6
May
‘အိမ်ပြန်ချိန်’
အတူနေသူငယ်ချင်းတယောက်ကို ခဏခဏပြောဖြစ်တာက အိပ်မက်တွေအကြောင်းပဲ။ တပတ်မှာ သုံးရက်လောက်လိုလို အကြောင်းအရာတခုတည်းကို ပုံစံအမျိုးမျိုးနဲ့ အမြဲတမ်းမက်တဲ့ အိပ်မက်တွေအကြောင်းပေါ့။
အိပ်မက်ကတော့ မထူးဆန်းပါဘူး။ အိမ်ကိုပြန်နေတဲ့အကြောင်းပါ။ အိပ်မက်တိုင်းမှာ အိမ်ကိုပြန်နေပြီး အိမ်ကိုတခေါက်ကလေးမှ ပြန်မရောက်တဲ့ အကြောင်းပါ။ အိပ်မက်ကနိုးတိုင်းလည်း အိမ်ကိုရောက်အောင် မပြန်နိုင်ရကောင်းလားဆိုပြီး ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်မိတယ်။ ဖြစ်လည်းဖြစ်ချင်စရာပဲလေ အိမ်မပြန်နိုင်သေးသူတယောက်အတွက် အိမ်ပြန်ရောက်နိုင်တဲ့အခြင်းအရာက အိပ်မက်ထဲမှာပဲ ရှိတာမဟုတ်လား။
အိမ်ဝေးသူ လူငယ်တယောက်အနေနဲ့၊ အိမ်ကနေ ထွက်ခွာလာခဲ့သူတယောက်အနေနဲ့ အဆာလောင်ဆုံးကအရာက ဘာလဲဆို အိမ်ရဲ့အငွေ့အသက်ပဲ။ ကိုယ်ရောက်နေရာအဝန်းအဝိုင်း ကိုယ်နဲ့ရပ်တည်မှုခြင်းတူ ရင်ဘက်ခြင်းတူတဲ့ ပတ်ဝန်းကျင်မှာ နွေးထွေးမှုဆိုတာ တောင့်တစရာမလိုအောင် ရနေတာတော့မှန်ပါရဲ့။
အချင်းချင်းရပ်တည်ပေးမှုတွေ၊ စောင့်ရှောက်မှုတွေ မျှဝေမှုတွေနဲ့ မိသားစုလို တယောက်ကိုတယောက် စောင့်ရှောက်လို့ “နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်” ဆိုပေမယ့်လို့ အိမ်ရဲ့အငွေ့အသက်ဆိုတာကကျတော့ ကိုယ့်ရဲ့ ကြီးပြင်းလာမှုတလျှောက်လုံးမှာ ကိုယ်နဲ့တသားတည်းရှိခဲ့တဲ့ အရာတွေပေါ့။ ဥပမာ မနက်အိပ်ယာနိုးချိန်မှာ ကြားရတဲ့ အမေ့ရဲ့ ဘုရားရှိခိုးသံ၊ ဒါမှမဟုတ်လည်း ခြံထဲ တံမြက်စည်းလှည်းတဲ့အသံ။ အဖေ့ရဲ့ အလုပ်သွားတော့မယ့် ဆိုင်ကယ်စက်နှိုးသံ။
တခါတခါကျတော့လည်း အိမ်ရဲ့အငွေ့အသက်ဆိုတာ မီးဖိုချောင်ထဲက ဟင်းအိုးကို ကြောင်ဖွင့်လိုက်လို့ အိုးအဖုံး အောက်ကိုပြုတ်ကျသွားတဲ့အသံလည်း ဖြစ်နိုင်တယ်။ ဒါဟာ ရယ်စရာတော့ ကောင်းလိမ့်မယ်။ ဒါပေမယ့် အသံတွေနဲ့ပတ်သက်လို့ ဒီအသံဟာ လွမ်းစရာဖြစ်လာလိမ့်မယ်ဆိုတာ အိမ်ရဲ့အဝေးကို ရောက်မှ၊ အသံတွေပတ်သက်လို့ စိတ်မလုံခြုံမှုတွေ ကြုံရတဲ့အခါကျမှ သိလာခဲ့ရတယ်။
ကိုယ်တို့စိတ်ရှုပ်စရာလေးအဖြစ် ခဏတာကြုံပြီး ဟာသဖြစ်သွားရတဲ့ အသံလေးတွေဟာ ချစ်စရာကောင်းမှန်း ဒီအခြေအနေကြီးထဲရောက်မှ သိလာခဲ့တယ်။ အခုတော့ တံခါးကို ဆောင့်ပိတ်လိုက်တဲ့အသံ၊ ရုတ်တရက် ဆိုင်ကယ်စက်နှိုးလိုက်တဲ့အသံ၊ တစုံတခုပြုတ်ကျလို့ ထွက်ပေါ်လာတဲ့မြည်သံတွေက ကိုယ်တို့ကို အသင့်အနေအထားဖြစ်သွားအောင် ပုန်းကွယ်စရာကို ချက်ချင်းရှာမိသွားတဲ့ အနေအထားဖြစ်အောင်ကို ခြောက်လှန့်နေလို့ ဟာသ ဆိုတာကလည်း ရယ်ပြီး ချက်ချင်းမောသွားရတဲ့ ရင်မောစရာတခုသာ ဖြစ်နေတယ်။
သူငယ်ချင်း မိတ်ဆွေ ရင်ဘက်တူသူအချင်းချင်း အချိန်လေးအားလို့ ခဏတဖြုတ် စကားလက်ဆုံကျမိတဲ့အခါ ပြောဖြစ်တဲ့စကားတွေက အိမ်လွမ်းချင်းတွေပဲ။ အိမ်ကို ပြန်ရောက်တဲ့အခါ ဘာကိုတော့လုပ်ရမယ်ကွာ ဆိုတဲ့ အားခဲထားမှုတွေ၊ ဘာတွေလုပ်မယ်ဆိုတဲ့ မျှော်လင့်မှုတွေ၊ ဘာမဖြစ်ရင်လည်းရပါတယ်ကွာ ဆိုတဲ့ ရောင့်ရဲမှုတွေ၊ အဆုံးမှာတော့ အိမ်ကိုရောက်အောင်ပြန်မယ် ဆိုတဲ့ အားတင်းမှုတွေ။ တခါတလေကျပြန်တော့ ကိုယ်တို့ ဘယ်လိုအခြေအနေမျိုးမှာ အိမ်ပြန်ရောက်မလဲဆိုတာကို တွေးမိတယ်။
အိမ်ကိုပြန်တဲ့အခါ အိမ်ကထွက်လာခဲ့သလိုမျိုးရော အကောင်းအတိုင်း အရှိအတိုင်း ရောက်နိုင်ပါ့မလား ဆိုတာမျိုးတွေ။ တကယ်တမ်းကျတော့လည်း ပူပန်စရာတော့မရှိပါဘူး။ အမေတွေဟာ အရာရာကို အကောင်းအတိုင်း ဖြစ်စေသူတွေလေ။ အမေ့ရင်ငွေ့ဟာ အရာရာကို ပျောက်ကင်းစေနိုင်တဲ့ ဆေးတမျိုးပဲ။
ကိုယ်တို့အားလုံး အိမ်ကိုပြန်နိုင်တဲ့အချိန် ရောက်ပြီးတဲ့နောက်မှာ နှစ်တိုင်း အိမ်ဝေးသူတို့ရဲ့အိမ်ပြန်ချိန် သတ်မှတ်ပြီး အဲ့ဒီအချိန် ယန္တရားအားလုံး ရပ်ဆိုင်းပေးသင့်တယ်။ ကိုယ်တို့ရဲ့ စမှတ်ဟာ အိမ်ပဲဖြစ်လို့ ကိုယ်တို့ရဲ့ပန်းတိုင်ဟာလည်း အိမ်ပြန်ရောက်ဖို့ပဲ ဖြစ်ရမယ်။
ကိုယ်တို့ရဲ့အတိတ်က အမှတ်တရများစွာရှိတဲ့အိမ်ကို အဲ့ဒီပုံရိပ်များကို ပြန်လည်ဖမ်းယူဖို့ ပြန်ရမယ်။ ကိုယ်တို့အားလုံး အိမ်ရဲ့အငွေ့အသက်ကို ပြန်လည်ရှူရှိုက်ကြမယ်။ မလုံခြုံမှုများစွာကို ဖြတ်သန်းပြီးတဲ့နောက် အလုံခြုံဆုံးအိမ်ကို ပြန်ကြမယ်။ အပျက်အစီးများစွာကို ကြုံတွေ့ခဲ့ပြီးတဲ့နောက် မပျောက်ပျက်တဲ့အမှတ်တရတွေနဲ့ အိမ်ကိုပြန်ကြမယ်။ ကိုယ်တို့ရဲ့အိမ်နေရာမှာ မြေကွက်လပ်ကြီးပဲ ကျန်ပါစေဦး ဒီနေရာမှာ ကိုယ်တို့အိမ်ရှိခဲ့တယ်ဆိုတာကို ပြန်လည်ညွှန်းဆိုဖို့ အိမ်ကိုပြန်ကြမယ်။
အဆုံးသတ်အောင်ပွဲကို နွှဲပြီးတဲ့အခါ လွတ်လပ်မှုနဲ့လက်သီးလက်မောင်းတန်းလို့ အိမ်ကို ပြန်ကြမယ်။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
