
“အိမ်မရှိ ခွေးမွေး”

“အိမ်မရှိ ခွေးမွေး”တဲ့။ ခွေးပိုင်ရှင်က ဘယ်လိုစိတ်ကူးနဲ့ ပြောတာလဲတော့ မသိပါဘူး။ တကယ်လည်း ခွေးပိုင်ရှင်က ဒီနိုင်ငံမှာ လှည့်လည်သွားလာနေသူတွေ၊ တဘက်နိုင်ငံကနေ ထွက်ပြေးလာခဲ့ရသူတွေလို့ ပြောလို့ရတယ်။ ခွေးပိုင်ရှင်က မြန်မာနိုင်ငံသား၊ ခွေးတွေကတော့ ထိုင်းခွေးတွေပါ။
ခွေးပိုင်ရှင်နဲ့ ခွေးနှစ်ကောင်ဇာတ်လမ်းက မဲဆောက်က စခဲ့ကြတယ်။ လမ်းဘေးခွေးတကောင်ကို ကောက်ယူမွေးစားရာကနေ အစပြုခဲ့ကြတယ်လို့ ပြောတယ်။ ပိုင်ရှင်မဲ့ လမ်းဘေးခွေးတွေက ပိုင်ရှင်သခင်မရှိတာက သူတို့မှာ မြေမရှိလို့ဘဲဆိုတာ ပြောလို့ရသလား။ မြန်မာနိုင်ငံသားတွေရဲ့ အယူအဆကတော့ ခွေးတကောင်ကို စမွေးပြီဆိုတာနဲ့ ဒီခွေးဟာ ဒီသခင်နဲ့ အခုလိုလာဆုံတာ သူ့မှာ မြေရှိလို့ပဲဆိုပြီး ပြောတတ်ကြတယ်။ အခုတော့ မဲဆောက်က ထိုင်းခွေးတကောင်ကို မြန်မာနိုင်ငံသား မိသားစုက ကောက်ယူမွေးစားလိုက်တာဟာ ခွေးအဖို့တော့ မြေရှိသွားပြီလို့ ပြောလို့ရမလားပဲ။
အနက်ရောင် ခွေးမလေးတကောင်ကို ဇူဇူးလို့ နာမည်ပေးလိုက်တယ်။ သူ့ကိုစတွေ့တော့ တပိုက်စာရယ်ပါ။ ရင်ခွင်ထဲထည့်ပြီး ပိုက်လိုက်ရင် တကောင်လုံးပျောက်သွားရော။ အကောင်လေး သေးသေးလေးနဲ့ ချစ်မွေးပါတယ်ပြောရမယ်။
မဲဆောက်နေ့ရက်တွေကို ဖြတ်သန်းနေရင်းနဲ့ ဇူဇူးမှာ ကိုယ်လေးလက်ဝန်ရှိလာတယ်။ မျိုးဆက်တဆက်ကို မွေးဖွားသန့်စင်ပေးမယ့်တာဝန်ကို သူလုပ်တော့မှာပါ။ သူမွေးဖွားပေးလိုက်တဲ့ မျိုးဆက်က တဘက်နိုင်ငံကူးပြီး မတရားမှုကို တော်လှန်တိုက်ပွဲဝင်ကြတဲ့သူတွေနဲ့အတူ သွားရောက် တာဝန်ထမ်းဆောင်မှာဆိုတဲ့ အတွေးမျိုး ရှိချင်လည်း ရှိလောက်ပါတယ်။
တနေ့ ကိုယ်ဝန်လစေ့လာတော့ မျိုးဆက်တခုကို မွေးဖွားခြင်းအလုပ် လုပ်နေရပါပြီ။ ဇူဇူးကို တခုခုကူညီဖို့အတွက်လည်း စောင့်ကြည့်ပေးကြတယ်။အကောင်နဲ့ ခွန်အားနဲ့ မမျှလို့နေမယ်။ မွေးဖွားခြင်းအလုပ်ကို တဝက်တပျက်နဲ့ ရပ်နေတယ်။ သူ့မှာ မွေးဖွားခြင်းအလုပ်ကို ဆက်ပြီး မလုပ်နိုင်တော့ပါဘူး။အကူအညီမပါဘဲ ကလေးဆက်မွေးဖို့ မဖြစ်နိုင်တော့မှန်းသိတော့ ဇူဇူးကို ဆေးခန်းပို့ဖို့ လုပ်ရပါတော့တယ်။
ဇူဇူးမီးဖွားတဲ့အချိန်က အကောင်ကသေးလို့ မမွေးနိုင်ဘူး။ ဆေးခန်းပို့တော့ ညသန်းခေါင်ကြီး အရေးပေါ်ပို့ရတာပါ။ နှစ်ကောင်ပဲမွေးပေးနိုင်တယ်။ ဆေးခန်းရောက်တော့ ဗိုက်ထဲမှာ လေးကောင်ကျန်တယ်။ အဲဒီလေးကောင်ထဲက တကောင်ကတော့ အဖိတ်အစင်ဖြစ်သွားလို့ သုံးကောင်ပဲ ရလိုက်ပါတယ်။
ဆရာဝန်အကူအညီနဲ့ ဗိုက်ထဲကျန်နေသေးတာတွေ အပြင်ကို ရောက်လာတယ်။ မိခင် ဇူဇူးရော ကလေးတွေအကုန်လုံးရော ကျန်းမာရေးကောင်းကြပါတယ်။
မကြာခင်မှာပဲ ကလေးတွေ အရွယ်ရောက်လာတယ်။ သူမွေးဖွားပေးလိုက်တဲ့ ၄ ကောင်က တော်လှန်ရေးသမားဆီကို ရောက်သွားကြတယ်။ အရွယ်ရောက် လာသူတွေ တဘက်နိုင်ငံကိုကူးပြီး တော်လှန်ရေးအလုပ် သွားလုပ်ကြတာပါ။ သူဟာ ထိုင်းခွေးတကောင်ဖြစ်လင့်ကစား မြန်မာနိုင်ငံက တော်လှန်ရေးမှာ ပါဝင်ကြဖို့ မျိုးဆက်တခုကို မွေးဖွား စောင့်ရှောက်ပေးလိုက်တဲ့အတွက် တော်လှန်မိခင်စာရင်း ဝင်သွားပါတယ်။
ဒါဟာ ပိုင်ရှင်မဲ့ဘဝကနေ ကောက်ယူမွေးစားတဲ့ မြန်မာနိုင်ငံသားကို ပြန်ပြီး ကျေးဇူးတုန့်ပြန်တာမျိုးလည်း ဖြစ်မှာပါ။ နောက်ဆုံးမှာတော့ ဇူဇူးဘေးမှာ ရွှေညိုရောင်သန်းတဲ့ အမွှေးအရောင်ကို ပိုင်ဆိုင်ထားတဲ့ သားဖြစ်သူ ဘရောင်နီတကောင်သာ ကျန်ပါတော့တယ်။ ဇူဇူးတို့ ဘရောင်နီတို့ သားအမိလည်း တနေ့ကျရင် မဲဆောက်ကနေ နှုတ်ဆက် ထွက်ခွာသွားကြမယ်လို့ ကြိုတွေးရင်လည်း တွေးကြမှာပါ။ တကယ်လည်း တရက်မှာတော့ မဲဆောက်မြေကို ကျောခိုင်းလာခဲ့ကြပါတော့တယ်။
“ခွေးလို့ပြောရမှာတောင် ခပ်ခက်ခက်ပဲ ကားမူးပြီးအန်လို့ သန့်ရှင်းရေး လုပ်ပေးရသေးတာ”
မဲဆောက်ကို ကျောခိုင်းလာတဲ့နေ့က သူတို့တွေအဖို့ ခရီးဝေးကို ကား စပြီး စီးဖူးကြတာပါ။ ခရီးဝေးသွားနေကျ အတွေအကြုံမရှိလို့ ကားမူးပြီး အန်တဲ့အကြောင်းကို ပိုင်ရှင်ဖြစ်သူက ပြောပြပါတယ်။
ဇူဇူးနဲ့ ဘရောင်နီက အိမ်ကို ဧည့်သည်တယောက်လာတာနဲ့ ဖက်လဲတကင်း နှုတ်ဆက်တတ်ပါတယ်။ မျက်နှာစိမ်းဧည့်သည် ဖြစ်ပါစေ တရင်းတနှီးကို နှုတ် ဆက် ဧည့်ခံတတ်ပါတယ်။ စိမ်းစိမ်းကျက်ကျက် အခုလိုပဲ တပြေးညီ နှုတ်ဆက် ဧည့်ခံတတ်တာပါ။ ဘယ်သူ့ကိုတော့ဖြင့် ပိုပိုသာသာလေး ဧည့်ခံလိုက်တာ၊ ဘယ်သူ့ကိုတော့ဖြင့် တော်ရုံလေးသာ ဧည့်ခံလိုက်တာမျိုး မရှိပါဘူး။
ဇူဇူးက အိပ်ရင် ကြက်အိပ်ကြက်နိုး အိပ်တတ်တယ်။ အသံတခုခု ကြားလိုက်တာနဲ့ ခေါင်းထောင်ပြီး ထကြည့်တယ်။ အခင်းအကျင်းရဲ့ အတိမ်အနက်ပေါ်မူတည်ပြီး သူကိုယ်တိုင် ခြံစည်းရိုးနားအထိ ထသွားပြီး ကြည့်တာမျိုးလည်း လုပ်တတ်သေးတယ်။
သားအမိတွေဖြစ်ပေမယ့် ဘရောင်နီကတော့ သူ့သခင်ကို လူသားတယောက်လို ပတ်ချွဲနပ်ချွဲ လုပ်တတ်တယ်။ အိပ်ရင်တောင်မှ ခေါင်းအုံးနဲ့ အိပ်တတ်တာမျိုးပါ။ ခေါင်းအုံးနဲ့ အိပ်တတ်တာ သားအမိနှစ်ကောင်လုံးလို့ ပြောလို့ရတယ်။ အလေ့အကျင့်ရှိလာတဲ့အရာကို သူတို့ ကောင်းကောင်းလုပ်နိုင်ကြတယ်။
ဘရောင်နီက ရေချိုးတဲ့အခါ ငြိမ်ပြီးနေတယ်။ ရေချိုးပြီးလို့ သူ့ခန္ဓာကိုယ် ခြောက်သွားအောင် ဒရိုင်ယာ (Dryer) နဲ့ မှုတ်ပေးတဲ့အခါ ဇိမ်ကျကျ နေတတ်တယ်။ နယ်မြေသစ်ကို ရောက်လာချိန်မှာတော့ နေသားကျအောင် အချိန်မပေးလိုက်ရဘူး ထင်ပါတယ်။ အထိုက်အလျောက်ကျယ်တဲ့ ခြံနဲ့ဝင်းနဲ့ နေရာကို ရောက်လာကြတာဖြစ်လို့ပါ။
သူတို့တွေမှာ အသံနဲ့ပတ်သက်ပြီး ထရော်မာရှိပုံရတယ်။ အသံကျယ်ကျယ်တခုခု ကြားလိုက်ရပြီဆို အိမ်ထဲကနေ အိမ်ပြင်ကို မထွက်တော့ဘူး။ အသံတွေကမရပ်ဘဲ ဆက်တိုက် ထွက်ပေါ်လာတာမျိုးဆို အခန်းထောင့်တခုမှာ သွားကပ်နေကြတယ်။
လွိုင်ကထုန်ပွဲတော်က ဗြောက်ဖောက်သံတွေအပြင် မီးရှူးမီးပန်းဖောက်သံတွေက မရပ်မနား ဖောက်ကြတာပါ။ တနေရာက ဖောက်လို့မပြီးခင်မှာဘဲ နောက်ထပ်တနေရာမှာ ဖောက်ခွဲသံအသစ်တခု ပေါ်လာပါတယ်။ ဒီလိုနဲ့ ဖောက်ခွဲသံ အသစ်အသစ်တွေနဲ့ အုံးအုံးကျက်ကျက်အသံတွေ ထွက်ပေါ်လာပါတယ်။သူ့အရပ်နဲ့သူ့ဇာတ်၊ ပွဲတော်တခုရဲ့ သင်္ကေတခုလည်း ဖြစ်မှာပါ။ ဖောက်ခွဲသံ၊ ပေါက်ကွဲသံတွေဆိုတာ မြန်မာနိုင်ငံက လာတဲ့သူအဖို့တော့ ပျော်ရွှင်စရာ အမှတ်အသားတခု မဟုတ်ဘူး ဆိုတာပါပဲ။
ပေါက်ကွဲသံတခု ကြားရပြီဆိုရင် တော်လှန်ရေးအတွက် တယောက်ယောက်က အသက်ပေးလိုက်ရပြီလား။ ပေါက်ကွဲသံနဲ့ ဆက်စပ်ပြီးတော့ အနီးအနားက ဘယ်သူတွေက သံသယနဲ့ ဖမ်းဆီးခံရတော့မှာလဲ ဆိုတဲ့ စိုးရိမ်စိတ်တွေက တခုပြီးတခု တန်းစီပြီး ပေါ်လာတာမျိုးပါ။ ပေါက်ကွဲသံဆိုတာ မဲဆောက်က ပြောင်းလာတဲ့ ခွေးတွေအဖို့ ကြောက်စိတ် ဖြစ်လာနိုင်စေသလို မြန်မာပြည်က ထွက်လာတဲ့သူတွေအဖို့လည်း သက်သောင့်သက်သာ ဖြစ်စေမှာတော့ မဟုတ်ပါဘူး။
သူတို့တွေ ဘာကြောင့် အသံတွေကို ကြောက်ရတာလဲ၊ ပေါက်ကွဲသံတွေကို ကြောက်တတ်တဲ့ ထရော်မာတခုခု ရလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ ငယ်ဘဝက မဲဆောက်နေ့ရက်တွေကို ဖြတ်သန်းလာခဲ့ကြသူတွေပါ။ အဲဒီနေ့ရက်တွေမှာ မဲဆောက်တဘက်ကမ်း ထိတွေ့တိုက်ပွဲတွေကြားက ပစ်ခတ်သံတွေကို ကြားမိတာမျိုး ရှိခဲ့ဖူးကြမယ် ထင်ပါတယ်။ သောင်ရင်းမြစ်တဘက်ကမ်းက လက်နက်ကြီး ပစ်ခတ်သံတွေကို သူတို့ကြားရနိုင်ပါတယ်။ ပေါက်ကွဲပစ်ခတ်သံတွေဆိုတာ စိတ်ဒဏ်ရာတခုခုကို ဖြစ်ပေါ်စေတဲ့အရာလို့ပဲ ကောက်ချက်ချရမှာပါ။
ခွေးတွေဆိုတာ လူသားတွေနဲ့ အနီးဆုံးနေရာမှာ နေကြသူတွေပါ။ လူသားတွေရဲ့ မိတ်ဆွေအရင်းအချာတွေလို့ ပြောလို့ရနိုင်သလို ရဲဘော်ရဲဘက်တွေလို့ ပြောရင်လည်း ရနိုင်ပါတယ်။ လူသားတွေနဲ့အတူ အေးအတူပူအမျှ အရာရာကို ရင်ဆိုင်ကြသူတွေလို့ ပြောလို့ရပါတယ်။ သူတို့တွေ အနားမှာရှိနေတာက လုံခြုံမှုတခုခုကို ရစေပါတယ်။ အနားမှာ သူတို့ရှိနေတာက ကိစ္စတချို့ကို မကြောက်မရွံ့ ဆောင်ရွက်သွားလို့ ရနိုင်တာမျိုးပါ။
မကြာသေးတဲ့ရက်ပိုင်းက လူမှုကွန်ရက်ပေါ်မှာ လူကြည့်များခဲ့တဲ့ ၁ မိနစ်ရုပ်သံမှာ စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့ ခွေးကလေးအကြောင်း သတင်းဌာနတခုမှာ ဖော်ပြသွားပါတယ်။ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် ကမ်းခြေမှာတော့ ကြီးမားတဲ့ ရွာကြီးတရွာ ပေါ်ထွက်လာပါတယ်။ ပေါ်ထွက်လာတဲ့အကြောင်းရင်းက တောမီးငြိမ်းသတ်ဖို့အတွက် ရောက်လာကြတဲ့သူတွေ ယာယီတဲထိုးပြီး နေထိုင်ကြလို့ပါပဲ။ ရောက်လာကြသူတွေက မီးသတ်သမားတွေနဲ့ ကူညီသူတွေ ဖြစ်ပါတယ်။ ဒီလူတွေအတွက် ခဏတာ စိတ်ဖိစီးမှုကို လျှော့ချပေးဖို့ အန်ဘာဆိုတဲ့ ခွေးလေးတကောင် ပို့ထားပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကုစားပေးတဲ့ အန်ဘာက ကမ်းခြေမှာ လမ်းလျှောက်နေပါတယ်။ သူ့ကို ပွတ်သပ်ချင်တဲ့သူတွေကိုလည်း နှုတ်ဆက်နေပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေ မီးဘေးကူညီပေးသူတွေ အနားယူချိန်မှာ ခွေးတွေကို ပွတ်သပ်ပေးရင် သွေးပေါင်ချိန်ကျပြီး ခဏတာ စိတ်သက်သာရာ ရစေတယ်လို့ ဆိုပါတယ်။
ဘရောင်နီတို့ ဇူဇူးတို့ဆီ ရောက်လာကြသူတွေက စိတ်သက်သာရတခုခု ရသွားစေမှာပါ။ သတင်းထောက်တွေ၊ စာရေးဆရာတွေ၊ တော်လှန်ရေးဆောင်ရွက် နေသူတွေက မကြာခဏဆိုသလို သူတို့ဆီ ရောက်လာတတ်ကြပါတယ်။ ရောက်လာကြသူတိုင်းကိုလည်း သူတို့သခင်ကို နှုတ်ဆက် ခရီးဦးကြိုပြုတဲ့အတိုင်းကို လွန့်လူးလွန်းထိုးပြီး အမြီးတနှံ့နှံ့နဲ့ နှုတ်ဆက်ကြလေ့ရှိပါတယ်။ သူတို့နဲ့တွေ့တဲ့ ခဏတာလေးအတွင်းမှာပဲ စိတ်ပူပင်စရာတချို့ကို မေ့ပျောက်သွားစေမှာပါ။
Be the first to comment