“အိမ်ပြေး (သို့) အိမ်အဝေး”
နွေအလင်း (CDM)
ခရီးက အတော်အတန်ရောက်လောက်ပြီ။ “အင်း ငါထွက်လာခဲ့တာ မနက်ခြောက်နာရီဆိုတော့ …” လင်းခန့် ပြန်စဥ်းစားရင်း အချိန်တွေကို လက်ချိုးရေကြည့်သည်။ “အခုက ကိုးနာရီဆိုတော့ အင်း သုံးနာရီလောက်တောင်ကြာပြီပဲ” လင်းခန့် ပျော်သွားသည်။ ဒီလောက်ဆို အဖေ လိုက်မရှာနိုင်တော့။ ဟုတ်သည်လေ နယ်မြို့အစွန်ရှိ တခုတည်းသော ကားဂိတ်လေး၏ တစီးတည်းသော လိုင်းကားကို သူစီးလာသည်မို့ အဖေ လိုက်ရှာရန်မလွယ်တော့။ ရွှီခနဲ လေတချက်ချွန်ရင်း အဝေးပြေးကား၏ ပြတင်းပေါက်မှ ရှုခင်းတွေကို ငေးကြည့်နေလိုက်သည်။ အမြင့်ဆုံးသို့ ပျံသန်းတော့မည့် ငှက်တကောင်၏ ခံစားချက်မျိုးရလာသည်။ စိတ်လက်ပေါ့ပါးစွာဖြင့် အရာရာကို အောင်မြင်အောင် ကိုယ့်စိတ်တိုင်းကျ လုပ်နိုင်ပြီ။
“အိမ်” မုန်းသည်။ သူ့အိမ်ကို မုန်းသည်။ ဘာတခုမှ မလွတ်လပ်။ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ စည်းမျဥ်းစည်းကမ်းတွေ များလွန်းလှသည်။ တနေ့တနေ့ ခြေသံမထွက်အောင် လျှောက်ရတာနဲ့၊ အပြင်မှာ သူငယ်ချင်းတွေနဲ့ မလည်ရတာနဲ့၊ ညဘက် ဂစ်တာမတီးရ အို စုံလို့ပါပဲ။ လင်းခန့် စဥ်းစားနေရင်း ခေါင်းခါလိုက်သည်။ မလိုတော့။ ဘာတွေမှ တွေးနေစရာမလိုတော့။ အခု သူက အိမ်နဲ့အဝေးဆုံးမှာ လွတ်လပ်ပြီ မဟုတ်လား။ ကိုယ့်စိတ်ကြိုက် နေလို့ရပြီ။ စားချင်တဲ့အချိန် စားပြီး အိပ်ချင်တဲ့အချိန် အိပ်မည်။ ရှေ့မှာတော့ ပျော်စရာ အနာဂတ်က ဆီးကြိုနေလိမ့်မည်။ တွေးနေရင်း မျက်လုံးတွေစင်းလာကာ အိပ်ပျော်သွားသည်။
“ညီလေး ထ ထ ဂိတ်ဆုံးပြီ၊ ရန်ကုန်ရောက်ပြီ ” စပယ်ယာရဲ့ အသံအဆုံးမှာတော့ ကယ်ရီသမားများ၏ ဆူဆူညံညံ အသံများနှင့် လမ်းဘေးစျေးသည်အသံများက အလုအယက် တိုးဝင်လာသည်။ လင်းခန့် အိပ်မှုန်စုံမွှားဖြင့် ကျောပိုးအိတ်လေးဆွဲပြီး ကားပေါ်မှ ဆင်းခဲ့သည်။ “ရန်ကုန် မြန်မာနိုင်ငံ၏ သမီးပျို ” ရောင်စုံမီးများဖြင့် လှချင်တိုင်းလှနေပြီ။ သူ တချက်သမ်းဝေရင်း စီးကရက်ဘူးကို ဘောင်းဘီအိပ်ထဲမှ ဆွဲထုတ်လိုက်သည်။ ဟူးခနဲ စီးကရက်ငွေ့များကို မှုတ်ထုတ်လိုက်ရင်း ဘယ်သွားရမည်ကို တွေးနေမိသည်။
ဆယ်တန်းအောင်ကာစ လူငယ်တယောက်အနေဖြင့် အိမ်မှလွဲ၍ အပြင်သိပ်မရောက်ဖူးချေ။ ဘယ်သွားရမည်ကို သေသေချာချာမသိသေး။ အိမ်မှာမနေချင်၍ ထွက်လာခဲ့ခြင်းသာ။ အိမ်ပြေးလေးတယောက်။ အနီးဆုံး စားသောက်ဆိုင်ထဲသို့ လှမ်းဝင်လိုက်သည်။ စားသောက်ဆိုင်အကြီးကြီး၊ သူတို့နယ်မြို့လေးမှာ ဒီလိုဆိုင်မျိုး မရှိသေး။ လူအများ ပြည့်ကျပ်နေသည့်ကြားမှ စားပွဲတခု ရလိုက်သည်။ ဟာနေသောဝမ်းကို ဖြည့်ဖို့ ထမင်းကြော်တပွဲနှင့် အအေးတဘူး၊ ရေသန့်တဘူး မှာလိုက်သည်။ စီးကရက်တလိပ်ကို ထပ်မီးညှိဖွာလိုက်ရင်း လူအများကို ရည်ရွယ်ချက် မဲ့ငေးကြည့်နေမိသည်။
“အကို မှာထားတာတွေ ရပါပြီဗျ” ပြောပြောဆိုဆို လာချပေးသော ထမင်းကြော်ပန်းကန်ကို ကြည့်ရင်း ဗိုက်ပိုဆာလာသည်မို့ အားရပါးရ စားလိုက်သည်။ ဗိုက်ပြည့်သွားသည်နှင့် ခံတွင်းကချဥ်လာသည်။ သုံးလိပ်မြောက်ဆေးလိပ်ကို နှုတ်ခမ်းဖျား တေ့လိုက်သည်။ “ကလင် ကလင် ကလင်” ဖုန်းမြည်သံကြောင့် လင်းခန့်ကြည့်လိုက်သည်။ မမလေးခေါ်သည့်ဖုန်း။ အိမ်က ထွက်လာတည်းက မမလေး ဖုန်းခေါ်ထားသည်မှာ အခါသုံးဆယ်ကျော်ပြီ။ မောင်နှမနှစ်ဦးထဲ ရှိသည်မို့ အိမ်ကထွက်ပြေးမည့် သူ့အကြံကို မမလေး သိနေလောက်ပြီ။ အဖေကတော့ တခါမှ မဆက်။ နေပေ့စေလေ မဆက်လဲ ကိစ္စမရှိ။ သူ မဲ့ပြုံးတချက်ပြုံးရင်း ဖုန်းကိုကိုင်လိုက်သည်။
“အေး မမလေး” ဖုန်းဖြေလိုက်သည်နှင့် “နင် ဘယ်တွေ လျှောက်သွားနေတာလဲ လင်းခန့်၊ အခုပြန်လာခဲ့စမ်း၊ တအိမ် လုံး စိတ်ပူနေတယ်၊ အမေဆို နင်ပျောက်သွားလို့ လိုက်ရှာရင်းနဲ့ သတိတောင်လစ်တယ်” မမလေးအသံက စီခနဲ နားထဲဝင်လာသည်။ “အေး ငါ ရန်ကုန်ရောက်နေပြီ” “အမေ အမေ့ အမေ့သားက ရန်ကုန်ရောက်နေပြီတဲ့။” မမလေးက ငိုသံနှင့် လှမ်းပြောသည်။ “သား သားရယ် ဘာတွေလျှောက်လုပ်တာလဲ” အမေ့အသံမှာ ဝမ်းနည်းသံက အတိုင်းသား။ သူလည်း နားထောင်ရင်း ရင်ထဲမှာ ဆို့လာသည်။ ရုတ်တရက် ဘာပြောရမှန်းမသိ။ “သားရယ် ဒီမှာ တအိမ်လုံးစိတ်ပူနေကြတယ်၊ သားအဖေလည်း သားကို ဆိုင်ကယ်နဲ့လိုက်ရှာရင်း ထော်လာဂျီနဲ့ တိုက်မိလို့ အခုဆေးရုံမှာ” ဟင် … ဘုရား ဘုရား အဖေ ဆေးရုံမှာဆိုပါ့လား။ ဘုရား တရားမလို့ အဖေ ဘာမှ မဖြစ်ပါစေနဲ့။
“မင်းအဖေ ဓာတ်မှန်ရိုက်ရမယ်တဲ့၊ အခုထိတော့ သတိမရသေးဘူး၊ ဦးခေါင်းထဲမှာ သွေးခဲတာဖြစ်နိုင်တယ်တဲ့။” အမေ့အသံကြောင့် သူ ထိတ်ခနဲ တုန်လှုပ်သွားသည်။ အဖေ သာမန် လက်လုပ်လက်စားဘဝဖြင့် သူ့ကို တချက် မျက်နှာမငယ်အောင် ထားခဲ့သော အဖေ။ နေပူမရှောင် မိုးရွာမရှောင် ပန်းရံလုပ်လိုက်၊ ဆိုင်ကယ်ကယ်ရီဆွဲလိုက်ဖြင့် ကျောင်းထားခဲ့သော အဖေ။ သားဖြစ်သူကို ပညာတတ်ကြီး ဖြစ်စေချင်လှသည့် အဖေ။ နှုတ်ဖျားက စကားမချိုသာ ချစ်သည့်အကြောင်းကို မဖွင့်ဟခဲ့သော်လည်း လိုတိုင်းတ ရစေခဲ့သည့် ဣစ်ဆာသယ အဖေ။
ဒီမိသားစုကို စည်းကမ်းတင်းကျပ်လွန်းသည်ဟု အထင်တခုတည်းနဲ့တင် သူ စွန့်ခွာခဲ့ပြီလား။ “သားအောင်တယ် အမေ၊ ဂုဏ်ထူးနှစ်ခုပါတယ်” ဟု သူပြောစဥ်က သူ့အပေါ် မျက်ရည်လည်နေသည့် မျှော်လင့်ချက် မျက်ဝန်းများဖြင့် ကြည်နူးစွာ ကြည့်နေခဲ့သည့် အမေ။ “မောင်လေး နင် ငါ့လို အဝေးသင်မတက်နဲ့၊ ဂျီတီစီတက်နော်၊ နင် အင်ဂျင်နီယာကြီးဖြစ်မှ အဖေနဲ့အမေကို တိုက်အိမ်လှလှလေး ဆောက်ပေးရအောင်” ဆိုသည့် မမလေး၏ စကားသံ။ “ဟေ့ကောင် တွေ ငါ့သားက ဂုဏ်ထူးနှစ်ခုကွ” ဟု ဘဝတူ ကယ်ရီသမားများကို ကြွားနေသည့် အဖေ့၏ပုံရိပ်တို့ ပြန်မြင်ယောင်လာသည်။ မြင်ကွင်းက မသဲကွဲတော့ စိုထိုင်းထိုင်းဖြစ်လာသည်။
“ကဲ သမီး မနက်ဖြန်ကျရင် မေမေတို့ မိသားစုလိုက် ဘုရားသွားကြမယ်နော်၊ သမီး ဆယ်တန်းအောင်တဲ့ အထိမ်းအမှတ်နဲ့” “ဟုတ်ကဲ့ မေမေ” ဘေးချင်းကပ်ဝိုင်း၏ စကားသံက သူ့နားထဲ လွင့်လာသည်။ သူ ယောင်ယမ်းပြီး ကျောပိုးအိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်မိသည်။ သူမှားခဲ့ပြီ။ “အိမ်” သူ အိမ်ကိုလွမ်းလာသည်။ ရင်ထဲမှာ စူးနင့်သောခံစားချက်တမျိုး ဖြစ်လာသည်။ အိမ်ပြန်မည်၊ ဒီညထွက်သော ကားကိုစီးရင်ဖြင့် မနက်စောစောတော့ အိမ်ရောက်နိုင် လိမ့်မည်။ ဟုတ်ပြီ။ “ညီလေးရေ ရှင်းရအောင်ဟေ့” သူ ကပျာကယာရှင်းပြီး ကားဂိတ်ဘက်သို့ ဦးတည်ထွက်လာခဲ့သည်။ မီးရောင်စုံများကြားမှ ကားလမ်းမကြီးကို ဖြတ်အကူး။ အုန်းခနဲ အသံကြီးနှင့်အတူ သူ့တကိုယ်လုံးသည် လေထဲသို့ လွင့်ခနဲ။ သူ့စိတ်အစဥ်သည်လည်း နယ်မြို့လေးဆီသို့။
(အိမ်အဝေးကို ရောက်နေသော အိမ်ပြေးတယောက်၏ ခံစားချက်မျိုး ရေးဖွဲ့ပါသည်။)
Be the first to comment