“အိုင်စီစီနဲ့ ပါဝါဂိမ်း”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
နိုဝင်ဘာ ၂၇ ရက်နေ့က အိုင်စီစီ (နိုင်ငံတကာရာဇဝတ်တရားရုံး) ရှေ့နေချုပ် ကာရင်ခန်းက လူသားမျိုးနွယ်စုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်မှာ တာဝန်ရှိတယ်။ သက်သေတွေ ထင်ထင်ရှားရှားရှိတဲ့အတွက် စစ်တပ်ရဲ့ တာဝန်အကြီးဆုံး၊ ရာထူးအမြင့်ဆုံးဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ အိုင်စီစီတရားရုံးမှာ တောင်းဆိုခဲ့တယ်။
‘ဘယ်အမှုတွေလဲ’
ရာဇဝတ်မှုတွေဟာ ၂၀၁၇ သြဂုတ် ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်ထိ ရိုဟင်ဂျာတွေအပေါ် လေးလကြာ ကျူးလွန်ခဲ့တဲ့အမှုတွေလို့ ထုတ်ပြန်ထားတယ်။ အခု ဖမ်းဆီးမိန့်ရဲ့နောက်မှာ ကျန်ရှိနေသေးတဲ့ တာဝန်ရှိသူတွေကိုပါ ဆက်လက် ထုတ်ပြန်သွားဖို့ ရှိနေတယ်လို့ဆိုတယ်။
အိုင်စီစီဟာ ၂၀၀၂ ခုနှစ်မှာ စတင်တည်ထောင်တဲ့ အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံပေါင်း ၁၂၄ နိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်တယ်။ မြန်မာဟာ အိုင်စီစီရဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ တရားစွဲလို့မရဘူးလို့ ပြောပေမယ့် ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေဟာ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာပါ ပါရှိတာမို့ လုံးလုံးလျားလျား ငြင်းဆိုလို့မရနိုင်တာ တွေ့ရတယ်။ အိုင်စီစီရဲ့အဖွဲ့ဝင် ဂျူရီ ၃ ဦးက တင်ပြချက်တွေကို စိစစ်နေပြီး ဖမ်းမိန့်ထုတ်ပေးဖို့ဟာ ပုံမှန်မှာ ၃ လလောက် ကြာမြင့်လေ့ရှိတယ်လို့ ဆိုတယ်။
အိုင်စီစီက ဖမ်းမိန့်ထုတ်ပေးခဲ့ရင် စကစအကြီးအကဲဟာ အိုင်စီစီအဖွဲ့ဝင်နိုင်ငံတွေကို ခရီးသွားလာတာမျိုး ကြုံခဲ့ရင် ဖမ်းဆီးခံရမှာဖြစ်တယ်။ အိုင်စီစီဟာ ဒီလိုဖမ်းမိန့်တွေအတွက် ကိုယ်ပိုင်ရဲတပ်ဖွဲ့နဲ့ သီးခြားအဖွဲ့အစည်းတွေမရှိဘဲ အဖွဲ့ဝင်နိုင်ငံတွေက ဖမ်းဆီးပေးရတာမျိုးဖြစ်တယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှား အိန္ဒိယတို့ဟာ အဖွဲ့ဝင်နိုင်ငံတွေမဟုတ်ပေမယ့် ဥရောပနိုင်ငံတွေ၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ သြစတေးလျ၊ ဘရာဇီး၊ စတဲ့ အခြား အင်အားကြီးနိုင်ငံတွေကတော့ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တယ်။ အိုင်စီစီဟာ လုံခြုံရေးကောင်စီက စုံစမ်းနေတဲ့ စစ်တပ်ရဲ့ အခြားပြစ်မှုတွေ၊ သက်သေအထောက်အထားတွေကို အိုင်စီစီကို လွှဲပြောင်းပေးအပ်ဖို့ တောင်းဆိုထားတာလည်း တွေ့ရတယ်။ ဒီအတွက် နောက်ပိုင်းမှာ အိုင်စီစီအမှုဟာ ရိုဟင်ဂျာအမှုတခုတည်းမကဘဲ လက်ရှိ စစ်အာဏာသိမ်းမှုမှာပါ ကျူးလွန်ထားတဲ့ပြစ်မှုတွေ ပါဝင်လာနိုင်တာမျိုးလည်းဖြစ်တယ်။
‘ဘယ်လောက်ကြာဦးမလဲ’
ရိုဟင်ဂျာအမှုကို ကာရင်ခန်းမတိုင်မီ ၂၀၁၉ ခုနှစ် အရင်ရှေ့နေချုပ် လက်ထက်ကတည်းက စုံးစမ်းဖို့ စစ်ဆေးဖို့ စတင်ခဲ့တာဖြစ်တယ်။ ဒီတော့ အမှုစတင်ဖွင့်တဲ့ အချိန်ကနေကြည့်ရင် အရေးယူအပြစ်ပေးဖို့ အမိန့်ထုတ်ပြန်ဖို့ဟာ ၅ နှစ်ကျော် ကြာလာတာဖြစ်တဲ့အတွက် နိုင်ငံတကာက အရေးယူအပြစ်ပေးဖို့ဆိုတဲ့ လုပ်ငန်းစဥ်တွေနဲ့ ဆောင်ရွက်ချက် တွေဟာ အချိန်ယူရတဲ့သဘောကို တွေ့ရမှာဖြစ်တယ်။ (တဘက်မှာ ကိုဗစ်အချိန်ကာလ ၃ နှစ်နီးပါးရဲ့ လုပ်ငန်းဆောင်တာတွေ ကြန့်ကြာတဲ့အချိန်တွေကိုပါ ထည့်သွင်းတွက်ချက်ကြည့်နိုင်တယ်)။
ဒီတော့ ၂၀၂၅ နှစ်ဦးပိုင်းမှာ ဖမ်းဝရမ်းထုတ်ပြန်ဖို့ရှိပြီး ဒီ့နောက်မှာ အမှန်တကယ် ဖမ်းဆီးနိုင်ဖို့နဲ့ တရားစွဲဆို အပြစ်ပေးမယ့်အဆင့်တွေရှိမယ်။ ဘယ်လောက်မှာ သက်ရောက်မှု ရှိလာနိုင်မလဲဆိုတာကို သေချာပေါက်ပြောနိုင်ဖို့ မလွယ်ကူတာ တွေ့ရမယ်။ ဒါပေမယ့် ရှေ့မှာဖြစ်ခဲ့တဲ့အမှုတွေနဲ့ မြန်မာစစ်အာဏာရှင်ရဲ့ အနေအထားတွေကို ချိန်ထိုးသုံးသပ်ကြည့်မယ်ဆိုရင် ဒီအမှုဟာ အမှုစတင်ဖြစ်ခဲ့ချိန်ကနေ ၁၀ နှစ်လောက်အတွင်းမှာ ထင်ရှားတဲ့ အပြောင်းအလဲတခုတွေ့ရနိုင်ခြေရှိမယ်လို့ ခန့်မှန်းရင် သင့်တော်တဲ့ မှန်းဆချက်မျိုးလို့ ယူဆဖွယ်ရာရှိတယ်။
ဒီလိုခန့်မှန်းကြည့်ရတာဟာ တဘက်မှာ တော်လှန်ရေးအောင်မြင်မှု၊ ရပ်တန့်မှုတွေနဲ့ အပြိုင် ချိန်ကြည့်နိုင်ဖို့ဖြစ်တယ်။ အိုင်စီစီကို ပုံပြီးယုံထားတာမျိုးနဲ့ အိုင်စီစီဟာ ဘယ်တော့မှ ဖြစ်လာဖို့မရှိဘူးဆိုတဲ့ အစွန်း ၂ ဘက်ကိုရှောင် ပြီး ကိုယ့်ဘက်က ဘာလုပ်နိုင်မလဲလို့ အစီအစဥ်တခု ချစဥ်းစားရာမှာ မှန်းဆထားတဲ့ အချိန်ကာလတခုနဲ့ အလုပ်လုပ်နိုင်ဖို့ဖြစ်တယ်။
‘ဘယ်လိုသဘောတရားတွေ အားပြိုင်သလဲ’
အိုင်စီစီဟာ အာဖရိကအာဏာရှင်တွေကို အဓိက အရေးယူ အပြစ်ပေးနိုင်ခဲ့တာတွေ့ရတယ်။ ပူတင်တို့ နေတန်ညာဟူတို့ရဲ့ အမှုတွေနဲ့ နှိုင်းယှဥ် စဥ်းစားတာမျိုးဟာ သင့်တော်တဲ့ နှိုင်းယှဥ်မှုမျိုးတော့ မဟုတ်ဘူး။ နေတန်ညာဟူသည်ပင်လျှင် သူဟာ ပူတင်လို အမြဲတမ်းအာဏာရှင်မျိုးမဟုတ်ဘဲ ရွေးကောက်ပွဲနဲ့သွားရတဲ့ ခေါင်းဆောင်မျိုးဖြစ်တဲ့အတွက် အိုင်စီစီအမှုကို တင်းတင်းမာမာ တုန့်ပြန်တာမျိုး၊ ဂရုမစိုက်သလို မထေမဲ့မြင်ပြုတာမျိုး မလုပ်ရဲ။ ဒီလိုအမှုမျိုးဟာ တိုင်းဗုံးလို အချိန်တခုမှာ ထပေါက်နိုင်တာမျိုးလို့ ချင့်ချိန်တတ်သူတွေက သတိထားကြတာတွေ့ရမယ်။
အိုင်စီစီဟာ အနောက်အုပ်စုရဲ့ နိုင်ငံရေးလက်နက်တခုအဖြစ် အသုံးချခံရတဲ့ အဖွဲ့အစည်းတခုအဖြစ် ပုံဖော်ခံရလေ့ရှိတယ်။ နိုင်ငံကြီးတွေ ပါဝင်မှုမရှိတာက အိုင်စီစီဟာ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ထိပါးတယ်၊ ပြည်တွင်းရေးကို စွက်ဖက်တယ်၊ နိုင်ငံတွင်း တရားစီရင်မှုစနစ် ရှိပြီးသားဖြစ်တယ်ဆိုတဲ့ အချက်တွေနဲ့ဖြစ်တယ်။ အိုင်စီစီဟာ ယူအင်အဖွဲ့အစည်းမဟုတ်ဘဲ သီးခြားလွတ်လပ်စွာ ရပ်တည်တဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် ခုလိုဝေဖန်မှုတွေ ရှိနေတာဖြစ်တယ်။
နောက်တချက်က အိုင်စီစီက သတ်မှတ်ထားတဲ့အမှုတွေနဲ့ တရားခံတွေဟာ စစ်ပွဲတွေနဲ့ အထူးသဖြင့် ပြည်တွင်းစစ်နဲ့ရုန်းကန်နေရသူတွေဖြစ်တယ်။ အိုင်စီစီအမှုဟာ စစ်ပွဲတွေအတွင်း ဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေးကို အနှောက်အယှက်ဖြစ်စေတယ် (အမှုရှိနေတာမို့ အပေးအယူ ညှိနှိုင်းမှုမျိုး မလုပ်နိုင်တာကိုဆိုလိုတယ်)။ အိုင်စီစီဘက်က တုန့်ပြန်တာက ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိစေရ ဆိုတာပဲဖြစ်တယ်။ အာဏာရှင်တွေ ဖိနှိပ်ခံထားရတဲ့ မတရား အုပ်ချုပ်ခံထားရတဲ့ နိုင်ငံတွေအတွက် အိုင်စီစီဟာ မျှော်လင့်ချက်တခုဖြစ်တယ်။ ဘယ်လောက်ထိ ထိရောက်အောင် လုပ်နိုင်မလဲ ဆိုတာကတော့ ဥပဒေနဲ့ ပြစ်မှုသတ်မှတ်ပြီး ပြစ်ဒဏ်ချမှတ်ပေးနိုင်တဲ့ ပါဝါအနုပဲရှိပြီး ဥပဒေသက်ရောက်လာအောင် ဖိအားပေးဆောင်ရွက်နိုင်တဲ့ ပါဝါအမာမရှိတဲ့ (တရားရုံးပဲရှိပြီး ရဲမရှိတဲ့သဘော) အားနည်းချက်ကို တွေ့ရမှာဖြစ်တယ်။
အနှစ်ချုပ်ပြောရရင် အိုင်စီစီက တော်လှန်ရေးကို ပါဝါအနုနဲ့ ခွန်အားပေးဖို့ဖြစ်ပြီး တော်လှန်ရေးက အိုင်စီစီကို ပါဝါအမာနဲ့ အပြန်အလှန်ပံ့ပိုးပေးမယ့် မြေပြင်တိုက်ပွဲတွေကို အောင်မြင်အောင် စီမံဖို့ဖြစ်တယ်။
‘ပြည်တွင်းသက်ရောက်မှု’
တရုတ်အကူအညီကြောင့် ပြီးခဲ့တဲ့ တရုတ်ခရီးစဥ်မှာ အရှေ့တောင်အာရှနိုင်ငံတချို့ရဲ့ သံတမန်ခင်း ဆက်ဆံရေးတွေနဲ့ အားယူနိုင်ခဲ့တဲ့ စကစအတွက် အိုင်စီစီအမှုသတင်းဟာ ပြင်းထန်တဲ့ ထိုးနှက်ချက်တခုပဲဖြစ်တယ်။ နိုင်ငံတကာမှာ စကစ ဝင်ရောက်ထိုးဖောက်ဖို့ ကြိုးစားနေတဲ့နယ်ပယ်ဟာ ပြန်လည်ကျဥ်းမြောင်းသွားဖို့ ဖြစ်လာတယ်။
အိုင်စီစီလို အိုင်စီဂျေလို စစ်အာဏာရှင်တွေပေါ် ဖိစီးထားနိုင်တဲ့ နိုင်ငံတကာ တရားစီရင်မှုတွေကို မျက်ခြေမပြတ်ဖို့လိုမယ်။ တော်လှန်ရေးဦးဆောင်မှုဘက်ကနေ နိုင်ငံတကာဥပဒေနဲ့ တရားစီရင်ရေးမှာ ကျွမ်းကျင်နှံ့စပ်သူတွေရဲ့ အကူအညီနဲ့ စစ်ရေး၊ နိုင်ငံရေးလို လိုင်းတလိုင်းသတ်မှတ်ပြီး နောက်ကနေ ထိထိရောက်ရောက် ထပ်ချပ်မကွာ လိုက်ပါဆောင်ရွက်ပေးနိုင်ဖို့ ဖြစ်တယ်။
Be the first to comment