အီရန်စစ်ပွဲဟာ ကမ္ဘာ့ပထဝီနိုင်ငံရေးကို ပြောင်းလဲစေမလား

ကျော်ဇောခိုင်

by The Call
2 views

⁨”အီရန်စစ်ပွဲဟာ ကမ္ဘာ့ပထဝီနိုင်ငံရေးကို ပြောင်းလဲစေမလား”

◾️ ကျော်ဇောခိုင်

ဒီအပတ် (မတ် ၉၊ တနင်္လာကစလို့) တက်လာတဲ့ရေနံ‌စျေးက ၂၀၂၂ ကနေကြည့်ရင် အမြင့်ဆုံးကို ရောက်လာတယ်။ တစည် (a barrel) ကို ဒေါ်လာ ၁၂၀။ အီရန်စစ်ကို ဘာလို့တိုက်သလဲဆိုတဲ့ အကြောင်းပြချက်ကို ထရမ့်အစိုးရအဖွဲ့ဟာ တိတိကျကျ မပေးနိုင်ခဲ့ဘူး။ တယောက်တပေါက် ပြောနေတာ တွေ့ရတယ်။ ဒါပေမယ့် ရေနံစျေးတက်လာတဲ့ အတွက်ရယ်၊ စစ်ပွဲက ဒေသတွင်းကိုပျံ့ဖို့ အလားအလာ ရှိလာတဲ့အတွက်ရယ် စစ်ကို ဘယ်လိုအစိတ်အပိုင်းနဲ့ ဆက်သွားရမလဲဆိုတဲ့ သဘောထားကတော့ တိတိကျကျ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ဖို့ဖြစ်လာတယ်။

‘ရေရှည် ချွေစစ် (War of attrition)’
ဖေဖော်ဝါရီ ၂၈ မှာ ခါမေနီ ပုန်းအောင်းနေရာက ထွက်လာမယ်လို့ အစ္စရေးထောက်လှမ်းရေးက တိတိကျကျ သတင်းပေးပြီး ထရမ့်ကို စစ်ထဲ မောင်းသွင်းနိုင်ခဲ့တယ်လို့ သုံးသပ်ချက်တခုကဆိုတယ်။ ဖြစ်နိုင်ချေရှိတယ်။ ဗင်နီဇွဲလားမှာ သမ္မတကိုဖမ်းခေါ်သွားပြီး နောက်ပိုင်းမှာ ငြိမ်ကျသွားတာကိုး။ ဒီလိုဆုံးဖြတ်ချက်မျိုးကို ထရမ့်ဟာ အလျင်အမြန် ချလေ့ရှိတယ်။ တချက်ကောင်း တခုခုလုပ်နိုင်ရင် လုပ်တယ်။ ပြီးမှ ဆက်လုပ်ဖို့ပဲဖြစ်ဖြစ် ပြန်ရုပ်ဖို့ပဲဖြစ်ဖြစ် ခပ်မြန်မြန်ပဲ ဆုံးဖြတ်တယ်။ ဒါပေမယ့် ထရမ့်ရဲ့ ဒီလိုရမ်းကားတဲ့ပုံစံဟာ အီရန်မှာ အလုပ်ဖြစ်ဖို့မလွယ်တာ တွေ့လာရတယ်။  အီရန် ဗဟိုအာဏာချုပ်ကိုင်မှုက အစိုးရအတွင်း အဖွဲ့အစည်းတည်ဆောက်ပုံကို ဗင်နီဇွဲလားထက် ပိုပြီး ကျစ်ကျစ်လျစ်လျစ် ကိုင်တွယ်ထားနိုင်ပုံရတယ်။ ခုထိတော့ နောက်ဆက်ခံမယ့် သား ခါမေနီက တင်းထားနိုင်ဆဲပဲ။

အီရန်ရဲ့ လက်ရှိ စစ်ပွဲရွေးချယ်မှု ပုံစံက အမေရိကန်ကို ရေရှည်မှာ ချိနဲ့သွားစေမယ့်စစ် (War of attrition) လို့ သတ်မှတ်ကြတယ်။ ဒီ မဟာဗျူဟာ အသုံးအနှုံးက အရှေ့အလယ်ပိုင်းအတွက်တော့ အီဂျစ်-အစ္စရေးစစ် (၁၉၆၉-၇၀) နဲ့အတူ ရင်းနှီးပြီးသားပဲဖြစ်တယ်။ (မှတ်ချက် – ၁၉၆၇၊ ၆ ရက်စစ်ပွဲမှာ အစ္စရေးက အီဂျစ်ဆီကနေ ဆိုင်းနိုင်းကျွန်းဆွယ်ကို လိုက်နိုင်တယ်။ အဲဒီနောက်ပိုင်း အီဂျစ်ရဲ့ ဆိုင်းနိုင်းပြန်ရဖို့ ကြိုးပမ်းချက်ကနေ နောက်ထပ်စစ်ပွဲတခု ထပ်ဖြစ်တယ်။ ၂ နှစ်ကြာတဲ့ အဲဒီစစ်မှာ အီဂျစ်ရဲ့မဟာဗျူဟာက ရေရှည်စစ်နဲ့ အစ္စရေးကို တအိအိ ဆွဲချသွားနိုင်ဖို့ ကြံရွယ်တာကို ဆိုလိုတယ်။)

ဒီမဟာဗျူဟာက အီရန်အတွက် ချက်ခြင်းထပြီး အကောင်အထည်ဖော်တဲ့ပုံစံ ဟုတ်ဟန်မတူဘူး။ မနှစ်က ဇွန်မှာ အစ္စရေးက အီရန် နျူကလီးယားစက်ရုံတွေကို ဗုံးကြဲပြီးကတည်းက နောက်တကြိမ်စစ်မှာ ဘယ်လို ပြန်တိုက်ကြမလဲရွေးချယ်ထားကြပုံပေါ်တယ်။ ဒါကြောင့်မို့ ရက်ပိုင်းအတွင်း ဒေသတွင်းမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို ပြန်တိုက်တယ်။ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့တာတွေ ချက်ခြင်းဖြစ်လာတာဖြစ်တယ်။ အီရန်ဟာ အမေရိကန်နဲ့ အစ္စရေးကို အထီးတည်း ခံတိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒေသတွင်း စစ်အသွင်ကို ပြောင်းလိုက်နိုင်ဖို့လိုတယ်။ အရှေ့အလယ်ပိုင်းနဲ့ ရေနံအကျပ်အတည်း ဆိုတဲ့ခေါင်းစဥ်က နိုင်ငံတကာကို ဆွဲသွင်းနိုင်မယ်။ နိုင်ငံတကာနိုင်ငံရေးနဲ့ အထူးသဖြင့် စီးပွားရေးဖိအားရဲ့ဒဏ် အမေရိကန်ဆီ ရောက်ဖို့လိုတယ်။ တပြိုင်နက်တည်းမှာ စရိတ်ကျဥ်းတဲ့ တန်ပြန်တိုက်စစ်တခုကို ဆင်နွှဲနိုင်ဖို့လိုတယ်။ အီရန်ဟာ စစ်ပွဲအတွင်းမှာ သူ့ရဲ့ စျေးပေါတဲ့ ဒရုန်းတွေကို ကောင်းကောင်း အသုံးချနိုင်ခဲ့တယ်။ လက်ရှိမှာ လေကြောင်းနဲ့‌ ရေကြောင်းတိုက်ခိုက်မှုတွေကို ခါးစည်းခံနေပြီး အမေရိကန်ကို မြေပြင်စစ်ပွဲဆင်ဖို့ ဖိတ်ခေါ်နေတဲ့သဘောရှိတယ်။

‘အီရန်စစ်ဟာ ထရမ့်ဘရင်း’
စစ်ပွဲအတွက် ထရမ့်မှာ ပေးစရာ အကြောင်းပြချက် ကောင်းကောင်းမရှိပေမယ့် (အီရန် နျူကလီယားလက်နက် ပိုင်မသွားခင် အရင်ဦးအောင် တိုက်နိုင်ဖို့လိုတယ် ဆိုတာမျိုးက ရွေးကောက်ပွဲ မဲမသမာလို့ အာဏာသိမ်းရပါတယ် ဆိုတာမျိုးပဲ၊ ဘယ်သူမှ လက်မခံဘူး) ဒါကို နိုင်ငံခြားရေးပေါ်လစီ (FP) ရဲ့ ဆောင်းပါးတစောင်က ထောက်ပြထားတာရှိတယ်။ ထရမ့်ဟာ အတိတ်မှာ ပိတ်မိနေသူတွေကို ငါ အသစ်တခု လုပ်ပြမယ်ဆိုတဲ့ သဘောထားမျိုးရှိသူလို့ ဆိုတယ်။ တနည်း စီးပွားရေးရှူထောင့်ကကြည့်ရင် ဒါကို ဘရင်းတည်ဆောက်တယ် (Branding) လို့ခေါ်တယ်။ ကမ္ဘာ့အစီအစဥ်သစ် (New World Order) ကို ထရမ့်ဟာ သူ့အယူအဆနဲ့ ထုတ်လိုသူဖြစ်တယ်လို့ ဒီဆောင်းပါးက သုံးသပ်တယ်။

ထရမ့်ဟာ နိုဘယ်ဆု ရချင်တယ်၊ ဂရင်းလင်းကို လိုချင်တယ်၊ ကနေဒါကို ၅၁ ခုမြောက် ပြည်နယ်အဖြစ် ဖိတ်ခေါ်တယ်။ အမေရိကန်ဗျူရိုကရေစီကို အီလွန်မတ်နဲ့ပေါင်းပြီး မြေလှန်ချင်တယ်။ အစိုးရဌာနတွေရဲ့  လုပ်ပုံကိုင်ပုံတွေကဟောင်းနေပြီ၊ ထိရောက်မှုလည်းမရှိတော့ဘူး၊ ကော်ပိုရိတ် လုပ်ပုံကိုင်ပုံတွေကို ထိုးသွင်းဖို့ ကြိုးစားတယ်။ တကမ္ဘာလုံးမှာ အမေရိကန်ကိုမှီပြီး ထိုင်စားနေတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကို ချောင်ပိတ်ရိုက်ဖို့ ကြိုးစားတယ်။ သို့သော် မအောင်မြင်ခဲ့ဘူး။ ပနားမားကိုရောက်လာတဲ့ တရုတ်ကုမ္ပဏီတွေကို ပြန်ထုတ်တယ်။ တူးမြောင်းကိုတူးတုန်းက အမေရိကန်တွေဖြစ်တယ်၊ တရုတ်က ခုဝင်လာပြီး ဆရာကျချင်လို့ မရဘူးဆိုတဲ့ သဘောဖြစ်တယ်။ တရုတ်က သူ့အိမ်ဘေးက ဗင်နီးဇွဲလားထိကို ရောက်လာပြီး ရေနံတွေ အောက်စျေးနဲ့ လာနှိုက်တယ်။ အီရန်မှာလည်း ဒီသဘောပဲလို့ သူမြင်တယ်။ ပြီးတော့ ရေနံဒေါ်လာစနစ် (Petro Dollar) ကို ကာကွယ်တယ်။ ဒီအပိုင်းကတော့ နောက်ကွယ်မှာ အမေရိကန် ဘတ်ဂျက်လိုငွေ၊ ကမ္ဘာ့ကုန်သွယ်ရေး၊ ဒုတိယသက်တမ်းစခါစက အီလွန်မတ်နဲ့ပေါင်းပြီး DOGE ဖွဲ့တာ၊ အမေရိကန်ကြွေးမြီ စတာတွေနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေတယ်။ အနှစ်ချုပ်တော့ အီရန်စစ်ဟာ အမေရိကန်ဗဟိုပြုတဲ့ အမေရိကန် နိုင်ငံခြားရေးပေါ်လစီထဲကို ထရမ့်ရဲ့ အတ္တ – ego ထည့်သွင်းထားတာပဲဖြစ်တယ်။

ဒါတွေကို ဘယ်သူမှ မတားနိုင်တော့ဘူးလားဆိုတော့ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲတွေအထိတော့ စောင့်ရဖို့ရှိတယ်။ စစ်ပွဲနဲ့ပတ်သက်တဲ့ အရေးပါတဲ့ အမြင်တချို့ကို ကြည့်ရအောင်။

‘စစ်နဲ့ အချိန်’
ယေဘုယျပြောမယ်ဆို အမေရိကန်ဟာ စစ်ကို ကြမ်းကြမ်းတိုက်ပြီး မြန်မြန်ပြီးဖို့ လိုလားတယ်။ တကယ်တမ်းမှာ အီရန်ရဲ့ခံနိုင်ရည် ဘယ်လောက်ရှိမယ် ဘယ်သူမှ  တိတိကျကျ တွက်ဆထားနိုင်စွမ်းမရှိတာ တွေ့ရတယ်။ ဒါပေမယ့် ခါမေနီကျရုံနဲ့ ပြိုလဲမသွားခဲ့ဘူး။ တကယ် စစ်ဖြစ်လာတဲ့အတွက် ပြည်တွင်းအစိုးရ ပြုတ်ကျဖို့ ချီတက်ဆန္ဒပြမှုတွေ ရပ်ဆိုင်းသွားတယ်။ ထရမ့်ပြောသလို စစ်ဟာ တလ သို့မဟုတ် ၂ လလောက်နဲ့ ပြတ်သွားဖို့ဆိုတာ (ချွင်းချက်မရှိ လက်နက်ချဖို့ဆိုတာ) ဖြစ်နိုင်ချေနည်းတယ်လို့ ကျွမ်းကျင်သူအများစုက သုံးသပ်ထားတယ်။

ဒီနေရာမှာ အီရန်ခံစစ်နဲ့ ပတ်သက်လို့ ဂျန်ရွှာချင်း (Jiang Xueqin) ရဲ့ ခန့်မှန်းချက်ကို တချို့ ပြန်ကိုးကားရာကနေ ကျယ်ပြန့်လာသလား စဥ်းစားကြည့်မိတယ်။ သူက ဘေဂျင်းအခြေစိုက် စာရေးဆရာ (ဂျာနယ်လစ်)၊ သမိုင်းပညာရှင်၊ ပညာရေး ပြုပြင်ပြောင်းလဲရေးသမား (တရုတ် ကျောင်းသင်ခန်းစာတွေကို ပြန်စိစစ်သူ)၊ ကနေဒါ-တရုတ်ကပြား၊ ယေးလ်ကနေ အင်္ဂလိပ်စာပေနဲ့ ဘီအေရတယ်။ ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲမတိုင်မီက ခန့်မှန်းချက် ၃ ခု လုပ်ခဲ့ရာမှာ ပထမ ၂ ခုက ကွက်တိနီးပါး မှန်သွားတယ်။ ဒါကြောင့် သူ့ရဲ့ တတိယခန့်မှန်းချက်ကို စိတ်ဝင်စားလာကြတယ်။ သူခန့်မှန်းခဲ့တာက ထရမ့်ဟာ နောက်တကြိမ် အာဏာပြန်ရလာဖို့ရှိတယ်။ ရလာခဲ့ရင် အီရန်နဲ့ စစ်ဖြစ်လိမ့်မယ်။ ဒါ လက်ရှိ မှန်ထားတဲ့ ခန့်မှန်းချက် ၂ ခု။ တတိယခန့်မှန်းချက်က စစ်ဖြစ်ရင် အီရန်ဟာ‌ နောက်ဆုံးမှာ အနိုင်ရလိမ့်မယ်ဆိုတာပဲ။

သူက သူ့ခန့်မှန်းချက်တွေဟာ သမိုင်းမှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ ပုံစံ (Historical pattern) တွေဟာ ပြန်ကျော့လာလေ့ရှိတယ်။ ဒီ ဖြစ်နိုင်ချေရှိတဲ့ ထပ်ကျော့ပုံစံတွေကို ပထဝီနိုင်ငံရေး မျှော်မှန်းချက်၊ ဂိမ်းသီအိုရီတို့နဲ့ ပေါင်းစပ်ပြီး ခန့်မှန်းတယ်လို့ဆိုတယ်။ ဒီတော့ အီရန်နဲ့ အမေရိကန် စစ်ဖြစ်မယ့်ပုံစံဟာ ဘီစီ ၄၀၀ ကျော်က အေသင်အင်ပါယာ စစ်ရှုံးခဲ့တဲ့ ပက်လိုပိုနေးစီးယန်းစစ် (အင်အားကြီး အေသင်စစ်တပ်ကို စပါတာတွေက ပြန်တိုက်ထုတ်နိုင်လိုက်တဲ့‌၊ စစ်ပွဲတခုလုံးကို အလှည့်အပြောင်းဖြစ်စေခဲ့တယ် ဆိုတဲ့စစ်) ကို ရည်ညွှန်းတာ တွေ့ရတယ်။

ဒီ ၂၀၂၄ က ခန့်မှန်းချက် နောက် ခု အီရန်စစ်ဖြစ်နေချိန်မှာ သူဆက်ပြီးသုံးသပ်တဲ့ အီရန်ဘက်ကနေ ဟ ၃ လုံး (ဟူသီ၊ ဟစ်စဘိုလာနဲ့ ဟားမားစ်တွေ) ထပ်လိုက်လာနိုင်မယ် ဆိုတာမျိုးကျတော့ လက်ရှိအဖြစ်အပျက်တွေနဲ့ သိပ်မနီးစပ်တဲ့သဘောဖြစ်ပြီး စစ်ပွဲခန့်မှန်းချက်ကို ဘေဂျင်းအလိုအရ ဆက်မျှောလိုက်နေတဲ့ပုံစံမျိုး တွေ့ရတယ်။ ဒါပေမယ့် အီရန်စစ်ပွဲဟာ အမေရိကန်ရဲ့ အမြန်တိုက်ခိုက်ချေမှုန်းပစ်မယ့် (war of destruction) နဲ့ အီရန်ရဲ့ ရေရှည်ခံစစ်နဲ့ အမေရိကန်ကို တတိတိအမှည့်ချွေမယ့် (war of attrition) ဗျူဟာ ၂ ခု ထိပ်တိုက်တွေ့နေတဲ့ သဘောလို့တော့ ပြောနိုင်တယ်။ ရေနံဘက် ပြန်လှည့်ရအောင်။

‘နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) နဲ့ ဘေဂျင်းထိပ်သီးဆွေးနွေးပွဲ’
IEA က ရေနံစည် သန်းပေါင်း ၄၀၀ ထုတ်ရောင်းပေးမယ်လို့ ဆုံးဖြတ်တယ်။ တက်နေတဲ့စျေးတွေကို ထိန်းထားနိုင်အောင်။ ဒီပမာဏဟာ IEA ထုတ်ရောင်းခဲ့သမျှမှာတော့ အများဆုံးပဲ။ ပင်လယ်ကွေ့ စစ် (၁၉၉၁)၊ ဟာရီကိန်းကာတရီနာ (၂၀၀၅) နဲ့ လစ်ဗျားပြည်တွင်းစစ် (၂၀၁၁) တွေမှာ စည် သန်း ၆၀ စီ၊ ယူကရိန်းစစ် (၂၀၂၂) မှာ သန်း ၁၈၀ ကျော်နဲ့ယှဥ်ရင် ခုထုတ်ရောင်းမယ့် သန်း ၄၀၀ ဆိုတာ မနည်းဘူး။ ဒါပေမယ့် ဟော်မုဇ်ရေလက်ကြားကို တနေ့တနေ့ဖြတ်နေတဲ့ ရေနံစည်ဟာ သန်း ၂၀ လောက်ရှိတယ်။ ဆိုတော့ လက်ရှိ ထုတ်ရောင်းမယ့်နှုန်းက တရက်ကို သန်းဘယ်လောက် ဖြန့်နိုင်မလဲ ဆိုတဲ့မေးခွန်း ကျန်နေသေးသလို လက်ရှိ ထုတ်ရောင်းမယ့်နှုန်းဟာ အလွန်ဆုံး တလလောက် ပိတ်ထားတာကို ကာထားနိုင်မယ်။ (မှတ်ချက် – အရှေ့အလယ်ပိုင်းက ရေနံအများစုဟာ မနှစ်က‌ ဟော်မုဇ်ရေလက်ကြားကိုဖြတ်ပြီး တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားနဲ့ တခြား အာရှဒေသတွေကို ရောက်လာတယ်။ စာရင်းအရ ရေနံစည် သန်းပေါင်း ၆,၀၀၀ နီးပါးဖြစ်တယ်။ ဒီစာရင်းဟာ အမေရိကန် သန်း ၂၀၀ နဲ့ ဥရောပ သန်း ၂၀၀ တို့ထက် အာရှဘက်ကိုလာတာဟာ အများကြီး ပိုများတာ တွေ့ရမယ်။ ဒီစစ်ရဲ့ဒဏ်ကို စီးပွားရေးအရ အာရှဘက်က ပိုခံရဖို့ရှိတယ်)။

ဒီကနေ ကောက်ချက်ချလို့ ရလာတာတခုက အင်အားကြီးနိုင်ငံတွေက အီရန်ကို တလအတွင်း (မတ်လဝက်ကနေ တလအတွင်း) ဟော်မုဇ်ကိုပြန်ဖွင့်ဖို့ ဖိအားပေးနိုင်ဖို့လိုတယ်။ တနည်း အမေရိကန်ရဲ့ လတ်တလောအခြေအနေက ရေနံကုန်သွယ်ရေးလမ်းကြောင်း ပွင့်ဖို့က ပထမ၊ အီရန်အစိုးရ ပြုတ်ကျဖို့က ဒုတိယဖြစ်လာတယ်။ နောက်တချက်က ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ (ဆိုလိုတာ G7 နဲ့ တရုတ်) တို့ရဲ့ ရေနံ အရံအင်အားဟာ ၂ လကနေ ၄ လနီးပါးအထိ ရှိကြတယ်။ ဒီတော့ ရေနံလမ်းကြောင်း ပိတ်ဆို့မှုရဲ့ ခံနိုင်ရည်ဟာ ၂၀၂၆ နှစ်ဝက်အထိထက် မပိုဘူး။

ထရမ့်နဲ့ ရှီကျင်းပင် တရုတ်မှာတွေ့မယ့် ထိပ်သီးဆွေးနွေးပွဲကို ဧပြီကနေ မတ်လကုန်ကို ရှေ့တိုးထားတယ်။ ဒီတော့ အီရန်စစ်ဆိုတာထက် ဟော်မုဇ်ရေလက်ကြားက ပိုအရေးပါတဲ့ခေါင်းစဥ် ဖြစ်လာနိုင်တယ်။ တရုတ်က အီရန်ကို ဖိအားပေးဖို့ သဘောမတူခဲ့ရင် (ဒါမှမဟုတ် အမေရိကန်နဲ့ အပေးအယူလုပ်ဖို့ မအောင်မြင်ခဲ့ရင်) အမေရိကန်နဲ့ အစ္စရေးဟာ နောက်တကြိမ် ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတခုကို ဧပြီလထဲမှာ လုပ်လာနိုင်တယ်။ လတ်တလောမှာ အမေရိကန်လေတပ်က ဟော်မုဇ်မှာ မိုင်းထောင်နေတဲ့ အီရန်သင်္ဘောတွေကို တိုက်ခိုက်နှစ်မြုပ်နေတယ်။ ထရမ့်က မကြာခင်မှာ ဒီလမ်း ပုံမှန် ပြန်ဖြစ်လာပါလိမ့်မယ်လို့ ဆိုတယ်။

အမေရိကန်ဟာ အာဖဂန်စစ်နဲ့ အီရတ်စစ် အတွေ့အကြုံတွေအရ အီရန်မှာ မြေပြင်ထိုးစစ်ဆင်ဖို့ ရွေးချယ်နိုင်စွမ်း နည်းတယ်လို့ ယူဆရတယ်။ ဒါကြောင့် လေကြောင်းတိုက်ပွဲတွေ ဆင်နွှဲရင်းနဲ့ တဘက်မှာ ကာ့ဒ်လူမျိုးစုတွေကို လက်နက်တပ်ပေးပြီး မြေပြင်စစ်ကိုဝင်ဖို့ ရွေးချယ်လာနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေတယ်။ (မှတ်ချက် – Kurds တွေနဲ့ ထရမ့် စကားပြောနေတယ်ဆိုတဲ့ အေပီသတင်းတပုဒ်ရှိတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေကလို့ အတိအကျဆိုတယ်။ ကဒ်တွေဟာ လူဦးရေ သန်း ၃၀ လောက်ရှိပြီး အများစုဟာ တူရကီအရှေ့ဘက်မှာ နေထိုင်ကြတယ်။ အီရန်အနောက်မြောက်ပိုင်း၊ အီရတ်မြောက်ပိုင်းနဲ့ ဆီးရီးယား အရှေ့မြောက်နယ်စပ်တွေမှာ စုစည်းနေထိုင်ကြတဲ့ နိုင်ငံမဲ့ လူမျိုးစုတခုဖြစ်တယ်။ ကာ့ဒ်တွေရဲ့ အီရန် မြေပြင်ထိုးစစ်ဟာ အလွန်ဖြစ်နိုင်ချေရှိပေမယ့်၊ အီရန်ကိုတိုက်ဖို့ ကာ့ဒ်တွေကို လက်နက်တပ်ဆင်‌ပေးမယ် ဆိုပေမယ့် တူရကီ (နေတိုးအဖွဲ့ဝင်) က ရေရှည်မှာ သူ့နိုင်ငံထဲမှာရှိတဲ့ ကာ့ဒ်တွေအထိ ဒီလက်နက်တွေ ပျံ့နှံ့လာမှာကို မလိုလားလို့ အမေရိကန်ကို ကန့်ကွက်နေတယ်)။

ဒီတော့ အီရန်စစ်မှာ အမေရိကန်ရဲ့ သဘောထားဟာ ၁ – ဟော်မုဇ်ရေလက်ကြား ပြန်ပွင့်ဖို့၊ ၂ – အီရန်ရဲ့ နျူအစီအစဥ်နဲ့ စစ်အင်အားကို အတတ်နိုင်ဆုံး တိုက်ခိုက် လျှော့ချပစ်ဖို့နဲ့ ၃ – အီရန်အစိုးရ အပြောင်းအလဲဆိုတဲ့ အစီအစဥ်အတိုင်း ဖြစ်လာဖို့ရှိတယ်လို့ ယူဆတယ်။ ဒီ့အတွက် အချိန်ကာလကို နိုဝင်ဘာရွေးကောက်ပွဲ (ဒီမိုကရက်တွေ အောက်လွှတ်တော်နဲ့ ဆီးနိတ်ကို ပြန်အနိုင်မရခင်) နဲ့ ချိန်ဆကြည့်ကြဖို့ရှိတယ်။

နိုဝင်ဘာမတိုင်ခင် စစ်ပြီးဖို့ဆိုတာ အီရန် လက်နက်ချမှပဲဖြစ်မယ်။ ဒီအနေအထားက မဖြစ်နိုင်တာမျိုး မဟုတ်ပေမယ့် ဖြစ်နိုင်ချေ နည်းမယ်။ မြေပြင်ထိုးစစ်နဲ့ လက်ရှိအစိုးရ ပြုတ်ကျဖို့ကလည်း ဒီသဘောပါပဲ။ ဒီတော့ နံပတ် ၁ နဲ့ နံပတ် ၂ ကိုပဲ အမေရိကန်ဘက်က ဦးစားပေး ရွေးချယ်၊ ငါတို့ အနိုင်ရပြီလို့ သတ်မှတ်ပြီး နိုင်ငံရေးအရ ပြန်ဆုတ်သွားတာဟာ လက်ရှိအနေအထားက ကြည့်ရင် ဖြစ်နိုင်ချေအရှိဆုံးလို့ ထင်ရတယ်။

ဒီလိုသာဖြစ်ခဲ့ရင် အီရန်ဟာ စစ်ပွဲရဲ့ဒဏ်တွေကို ရည်ရှည် ပြန်ကုစားရဖို့ရှိတယ်။ ပြည်တွင်းစစ်နဲ့ အစိုးရပြုတ်ကျရေးလှုပ်ရှားမှုတွေကို ရင်ဆိုင်ရမယ်။  အရှေ့အလယ်ပိုင်း အင်အားချိန်ခွင်လျှာနဲ့ နိုင်ငံရေးချိန်ခွင်လျှာဟာ ပြောင်းလဲသွားမယ်။ ဒေသတွင်း မတည်ငြိမ်မှုတွေဟာ တခြား ကမ္ဘာ့နိုင်ငံရေးကို ဆက်စပ်ပြောင်းလဲဖို့ သက်ရောက်မှုတွေ ရှိလာမယ်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment