“အိမ်အပြန်လမ်း”
မင်းအိမ်ပြန်ချင်တာ
ငါ ကိုယ်ချင်းစာပါတယ်
ဧရာမ တောင်တန်းကြီးတွေတောင်
ဝန်ရိုးစွန်းက သူ့အိမ်ရာဆီ
တနှစ်တခါ ပြန်ကြတယ်
ငါကြားဖူးတယ်
သူအိမ်ပြန်ရင်
ငလျင် တော်လည်းသံ
ငါတို့ ကြားရမယ်
အိမ်ပြန်ဖို့
သူဘယ်လောက် မွတ်သိပ် နေသလဲ
ကိုယ်ချင်းစာရတယ်
ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့
အိမ်ပြန်ချင်စိတ်ဟာ သဘာဝပဲ
ငါ ကိုယ်ချင်းစာပါတယ်
အိမ်မှာ
အမေတော့ မရှိတော့ဘူးတဲ့
အိမ်ကော ရှိသေးရဲ့လား
ဒါလည်း မသေချာဘူးတဲ့
သို့သော်
မင်းအိမ်ပြန်ချင်တယ်
သဘာဝကျပါတယ်
ရွာစွန်က
အမေ့အုတ်ဂူကလေးကိုတော့
ပြန်ကန်တော့မှ ဖြစ်မယ်
ဒီအတွက်
မင်းအိမ်ပြန်ချင်တယ်
ငါ နားလည်ပါတယ်
တကယ်က
ကမ္ဘာဦးအစမှာ
လမ်းဆိုတာ မရှိခဲ့ပါဘူးကွာ
အိမ်အပြန်လမ်းဆိုတာလည်း
သူ့အလိုလို
မိုးပေါ်က ကျလာမှာမဟုတ်
ငါတို့အိမ်အပြန်လမ်း
ငါတို့ကိုယ်တိုင် ဖောက်ရမယ်
မင်းလည်းသိ ငါလည်းသိတယ်
ငါတို့ခရီး
ငါတို့ သိပြီးသား
ဒီခရီးအတွက်
ဒီလမ်းကို ဖောက်ရမယ်
ငါတို့အသိဥာဏ်နဲ့
ငါတို့ကြွက်သားတွေ
အထပ်ထပ်ခင်းလို့
ဒီလမ်းကို ဖောက်ရမယ်
အခုဆို
လမ်းအူကြောင်းကို မြင်ရပြီ
ငါတို့ ဆက်ဖောက်ကြတာပေါ့
ငါတို့အသိဥာဏ်နဲ့
ငါတို့ကြွက်သားတွေ
အထပ်ထပ်ခင်းလို့
ဒီလမ်းအတိုင်း
မင်းအိမ်ပြန်ရမှာပဲ
မင်းအိမ်အပြန်ခရီးဟာ
ဒီလမ်းပေါ်မှာ ရှိနေတယ်
ဒီလမ်းအတိုင်း
အခု
မင်းအိမ်ပြန်နေပါတယ်
မင်း ခြေလှမ်းတိုင်းရဲ့ တော်လည်းသံ
တကမ္ဘာလုံး ကြား နေတယ်
မင်းအမေ
မင်းကို စောင့်နေပါတယ်။
■ မောင်တင်သစ်
၆၊ ဖေဖော်ဝါရီ၊ ၂၀၂၃။
Be the first to comment