“အိမ်ပျက်ကြီး”
နွေဦးစင်ရော်
ခုနှစ်သက္ကရာဇ်တွေကို တိတိကျကျ တွက်ပြောရရင် လွန်ခဲ့တဲ့ ၃၆ နှစ်တုန်းကလိုပေါ့။ အိမ်ပျက်ကြီးထဲမှာ နေထိုင်ကြရသူတွေလို ခံစားနေရတယ်။ အလုပ်အကိုင်လည်း မည်မည်ရရ မရှိ၊ လူအများစုဟာ စားရမဲ့မဲ့ သောက်ရမဲ့မဲ့အဖြစ်ကို ရင်ဆိုင် ကြုံတွေ့နေရပြီဖြစ်တယ်။ တစုံတရာ ထွက်ပေါက်ရလိုရငြား မျှော်လင့်ချက်နဲ့ ရေကြည်ရာ မြက်နုရာ ထွက်ကာ ရရာအလုပ်ကို ရှာဖွေကြသူတွေ ရှိလာတယ်။ ထွက်နိုင်တဲ့အခြေအနေ မရှိသူတွေကတော့ အိမ်ပျက်ကြီးထဲမှာပဲ မျှော်လင့်ချက်မဲ့စွာ ပိတ်လှောင် ကျန်ခဲ့တယ်။ ဘာဘက်ဂဒေါင်း ဘာတန်ခိုးဩဇာမှ မရှိသူတွေက ကြုံသလို ခူးဆွတ် စားသောက်၊ စေသည့် ကျွန် ထွန်သည့် နွားပမာ ရှင်ကျန်ရုံမျှ ရှင်သန်ကြရတယ်။
ကိုယ့်ဝန်းဝိုင်းလေးထဲက ထွက်သမျှတွေကို ပိုင်သလို ဆိုင်သလို မောင်ပိုင်စီးနိုင်သူများက လည်ရင်လည်သလို တူးဆွယူငင်ကာ စီးပွားရှာသူတွေက ရှာကြတယ်။ အိမ်ပျက်ကြီးကိုတော့ ဘယ်သူမှ မပြုပြင်နိုင်ကြဘူး။ တချို့တွေက အိမ်ပျက်ကြီးထဲမှာပဲ အငှားချကာ ဝမ်းစာရှာကြတယ်။ ကိုယ်စွမ်းကိုယ်စနဲ့ ဘာတခုမျှ မထုတ်လုပ်နိုင်ကြ။ လူအရင်းအမြစ်တွေ ချေးပေါသေးပေါ ပေါသမို့ လူအငှားလိုက်တဲ့ အလုပ်ပဲ လုပ်နိုင်ကြတယ်။ အိမ်ပျက်ကြီးကို ခေါင်ကနေ အောက်ခြေ ဖောင်ဒေးရှင်းထိ ဖြိုဖျက်ပြီး ဒီဇိုင်းအသစ်နဲ့ ပိုမိုခိုင်ခန့်တည်တံ့အောင် စွမ်းဆောင်နိုင်ဖို့ ဆိုတာကတော့ ဝေလာဝေးပါပဲ။
အဲသလိုနဲ့ အိမ်ပျက်ကြီးဟာ လူ့သက်တမ်းရဲ့ မျိုးဆက်တခုစာမျှ တရွတ်တိုက်ကြီး ပါလာခဲ့တယ်။ ကာလတခုမှာတော့ အမိုးလေး နည်းနည်းပါးပါး ဖာခွင့်၊ ဆေးလည်း သုတ် မိတ်ကပ်လေး လိမ်းခွင့် နည်းနည်းရလိုက်တော့ အိမ်အကောင်းစားကြီး မဟုတ်တောင် နည်းနည်း ကြည့်ပျော်တဲ့ အနေအထားလေး ဖြစ်လာတယ်။ ဖောင်ဒေးရှင်းကအစ ဒီဇိုင်းအဆုံး အသစ်ပြင် ဆောက်ချင်ကြသူတွေကလည်း ထုနဲ့ဒေး ရှိခဲ့ကြပါရဲ့။ သို့ပေမဲ့လည်း အသစ်ပြန်မဆောက်လိုဘဲ ပြုပြင်ချင်စိတ် ကဲသူတွေရဲ့ စိတ်အားသန်မှုကို မလွန်ဆန်နိုင်ခဲ့ကြဘူး။ စိတ်မသက်မသာနဲ့ဘဲ လက်ပိုက်ကြည့်နေလိုက်ရတယ်။
ဒီလိုနဲ့ အိမ်ပျက်ကြီးကို ဆေးခြယ်၊ မိတ်ကပ်လိမ်း၊ အမိုးပြင်၊ အပေါက်ဖာနဲ့ ကြိုးစားပမ်းစားလုပ်ခဲ့တယ်။ အနည်းအကျဉ်းတော့ ကြည့်ပျော်ရှုပျော် ဖြစ်လာခဲ့ပါတယ်။ တချို့ အငှားချထားမိတဲ့ အသာစီး ယူလိုစိတ်နဲ့ အနိုင်ကျင့်မှုတွေကိုတော့ ပျော့ပျောင်းညင်သာစွာ ပြုပြင်ယူခဲ့ရတာပေါ့။ ဓနအား၊ တန်ခိုးအာနုဘော်အားကြီးသူတွေဟာ တိုက်ရိုက်နည်းနဲ့မရရင် သွယ်ဝိုက်နည်းနဲ့ တုပ်နှောင်ချင်ကြသူတွေချည်းပါပဲ။ ကိုယ့်ဆီမှာ လိုတာကတော့ ဉာဏ်ပညာကြီးတဲ့ ဆင်ခြင်နိုင်စွမ်းပဲ ဖြစ်ပါတယ်။ သို့မှသာ အပြန်အလှန် လေးစားအသိအမှတ်ပြုမှုကို ရနိုင်မှာဖြစ်ပါတယ်။ အဲသလို လေးစားအသိအမှတ်ပြု ခံရမှ ချမ်းသာကြွယ်ဝ၊ အင်အားကြီးတဲ့ ကိုယ့်အိမ်နီးချင်းတွေကြားမှာ ဂုဏ်သိက္ခာရှိရှိ နေနိုင်မှာ ဖြစ်ပါတယ်။
သို့ပေမဲ့လည်း အခုအခါမှာတော့ ခဲလေသမျှ သဲရေကျ ဆိုသလို အရာရာဟာ အဟောသိကံ ဖြစ်ရပြန်တယ်။ ကြမ္မာရဟတ် တပတ်ပြန်လည်သလို အရာရာဟာ ဇီးရိုးလယ်ဗယ်ဆီ ပြန်ဆိုက်သွားရပြန်တယ်။ အစမကောင်းခဲ့လို့ အနှောင်းမသေချာခဲ့တာလို့ ပုံပြောင်းပြောချင်သူတွေ ရှိနေနိုင်ပေမဲ့ သေချာတာကတော့ လူလွန်မသားတွေရဲ့ အတ္တအရောင် တလက်လက် ပြောင်နေလွန်းမှုကြောင့်ပဲ ဆိုတာကိုတော့ ငြင်းပယ်နိုင်မယ့်သူ နည်းပါလိမ့်မယ်။ ဆင့်အဟွာ ခွေးမျှော်ဇာတ် ခင်းချင်ကြသူတွေကတော့ အဓမ္မမှုယိမ်းနဲ့အတူ လှုပ်ခတ်နေကြမှာပါပဲ။ အပြီးသတ် ဇာတ်သိမ်း ကန့်လန့်ကာ မချနိုင်သေးခင်မှာတော့ အရာရာဟာ မှန်းဆချက်တွေကြားထဲမှာ ဝေ့ဝဲရှုပ်ထွေးမှုများစွာနဲ့ ရင်သပ်ရှုမောနေရအုံးမှာပါ။
အကောင်ကြီးလို့ နှစ်ခါပြန်လျှောက်ရတဲ့ ဂဏန်းပုံပြင်ထဲကလိုပါပဲ။ အိမ်ပျက်ကြီးရဲ့အဖြစ်ကို နှစ်ခါပြန် ကြုံနေကြရတာဟာဖြင့် သည်အိမ်ပျက်ကြီးထဲက ကျနော်တို့အားလုံးဟာ အကောင်ကြီးလို့ပဲ ဆိုတာတော့ အသေအချာပါပဲ။
Be the first to comment