း၊ ထွက်ပြေးလျှင် ပစ်သတ်ကြသောကြောင့် ထွက်မပြေးရဲကြောင်း၊ ထို့ကြောင့် ဘာမှ စားစရာမရှိတော့သဖြင့် ဒီမှာ မနေနိုင်တော့ဘူး၊ ထွက်သွားခွင့်ပေးပါဟု အသနားခံ တောင်းဆိုသဖြင့် ခွင့်ပြုသောကြောင့် ထွက်လာခဲ့ရကြောင်း အမျိုးမျိုး ကြားရပေသည်။
ကျွန်ုပ်သည် ကလေးငယ်များကိုသာ သနားနေမိပေသည်။ မိခင်များသည် လိမ်ညာပြောနေသည်လည်း ဖြစ်နိုင် သောကြောင့် ကျွန်ုပ်သည် မိခင်များအား အထူးတလည် မသနားမိပေ။ ပျူရွာက အတော်များများသည် ထွက်ပြေးနိုင်တုန်းက ထွက်မပြေးကြဘဲနှင့် စားစရာမရှိတော့ခါမှ ထွက်လာတတ်ကြသည်ကို သိထားသည်။ သည့်မတိုင်ခင် က စစ်တပ်ကို အလုံးလိုက် အရင်းလိုက် အကူဖိတ်ခေါ်ပြီး အနီးနား ကျေးရွာမှန်သမျှဆီက သယ်နိုင်သမျှ အကုန်သယ်မ သွားကြသူတွေထဲ ပျူစောထီးများလည်း ပါဝင်ကြသည်။ ယခုဆို ပီဒီအက်ဖ်များက အားကောင်းလာပြီး ဘယ်ရွာတွင်မျှ မလုယက်နိုင်ကြတော့ပေ။ ထိုအခါမှသာ ဆင်ခြေအမျိုးမျိုးပေးပြီး ပီဒီအက်ဖ်ထံ ခိုလှုံလာတတ်ကြသည်ကို ကျွန်ုပ် သိထားပါသည်။ ထို့ကြောင့် အမျိုးသမီးများကို ကျွန်ုပ် အထူးတလည် မသနားမိခြင်းဖြစ်သည်။
သို့ပါသော်လည်း ကျွန်ုပ်သည် အားလုံးအား နွေးထွေးစွာ ဆက်ဆံခဲ့ပေသည်။ ”ဟိုမှာ မစားခဲ့ရသမျှ ဒီမှာ အတိုးချပြီး အဝအပြဲစား၊ အားမနာနဲ့၊ ကိုယ်ချက်စားချင်တာ ရှိရင်လည်း ချက်စား၊ ခေါက်ဆွဲခြောက်တွေလည်း ပေါတယ်၊ သုပ်စားပါ၊ ဟိုကြက်ဥတွေကိုလည်း ကြော်ပြီးပြုတ်ပြီး ကလေးတွေကို ဦးစားပေးကျွေးပါ” ဟု ပြောတတ်သည်။ မိခင်များက ကျွန်ုပ်ကို နားစေပြီး ထမင်း ဝင်ချက်ပေးကြသောကြောင် ထို့သို့ပြောခြင်းဖြစ်သည်။ အမျိုးသမီးများသည် ထမင်းတလုတ်စာကအစ ပိုလျှံနေသည်ကို ”နှမြောစရာကြီး” ဟု ပြောသံကြားရသည့်အခါ ကျွန်ုပ်သည် အမျိုးသမီးများအပေါ် သနားစိတ် ဝင်လာတော့သည်။ ဪ သူတို့ခမျာမှာလည်း ထမင်းကို မမြင်ခဲ့ရတာ ခြောက်လမျှ ရှိခဲ့ပြီဆိုတော့ ထမင်းလုံး တလုံးကအစ နှမြောရှာမှာပေါ့ဟု တွေးကာ သနားရပါသည်။
ကျွန်ုပ်က ထိုသို့ပြောသည့်အခါ အမျိုးသမီးများက ”အားနာစရာကြီး” ဟု ပြောတတ်သည်။ သည်တော့ ကျွန်ုပ်ကလည်း ”အားနာစရာ မလိုပါဘူး၊ ဒါက ကျနော်ကကျွေးတာ မဟုတ်ဘူးလေ၊ ပြည်သူက ကျွေးတာ၊ ပြည်သူတွေဆိုတာ အမြဲသဘောကောင်းပြီးသား၊ ကျေးဇူးတင်ချင်ရင် ပြည်သူကို ကျေးဇူးတင်၊ ပြီးတော့ ပြည်သူကို သစ္စာလည်း မဖောက်ပါနဲ့” ဟု ပြောရသည်။ သည်တော့ အမျိုးသမီးများသည် အပြစ်သားများလို မျက်နှာငယ်သွားကြသည်။ သည်တော့ ကျွန်ုပ်က အားတက်သွားစေရန် ”ဒီမှာ နေချင်သလောက်လည်း နေလို့ရတယ်၊ သွားစရာမရှိဘဲနဲ့လည်း အားနာလို့ဆိုပြီး ထွက်မသွားပါနဲ့၊ ဘယ်သူကမှလည်း နှင်မထုတ်ပါဘူး” ဟု ပြောရပြန်သည်။
ကျွန်ုပ် သည်သို့ ပြောသည့်အခါမှ ကျွန်ုပ်ရင်ကို နင့်စေရသော သမီးလေးထံမှ စကားတခွန်းကို ကြားလိုက်ရပေသည်။ မိခင်က ”ကျမတို့လည်း နေချင်ပေမယ့် သွားကို သွားရမှာပေါ့ရှင်၊ ဒီလောက်တော့ ကျမတို့က သိတတ်ရမှာပေါ့” ဟု မိခင်က ပြန်ပြောလာသောအခါ အနားမှ သမီးလေးက ”သမီး အိမ်ကို မပြန်ချင်ဘူးနော်” ဟု ငိုကြီးချက်မနှင့် အော်ပြောလိုက်သောကြောင့် ဖြစ်သည်။ သည်တော့ ကျွန်ုပ်က သမီးလေး ဝမ်းသာသွားစေရန် ”ဪ သမီးလေးက ဒီမှာပျော်တယ်ပေါ့နော်၊ ရွာကို မပြန်ရပါဘူး၊ ဒီမှာပဲ နေရမှာပါ” ဟု နှစ်သိမ့်သည်။ သည်တော့ သမီးလေးက ”ဟုတ် သမီး ဒီမှာပျော်တယ်၊ မုန့်တွေ အများကြီး စားရတယ်လေ” ပြောလာသည်။ သည်တော့လည်း ကျွန်ုပ် သည် သမီးလေးကို ပိုပိုပြီး သနားရပြန်သည်။ ကလေးငယ်ဟူသည် မုန့်ကို ကြိုက်တတ်သည်ပဲ။ မုန့်ပဲသွားရေစာ မစားရတာ အတော်ကြီးကို ကြာခဲ့ပြီဆိုတော့ မုန့်စားရသည့် သည်နေရာမှာ ပျော်ပိုက်နေဟန် တူပေသည်။သည့်ကြောင့် ငရဲတမျှ အပျော်မဲ့ရသောရွာသို့ ပြန်ချင်မည် မဟုတ်တော့ပေ။ ရွာကိုလည်း စိတ်နာသွားပေလိမ့်မည်။ ဪ စိတ်ဒဏ်ရာ စိတ်ဒဏ်ရာတွေ။ စစ်ဟူသည် ကလေးငယ်များကိုပင် စိတ်ဒဏ်ရာ ပေးတတ်ခဲ့ပြီပဲ။ ကလေးငယ်တိုင်း ခင်တွယ်တတ်သော အိမ်ကိုပင် မပြန်ချင်တော့ဘူးဟု ပြောလာရလောက်အောင် စစ်က စိတ်ဒဏ်ရာ ပေးခဲ့ပြီပဲ။
တပတ်မျှ ကြာသောအခါ အမျိုးသမီးများ အားလုံးသည် ရန်ကုန်က ဆွေမျိုးများဆီသို့ ထွက်ခွာသွားကြတော့သည်။ နှုတ်ဆက်ပါတယ် သမီးလေးတို့ရေ။ သမီးလေးတို့ ကြီးလာတဲ့အခါ သမီးလေးတို့ကို စိတ်ဒဏ်ရာပေးခဲ့တဲ့ စစ်ဆိုတာကြီးကို လုံးဝမမေ့ပျောက်ဘဲ စစ်ကို ဖန်တီးသူကြီးကို မုန်းတီးနိုင်ပါစေ။ စစ်ကို ဖန်တီးသူတွေလည်း မဖြစ်ကြပါစေနဲ့။ စစ်ဆိုတာကြီးနဲ့လည်း ကင်းဝေးနိုင်ကြပါစေကွယ်။
Be the first to comment