3
LOON NYI
‘အိမ်ရဲ့အဝေး ရောက်နေရသူတွေကို အိမ်နဲ့ရွာက မိသားစုတွေက လွမ်းနေကြသူတွေ ရှိနေတယ်’
( ၁ )
ဒီကနေ့နံနက်မှာ ကျနော်တို့ ခရီးထွက်ဖြစ်ပါတယ်။ တနေရာကို မရောက်ခင်အထိ လူရော၊ စိတ်ပါ မကျန်းမာ။ ခပ်ကြမ်းကြမ်းလမ်းတချို့ဖြတ်သန်းပြီးတော့ ဆိုင်ကယ်ပျက်လို့ နားတဲ့တနေရာမှာ အကိုက်အခဲပျောက်ဆေးတလုံး သောက်လိုက်တယ်။ အဆင်မပြေမှုတွေတွေးရင်းတွေးရင်း ခါးကိုက်တဲ့ဒဏ်ရာသက်သာပေမယ့် အတွေးတွေနဲ့ မူးဝေနေတဲ့ ခေါင်းကတော့ ကိုက်ခဲနေတုန်းပဲ။ နံနက်ခင်းကနေ ဆိုင်ကယ်ကိုယ်စီ စီးလာလိုက်တာ မြို့နယ်သုံးခု ဖြတ်ကျော်လာခဲ့တယ်။ ရန်သူအမြဲသွားလာလေ့ရှိတဲ့လမ်းကြောင်းတနေရာကို ထောက်လှမ်းပြီးတော့ ဖြတ်သွားပြီးတဲ့ မိနစ်အနည်းငယ်အကြာမှာပဲ ရန်သူ့စစ်ကြောင်းတွေရောက်လာခဲ့တယ်တဲ့။
“ကျနော်တို့ဖြတ်ကူးခဲ့တဲ့ လမ်းမနေရာမှာ ခွေးတွေ မည်းသည်းနေတာပဲ၊ ကျနော်တို့တော်သေးတာ၊ အဲ့ဒီလမ်းကို မြန်မြန်ဖြတ်ခဲ့မိလို့ ကံကောင်းတာ”လို့ လိုက်ပို့ပေးခဲ့တဲ့ ဒေသခံ ထောက်ပို့ရဲဘော်လေးက ပြောရှာတယ်။ ပြီးတော့ ကျနော်တို့စဉ်းစားမိတာက အပြန်ခရီးမှာတော့ မလွယ်ကူတော့ဘူးပေါ့လေ။ အဲ့ဒီလို နံနက်နဲ့နေ့လည်အချိန်မှာ နေပူပြင်းပြီးတော့ ခရီးဆုံးခါနီးမှာမှ မိုးစက်မိုးပျောက် ခပ်ကြီးကြီးတွေ ကျလာပြန်တယ်။
ဆိုင်ကယ်ရဲ့ရှေ့မှာချထားတဲ့ စစ်ကျောပိုးအိတ်ထဲက အဝတ်တွေ ရေစိုတော့မှာပဲလို့ တွေးနေချိန်မှာ ချောင်းကလေးနံဘေးက စိုစွတ်ခါစ ရွံ့ဗွက်ကလေးထဲ ဆိုင်ကယ်ကထိန်းမရဘဲ လဲကျသွားတော့တယ်။ ဂီယာတံပါပေမယ့် ခြေတင်ခုံမပါရှိတော့ လမ်းတလျှောက်လုံးမှာ အင်ဂျင်တုံးပေါ်ကို ခြေတဖက်ကတင်ထားရတယ်။
အရိုးခြောက်ဆိုင်ကယ်ကလေးနှစ်စီးဟာ အသံပေါင်းစုံမြည်နေပေမယ့်လည်း ခရီးတခုကို အရောက်သွားဖို့ ကြိုးစားရုန်းကန်နေရရှာတယ်။ လှပတဲ့ရှုခင်းတွေရှိတဲ့ ရွာကလေးတရွာရဲ့မြောက်ဘက်က ချောင်းဘေးလေးကနေ မောင်းနှင်လာလိုက်တာ အဲ့ဒီချောင်းဘေးလေးအနားက စိမ်းလန်းအေးမြနေတဲ့ ခြံတခြံမှာပဲ ခေတ္တ ခရီးဆုံးလို့ နားကြတယ်။ မနေ့က ရေချိုးခဲ့ဖူးတဲ့ ချောင်း၊ ဒီကနေ့ ရေပြင်ကိုလှမ်းငေးလို့ သာယာဝပြောဖွယ်ကောင်းတဲ့ ချောင်းကလေး ၊ အဲ့ဒီချောင်းဟာ တခုထဲပါပဲ။ ဒါပေမယ့် အကွေ့အကောက်များစွာနဲ့ ရှည်လျားလိုက်တာလေ။
(၂)
ညနေ နေဝင်ချိန်မှာ လမ်းထွက်လျှောက်ရင်း ကောင်းကင်ကို လှမ်းမျှော်ငေးကြည့်လိုက်တဲ့အချိန်မှာပဲ ကြက်ဥနှစ်ရောင် မိုးကောင်းကင်က မန်ကျည်းပင်အကိုင်းအခက်တွေရဲ့အပေါ်မှာ ဖြာကျနေတယ်။ မီးလောင်ပြီးလို့ သံချေးရောင်တက်နေတဲ့ပုံစံမဟုတ်တဲ့ သွပ်မိုးဖြူဖြူအိမ်ကလေးဟာ ရွာအဝင်ဝမှာပဲ ထည်ထည်ဝါဝါ ရှိနေတယ်။ အဲ့ဒီအိမ်ကလေးဆီကို ရန်သူတွေ တခါမှ မရောက်လာဖူးသေးဘူးဆိုတာ သေချာသလောက်ပါပဲ။
ယန္တရားတခုရဲ့ အမည်နာမတချို့ကိုတောင် ပီပီသသမသိရှိသေးတဲ့ ရွာကလေးမှာ အရောင်အသွေးစုံလင်လှတဲ့ ပြဿနာတွေအကြောင်း မသိရှိသေးတာက သူတို့အတွက် ပိုကောင်းပါတယ်လို့ ဆိုရမလား။ မစသေးလို့သာ မဆုံးသေးတဲ့ မျှော်လင့်မှုတွေအတွက် ချိုးဖျက်မှုမရှိသေးလို့ ကျိုးပြတ်မသွားသေးတာလား။ ဒါမှမဟုတ် တက်ကြွလတ်ဆတ်နေတဲ့ တော်လှန် စိတ်ဓာတ်လေးတွေကို တော်လှန်ရေးလေးနှစ်အကြာထိ အညွှန့်တလူလူတက်လာတာကိုပဲ ဝမ်းသာရမလား။ ကျနော် တိတိကျမဝေခွဲတတ်ပေမယ့် ဝမ်းသာဝမ်းနည်းဖြစ်မိတာပါပဲ။ ဒီလိုနဲ့ တွေ့ရဆုံရတဲ့ အဲ့ဒီရွာကလေးက လူအများနဲ့ နွေးနွေးထွေးထွေးကြင်နာအားကိုးတဲ့ စကားတွေ အပြန်အလှန် ပြောဖြစ်ကြပါတယ်။
(၃)
ကျနော်တို့ရောက်ရှိသွားတာက ကျနော်တို့ရဲ့တပ်ဖွဲ့ဝင်ရဲဘော်သုံးယောက်ရဲ့ဇာတိရွာကလေးတရွာပါ။ ကျနော်တို့ စခန်းအခြေချရာဒေသနဲ့ အဲ့ဒီရွာကလေးဟာ အလှမ်း အတော်ဝေးပါတယ်။ အဲ့ဒီလို အလှမ်းဝေးပြီး လမ်းပန်းဆက်သွယ်ရေးအရ ခက်ခဲတဲ့ရွာကလေးဆီကို အဲ့ဒီရဲဘော်သုံးယောက်ဟာ ပြန်ရောက်ဖြစ်ဖို့ မလွယ်ကူကြပါဘူး။
သူတို့သုံးယောက် အိမ်နဲ့ရွာကမိသားစုဆီ ပြန်မရောက်ဖြစ်တာ တနှစ်တင်းတင်း ရှိပါပြီ။ သားသမီးနဲ့ နည်းနည်းဝေးဝေးပင် မခွဲခွာဖူးတဲ့မိဘ။ ဟိုးအဝေးကနေရာတွေဆီကို စိတ်မချတဲ့ မိသားစု။ အသက်တွေရင်းပြီး တိုက်ပွဲဝင်နေတဲ့ သားသမီး။ သူတို့အတွက် ဝေးကွာခြင်း တနှစ်တင်းတင်းဆိုတာ ရုပ်ဝါဒယုံကြည်တဲ့ သဘောတရားရေးဆရာတွေရဲ့လက်ထဲ သူ့စိတ်ကို သူကိုယ်တိုင်အပ်နှံလိုက်ရသလိုပါပဲ။ ရွာကသိတဲ့ ဘုန်းသက်ပိုင်ဟာ လက်နက်ကိုင်တပ်တခုရဲ့တော်လှန်ရေးရဲဘော် ရဲဘော်နှိုင်းထက် အဖြစ် ပြန်လည် ရောက်ရှိလာတယ်ဆိုပေမယ့် ရွာကသိတာကတော့ ဘုန်းကြီးကျောင်းသားလေး ဘုန်းသက်ပိုင် အဖြစ်ပါပဲ။ ဒါပေမယ့် ဘုန်းသက်ပိုင်ရဲ့ လက်တဖက်မှာတော့ သေနတ်တလက်က လွယ်ထားလျက်နဲ့ ပြန်လာခဲ့တာပါ။ ပြီးတော့ သူရဲ့ရဲဘော်တွေဖြစ်တဲ့ ကျနော်တို့နဲ့အတူ သူ့ရဲ့ အလုပ်တာဝန်တွေနဲ့ အတူပေါ့လေ။
သေနတ်အစစ်ကို မျက်မြင်ကိုယ်တွေ့ မမြင်ဖူး မတွေ့ဖူးတဲ့ လူငယ်တွေနဲ့ ဆွေမျိုးတွေက ကိုင်ကြည့်ချင်လို့ပူဆာတဲ့အခါ ကျည်ရှင်းကပ်ဖြုတ် ဆေ့ခလုတ်ပြုလုပ်ပြီး အနည်းငယ်မျှ ကိုင်ကြည့်ခွင့် ပြုလိုက်ပါတယ်။ စိတ်ကျေနပ်မှုအပြည့်အဝနဲ့ ဝမ်းသာအားရ အားကျနေတဲ့ လူငယ်တွေကို ဘုန်းသက်ပိုင်ရဲ့ ဝမ်းသာပီတိအသံနဲ့ ပြန်ပြောပြတာဟာ “အဲ့ဒီသေနတ်ဟာ MAအမျိုးအစားဖြစ်ပြီး ရန်သူ့စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လို့ ရရှိခဲ့တာဖြစ်ကြောင်း၊ အသက်ပေးဆပ်ပြီးမှခက်ခက်ခဲခဲရလာတဲ့ အဲ့ဒီသေနတ်နဲ့ပဲ ဘယ်ပွဲမှာ ဘယ်လို ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့ရပြီ ဖြစ်ကြောင်း” သူ့အတွေ့အကြုံတွေကို ရှင်းပြနေခဲ့ပါတယ်။
(၄)
“အိမ်ရဲ့အဝေး ရောက်နေကြသူတွေကို အိမ်နဲ့ရွာက လွမ်းနေရသူတွေ ရှိနေတယ်” ဆိုတာ လက်တွေ့သိရှိ စာနာ နားလည်လာပြီးတဲ့နောက် ကျနော်လည်း ကျနော့်အိမ်နဲ့ မိသားစုကို လွမ်းမိပါသေးတယ်။ သူတို့(ကျနော့်မိဘဆွေမျိုး)လည်း အခုအချိန် ကျနော်ပြန်လာရင် ဘယ်လောက်ဝမ်းသာနေကြမလဲဆိုတာကို ဝမ်းနည်းစွာ တွေးမိပြီး ကိုယ့်ရဲ့ အိမ်လွမ်းစိတ်ကို တိတ်တိတ်ကလေး ဖြေသိမ့်ရင်း ဒီကနေ့ည အိပ်ယာဝင်ခဲ့မိပါတယ်။
ဒီညမှာတော့ အိပ်ယာထက်က အဝတ်တွေစုပြီး ပုဆိုးကလေးနဲ့ ထုပ်ထားတဲ့ ခေါင်းအုံးကလေးမှာ ကျနော့် မျက်ရည်တွေ စိုနေမလား။ ဘဝတူဒဏ်ရာတွေနဲ့ အိမ်လွမ်းသူတွေ ရှိနေမလား။ အခက်အခဲတွေများပြားလာတဲ့ တော်လှန်လှိုင်းလုံးတွေကြားမှာ ဆက်လက် ကူးခတ်လို့ လူးလွန့်လို့ နေမလား။ ဒါပေမယ့် မနက်ဖြန်များရဲ့အနာဂတ်များလှပဖို့အတွက် ကျနော်တို့အိမ်လွမ်းသူတွေရဲ့ အိမ်ပြန်ချိန်တွေနီးစပ်ဖို့ ကျနော်တို့ ဆက်လက် ကြိုးစားကြပါစို့လေ။ ။
-အောက်တိုဘာ၊(၂၀၂၅)
-အညာဒေသတနေရာ
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
