အိုဘယ့်ဆရာသခင်

‘အိုဘယ့်ဆရာသခင်’
◼️ညီလင်းအိမ်
ဇာတ်လမ်းအမည်ကိုက ဘုရားနဲ့တဂိုဏ်းတည်းထားရတယ်ဆိုတဲ့ ဆရာသခင် အမည်ပေါ့ဗျာ။ ဟုတ်လည်းဟုတ်ပါတယ်။ ဒီထဲက ဆရာသခင်ကလည်း ဘုရားနဲ့တဂိုဏ်းတည်းထားရမယ်ဆိုလည်း ထားသင့်တဲ့ ခေတ်သစ်ဆရာတဆူဆိုလည်း မှားမယ်မထင်ဘူးပေါ့။ ကျွန်တော်တို့တွေရဲ့ဘဝတွေမှာ မတူညီတဲ့ အဆင်မပြေတဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆရာအခက်အခဲတွေ အများကြီး ရှိကြပါတယ်။ ဒါတွေအဆင်ပြေဖို့အတွက်လည်း နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းလေ့ရှိကြပါတယ်။
ဘာသာတရားတခုခုကို ကိုးကွယ်ယုံကြည်တယ်ဆိုတာကလည်း အချုပ်အားဖြင့်ဆိုရရင် လူသားဘဝတလျှောက်မှာ ပြုခဲ့တဲ့ အကောင်းအဆိုး အကျိုးအပြစ်တွေအတွက် အနှစ်ချုပ် မှီခိုအားထားဖို့အတွက်ပဲ ကိုးကွယ်ယုံကြည်နေရတာ မဟုတ်လား။
ဒီထဲမှာ ပြောထားတဲ့ Scientology ရဲ့အခြေခံသဘောတရားကတော့ ရှိရင်းစွဲဘာသာတရားရဲ့မျက်ဝါးထင်ထင်ဖြေရှင်းမေးမြန်းခွင့် မရနိုင်ခဲ့တဲ့ သံသယအများစုကို လက်တွေ့လောကမှာထွန်းကားခေတ်စားနေတဲ့သိပ္ပံနိယာမတရားနဲ့ အချိုးကျကျ ပေါင်းစပ်ပြီး တည်ဆောက်တဲ့ဘာသာရပ်လို့ အကြမ်းဖျဉ်း မြင်ကြည့်လို့ရနိုင်ပါတယ်။ ဆိုလိုတဲ့သဘောတရားကတော့ ကျနော်တို့တွေဟာ ကနဦးဘာသာတရားရဲ့ ဆရာသခင်တွေရှိခဲ့ကြောင်းကို သိပ္ပံနည်းကျ သက်သေပြနိုင်ဖို့ အခွင့်အလမ်း နည်းပါးခဲ့သလို အချို့သောတရားဗေဒတွေဟာလည်း ယုတ္တိဗေဒနဲ့ နှိုင်းယှဉ်ရင် ကွာဟနေတာကို တွေ့ရတာမို့ Scientology ကတော့ သိပ္ပံသဘောတရားရဲ့ အရှိတရားအပေါ်ကို တရားသေကျကျ ရှင်းလင်းပြဆိုနိုင်စွမ်းနဲ့ လူရဲ့အမှားတွေ နာကျင်မှုတွေနဲ့ တဦးကနေ တဦး နာမ်နဲ့စိတ်ကူးလူးမှုကို ယုတ္တိကျကျ ပေါင်းစပ်ကုစားတဲ့ ခေတ်သစ်ဘာသာရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
စာတွေအရ အဆင့်မြင့်တဲ့ကျင့်စဉ်တွေနဲ့တည်ဆောက်ထားတဲ့ ဘာသာရပ်တခုဖြစ်ပါတယ်။ အရင်ကနဦးဘာသာတရားဆိုတာလည်း လူ့စိတ်ကို အခြေခံအားဖြင့် ကုစားတာပဲ မဟုတ်လား။
ဖရက်ဒီဆိုတဲ့ သူက တကယ့်ကို လူလောကရဲ့စည်းအပြင်ဘက်က တယောက်။ အရက်တွေလည်း သူဘာသာ စပ်သောက်လို့သောက်။ တော်ပီဒိုက ဆီတွေထုတ်ပြီးလည်း သောက်ချင်သောက်တဲ့ ကောင်ရယ်။ ဒုတိယကမ္ဘာစစ်အတွင်းဆိုတော့ သူလည်းစစ်မှုထမ်းရတယ်။ ရောက်နေတာက ပင်လယ်ကမ်းစပ်နားမှာပေါ့။ သူကလည်း အရက်ကလေးကခပ်ထွေထွေနဲ့ ကမ်းစပ်ဘက်ထွက်လာတော့ ဘော်ဒါတွေက သောင်ပြင်ကသဲစိုတွေကို လက်နဲ့ကျုံးပြီးတော့ ဝတ်လစ်စလစ်မိန်းမပုံကြီး လုပ်ထားသတဲ့။ ကိုယ့်ဆရာက အဲဒီမိန်းမအတုကြီးအပေါ်လည်း လိင်ဆက်ဆံတဲ့ပုံစံလုပ်လိုလုပ်နဲ့။ အာသာမပြေတဲ့အဆုံး လူတွေဥဒဟိုသွားနေတဲ့ ကမ်းစပ်မှာ မတ်တတ်ရပ်ပြီး ခွေးတွေအပေါ့သွားနေသလို ဟန်ပန်နဲ့ လိင်အာသာဖြေချင်ဖြေနေတတ်တဲ့သူရယ်။ သူ့အပြုအမူတွေအတွက် စစ်တပ်က ကျန်းမာရေးအခြေအနေသိဖို့မေးတော့လည်း။ ဘာပုံပြပြ သူ့မျက်လုံးထဲမှာ မိန်းမတယောက်ရဲ့ အင်္ဂါ၊ ပြီးတော့ သန်မာတောင့်တင်းနေတဲ့လိင်တန်ဆာ ဒါတွေပဲ သူမြင်တယ်လို့ဖြေတော့ စစ်တပ်ကထွက်ရတော့တာပေါ့။
ခါးကိုင်းနေတဲ့ ဖရက်ဒီဟာ ဓါတ်ပုံဆရာလုပ်လည်း မပြေလည်ပြန်ဘူး။ လူတွေကိုစိတ်မထင်မထင်သလို တိုက်ခိုက်မိတာကနေ စိုက်ပျိုးရေးသမားသွားလုပ်တော့လည်း သူစပ်ထားတဲ့အရက်ယူသောက်တဲ့ ဘိုးတော်တယောက်က သေပါလေရော။ သူမှာအဆိပ်ခတ်တယ်ဆိုတဲ့ စွဲချက်နဲ့ပြေးရပြန်ရတယ်။
ဖရက်ဒီက တကယ့်အရှုံးသမား။ လောကကြီးနဲ့အံဝင်ခွင်ကျဖြစ်မနေဘဲ စိတ်ဒဏ်ရာများစွာကို ထုပ်ပိုးထားတဲ့ လူတယောက်။ သူ့ကို ကယ်တင်မှိုင်းမယ့်သူ လိုအပ်လှပြီ။ ဒီအခြေအနေနဲ့ ဆက်သွားရင် ဖရက်ဒီအတွက် မလွယ်လှဘူးပေါ့။ ဒီလိုကြည့်နေရင်း ကျွန်တော်တို့တွေမှာ ဖရက်ဒီ ဖြစ်သွားခဲ့ရတယ်။ကျွန်တော်တို့ဟာ ဒုက္ခဘုံထဲက ဘယ်အရာကို အဓိကကိုးစားရမလဲဆိုတာကို ရှာမတွေ့ရတဲ့ ပြဿနာအမျိုးမျိုးနဲ့ လုံးချာပတ်လည်ရိုက်နေသူတွေ။ ဖရက်ဒီကတော့ အဲဒီလိုလည်း မရှိပါဘူး။ ဒုက္ခတွေ့လည်း ခပ်ထေ့ထေ့လေသံနဲ့ တဟဲဟဲရယ်မယ်။ ခပ်ရို့ရို့သွားမယ်။ စိတ်ထဲရှိရာပြောမယ်။ သင်္ဘောဆေးသုတ်ရမှာသုံးတဲ့ တင်ဒါလိုဟာမျိုးတွေနဲ့ အရက်စပ်ချင်စပ်မယ်။ ဒါကို တစိမ့်စိမ့်သောက်မယ်။ ဖရက်ဒီဟာ ဖရက်ဒီ လိုနေတာပေါ့။
အဲဒီလိုအချိန်မှာပဲ ဖရက်ဒီက Dodd လို အမည်သညာရှိတဲ့ ခေတ်သစ်ဆရာသခင်ကြီးနဲ့ ဆုံလိုက်ရတာ။ ဆုံတယ်ဆိုတာထက် ဆရာသခင်ကြီးက ငါကယ်ရမယ့် ဒုက္ခသည်တယောက်တော့ တွေ့ပြီဆိုတဲ့ ဂရုဏာမျိုးနဲ့ပေါ့ ။Doddရဲ့ “Processing “တွေက ဘာသာရေးဆရာတွေရဲ့ အတိတ်ဘဝက ဘာကြောင့်။ ဘာတွေဖြစ်ခဲ့လို့ စတဲ့ ကွာဟချက်တွေပါတဲ့ တရားဒေသနာမျိုးတော့ မဟုတ်ဘူး။ အသံသွင်းစက်တွေဘာတွေနဲ့ ဖရက်ဒီရဲ့စိတ်ထဲမှာမြုံ နေတဲ့ အနာတွေကို စနစ်တကျ မေးမြန်းဖော်ထုတ်ခြင်းဖြစ်တယ်။ ဒီအတွက် မေးမြန်းခံရသူဟာ ခရစ်တော်ဆီမှာ “Confession “လုပ်သလို လိမ်ညာလို့မဖြစ်သလို။ မေးမြန်းသူဆရာသခင်ဟာလည်း ရှေ့နေ့တယောက်လေသံလို သူ့ရဲ့နာကျင်မှုတွေကို အခြေခံကျကျ မေးမြန်းဖော်ထုတ်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့မှာလည်း ဖြတ်သန်းခဲ့ရတဲ့ဘဝထဲမှာ မှားခဲ့ နာကျင်ခဲ့ရတာတွေရှိတာပဲလေ။ မပိုင်ဆိုင်ခဲ့ရတဲ့ အချစ်ဦးကို သတိရနေမှုတွေ။ ပြန်ပြောဖို့နာကျင်ခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှု အကြောင်းတွေ။ ဖရက်ဒီဟာလည်း အိမ်ပြေးငှက်ကလေးတကောင်။ ဖခင်ဖြစ်သူဟာ သေလွန်ခဲ့ပြီ။ မိခင်ကစိတ္တဇဝေဒနာကိုကုစားနေရသူ။ ငယ်ဘဝမှာတင် မပြုအပ်တဲ့လိင်ကိစ္စကို အဒေါ်ဖြစ်သူနဲ့ အကြိမ်ကြိမ် မှားယွင်းမှု ပြု ခဲ့သူ။ ဒါပေမဲ့လည်း ကျန်ရစ်ခဲ့တဲ့ ငယ်ချစ်ဦးကလေးဆီကို တနေ့သူပြန်လာမယ်လို့ ကတိပေးထားခဲ့တယ်။ ညခုတော့ လမ်းမှတ်မမိတော့တဲ့ ခွေးနာတကောင်လို ဖရက်ဒီကဖြစ်နေရတာ။ ဒီအရာတွေကို နာကျင်ခက်ခဲစွာနဲ့ ပြောမိတဲ့အခါမှာ ဖရက်ဒီဟာ မျက်ရည်တွေဝေလို့။
ဆရာသခင်ကတော့ သူစပ်ထားတဲ့အရက်ကိုလည်း ကျေနပ်အားရစွာ သောက်သုံးတယ်။ ဆန်းပြားတဲ့စကားတွေနဲ့လည်း ဖရက်ဒီကို နှစ်သိမ့်ပေးတယ်။ ဖရက်ဒီ။ ဖရက်ဒီက ဆရာသခင်ရဲ့ ကျင့်စဉ်အသွယ်သွယ်ကို ပြီးမြောက်စေမယ့် လူတယောက်လို့ ဆရာသခင်က ယုံကြည်ထားသတဲ့လေ။ ဘာပဲဖြစ်ဖြစ် ဆရာသခင်ဟာ ဒီဘာသာတရားကို လူ့ဘောင်ထဲမှာဆက်လက်ထွန်းကားဖို့ ဦးလည်မသုန် ဆောင်ရွက်ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်တယ်။ ဖရက်ဒီကလည်း သူ့ရဲ့မိသားစုနဲ့အတူ ဆရာသခင် သွားရာနောက်ကို လိုက်ရမှာပေါ့။ ရှေ့မှာလည်း ဆရာသခင်ရဲ့ဘာသာရေးဝါဒတွေကို ဝေဖန်အပြစ်ရှာဆန်းစစ်မယ့်လူတွေကလည်း စီရရီရှိနေတာပဲလေ။ သူတို့ခရီးအဆုံးထိ ဆက်လျှောက်ကြရဦးမှာ။
ကျ​နော်ကတော့ ဆရာသခင်ရဲ့ ဘာသာတရားအသစ်တွေဘာတွေကို သိပ်ကြီးမဆန်းစစ်မိပါဘူး။ ကျ​နော့်ကိုယ်ကျ​နော်သာ ဖရက်ဒီတယောက်အဖြစ် သတ်မှတ်နေမိလျက်သား ဖြစ်နေပါတယ်။ သိသိကြီးနဲ့ ပြင်ဖို့မကြိုးစားခဲ့တဲ့ လျော့ရဲမှုတွေ။ ဇွဲ့လုံ့လပျောက်ဆုံးမှုတွေနဲ့ ဘယ်မှာမှန်းမသိတော့တဲ့ သွားတက်ကလေးတခုအကြောင်းနဲ့ ကျ​နော့်မှာလည်း ဒါတွေကို ဖွင့်ပြောဖို့ကုစားဖို့ ဆရာသခင်ကို အလိုရှိခဲ့တာ အမှန်ပေါ့။
ဆရာသခင်ရဲ့ဝိဝါဒတွေ။ စကားလုံးတွေဟာ အတော်ကို့ရို့ကားယားနိုင်သလို ထင်လှပေမဲ့ ဆရာသခင်ရဲ့လွှမ်းမိုးမှုတွေကိုတော့ လွန်ဆန်လို့ရမယ်မထင်ပါဘူး။ ဖရက်ဒီနဲ့သူတို့တွေ စကားပြောရင်း ဆရာသခင်ရဲ့မျက်ဝန်းထဲက ဖရက်ဒီအပေါ်ကို ဂရုဏာသက်နေတဲ့ မျက်ရည်ငွေ့ငွေ့တွေဟာ တစ်ဦးမေတ္တာတဦးမှာဆိုတဲ့ လူသားဘုံရဲ့အဓိကကျလှတဲ့ ချည်တုပ်မြဲမြံမှုတခုကို မြင်သိခံစားခဲ့ရပါတယ်။ ဘာသာတရားအသစ်တွေ အဟောင်းတွေရဲ့ မိမိတို့ရဲ့ဖြစ်ပြီးသွားတဲ့ အတိတ်တွေပဲဖြစ်ဖြစ် ဖြစ်မလာသေးတဲ့အနာဂါတ်တွေအတွက်ပဲ ဖြစ်ဖြစ် ကုစားနိုင်တာ အဖြေရှာပေးနိုင်တာထက် နိမ့်ကျပျောက်ဆုံးနေသောဘဝရှာနေရသူအဖို့တွေအတွက် နွေးထွေးမျှဝေတဲ့ မေတ္တာတရားတွေက ပို၍လေးမြတ်ဖွယ်ရာကောင်းတယ်ဆိုတာကိုပဲ တွေးနေမိခဲ့ပါတယ်။
ကျ​နော်အလွမ်းဆုံး မြင်ကွင်းတခုကတော့ ဆုံချက်တခုကို လျင်မြန်စွာရောက်ရှိဖို့ဆိုတဲ့ ကျင့်စဉ်မှာ ဖရက်ဒီနဲ့ဆရာသခင်တို့ ရေခမ်းကွင်းပြင်ကြီးထဲမှာ ဆိုင်ကယ်ကို အလျင်အမြန်စီးနေရင်း ဖရက်ဒီရေ မြန်မြန်စီး မြန်မြန်စီး ဆိုတဲ့နောက်မှာ ဖရက်ဒီ ပျောက်ကွယ်သွားတဲ့ အခန်း။ ဖရက်ဒီ ဖရက်ဒီရေ တဲ့။
အိုဘယ့် ဆရာသခင်က စိုးရိမ်မှုများနေတဲ့ အသံနဲ့ ခေါ်နေတာ။ ဖရက်ဒီကတော့ ဆရာသခင်ရဲ့ခိုင်းစေမှုတွေနဲ့အတူ ပျောက်ကွယ်သွားတော့တာလား။ လွတ်မြောက်သွားတော့တာလား။ ကျ​နော်တို့ မသိနိုင်တော့ဘူး။ အဲဒီအချိန်မှာ တောင်တန်းတွေရဲ့အကြားကို နေရောင်တွေလည်း ခုန်ချသွားပြီ။ အမှောင်ရိပ်တွေက လေးဘက်လေးတန်ကနေ သူတို့တွေအကြားကို ဖေးကာဖို့ ပြေးဝင်လာကြပြီ။
ကျ​နော်တို့လည်း အမှတ်မထင်သော ရက်မြတ်တခုမှာ သူ့လိုပျောက်ကွယ်သွားခဲ့ရင် ဘယ်လောက်သက်တောင့်သက်သာဖြစ်ဖွယ်ရှိမလဲ တွေးလို့ပေါ့။ အနည်းဆုံးတော့ ကျန်ရစ်သူတွေမှာ ထွက်ခွာသွားသူ ကိုယ်တို့တွေအတွက် ဝမ်းနည်းနေမလား။ ဝမ်းသာနေမလား။ ချစ်လှစွာသော ဆရာသခင်ကတော့ အဲဒီလို မကောင်းတဲ့စိတ်တွေနဲ့ စိုးရိမ်ကျန်ခဲ့မှာ မဟုတ်တာတော့ သေချာမှာ အမှန်ပါပဲ။
(The Master ရုပ်ရှင်ကို ရိုက်ကူးတဲ့ ဒါရိုက်တာ ပေါလ်သောမတ်အန်ဒါဆင် ကတော့ သူဖန်တီးခဲ့သမျှထဲမှာ အကြိုက်ဖြစ်ရဆုံး ရုပ်ရှင်လို့ ဆိုပါတယ်။ Factsတွေအရ ဒီရုပ်ရှင်ဟာ 2012 အော်စကာဆန်ကာတင် သုံးခုဝင်ခဲ့သလို 21 ရာစုရဲ့အခမ်းနားဆုံးရုပ်ရှင်တွေထဲက 24 ကားမြောက်ရုပ်ရှင်လို့ ဝေဖန်ရေးဆရာတွေက ညွှန်းဆိုမှတ်ကျောက်ပြုခဲ့ကြပါတယ်။ စီးပွားရေးအရတော့ အမြတ်ထွက်ဖို့မရှိတဲ့ရုပ်ရှင်မျိုး)
ရုပ်ရှင်ရည်ညွှန်း – The Master Movie ( 2012 )
About The Call 726 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*