2
လူနော်
‘အိမ်ပြန်ချင်ရုံ’
ဟင်းမကောင်းတဲ့နေ့ရက်တိုင်း
မိသားစုထမင်းစားပွဲမှာ ဂျီးများတတ်တဲ့ကောင်
အဖေ့ရဲ့ လုပ်ငန်းခွင်ဦးထုပ်အောက်က
ချွေးစက်တွေကို သူရဲကောင်းရုပ်ရှင်လို့
ကျနော် မမြင်ခဲ့ဘူး။
အမေချုပ်ပေးခဲ့တဲ့ ကတ္တီပါဖိနပ်ကို မစီးချင်ဘဲ
အသစ်ဝယ်ပေးဖို့ တတွတ်တွတ်ပြောခဲ့တဲ့ကောင်
မပြည့်စုံတဲ့ ထရံပေါက်ကြားက ပူလောင်မှုအပြည့်နဲ့
အံတုထားတဲ့ အမေ့မျက်ရည်ပူတွေကို
ကျနော် မမြင်ခဲ့ဘူး။
ငယ်ငယ်က သစ်သား လက်လုပ် သေနတ်လေး နဲ့
စစ်တိုက်တမ်းကစားဖို့ တာဆူခဲ့တဲ့ကောင်
ကျောပိုးလွယ်အိတ်ထဲမှာ စာအုပ်၊ ဘောပင်ကလွဲလို့
နောက်ကျောမှာ နိုင်ငံရဲ့ဝန်ထုပ်ဝန်ပိုးတွေ
ကျနော် မမြင်ခဲ့ဘူး။
ငါးဆယ်တန် ချိုချဉ်ကို အရည်ပျော်အောင် ငုံထားပြီး
ကွမ်းယာဆိုင်ရှေ့မှာ ဘဝရဲ့ တန်ကြေးကို
အကြွေးနဲ့ စျေး ညှိဖူးတယ်။
လက်ရှည်အင်္ကျီကို စလင်းကတ်လို လိပ်ဝတ်ပြီး
ကထိန်ပွဲဈေးမှာ ၅၀၀ တန် ပစ္စတိုမရလို့
ထမင်းမစားဘဲ နေခဲ့ဖူးတယ်။
ရှူးရှဲနဲ့ထမင်းအဖြူစားပြီး မိသားစုထမင်းဝိုင်းကို
လွမ်းရမယ်လို့ ဘယ်ထင်ပါ့မလဲ၊
တောထဲမှာ ချေးပိတ်နေတဲ့ ခြေဖဝါးဟာ
အမေချုပ်ပေးတဲ့ ကတ္တီပါဖိနပ်ကို
လွမ်းရမယ်လို့ ဘယ်ထင်ပါ့မလဲ၊
သေနတ်အစစ်ကို ကျစ်ကျစ်ပါအောင် စုပ်
လက်လုပ်ဗုံး၊ လေယာဉ်ဗုံး၊ ကျည်ဆံတွေနဲ့
နေသားတကျ စစ်တိုက်ရမယ်လို့ ဘယ်ထင်ပါ့မလဲ
ကျနော်မမြင်ခဲ့တာတွေ မထင်ခဲ့တာတွေ သိပ်များလွန်းတယ်
အခုမှ ကျနော်မြင်မိတာက
ကျနော်ဟာ အိမ်ပြန်ချင်နေတဲ့
သာမန် သားဆိုးသားမိုက် တစ်ဦး ဖြစ်နေရုံသက်သက်ပါပဲ။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
